ဆန္ဒပြခွင့်အရေး ဆွေးနွေးရန် ပြည်သူ့လွှတ်တော်၌ အမတ် ၆၀ ကျော် စာရင်းပေးထား

ဉာဏ်လှိုင်လင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်အတွင်း ဒုတိယအကြိမ် ပြင်ရန်ကြိုးပမ်းနေသည့် ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ပါဝင်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်အမတ် ၆၀ ဦးကျော်က စာရင်းပေးထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့ ညနေလေးနာရီမတိုင်မီ စာရင်းပေးရန် နှိုးဆော်ထားခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲအချိန်၌ သက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းရာတွင် လာရောက် စာရင်းပေးသွင်းပြီးသူ ၆၀ ဦးကျော် ရှိပြီဖြစ်ကြောင်း Frontier ကအတည်ပြု သိရခြင်းဖြစ်သည်။

သို့သော် ပြည်သူ့လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လွှတ်တော်၌ ဆွေးနွေးကြသည့်အခါ ယခု စာရင်းပေးသွင်းထားသည့် အမတ်အားလုံး ပါဝင်လာမည်တော့မည် မဟုတ်ပေ။

ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးလိုကြောင်း အမည်စာရင်း တင်သွင်းထားသူများသည် လွှတ်တော်တွင်း ဆွေးနွေးမည့်နေ့မတိုင်မီ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီနှင့် ဦးစွာတွေ့ဆုံ၍ ကြားနာမှု ပြုလုပ်ရဦးမည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပြင်ချင်တာ၊ ပြုချင်တာတွေကို ဥပဒေကြမ်းကော်မတီက လက်ခံရင် အဲဒီကြားနာမှုမှာ ပြီးသွားမယ်။ ဒါမှမဟုတ် ကော်မတီနဲ့တွေ့တဲ့အချိန် ကိုယ့်တင်ပြချက်ကို လျှော့ပေးလိုက်တယ်ဆိုရင်လည်း အဲဒီမှာတင် ပြီးသွားမယ်။ သို့သော် ဥပဒေကြမ်းကော်မတီကလည်း လျှော့မပေးဘူး၊ ပြင်ချင်တဲ့သူကလည်း လျှော့မပေးဘူးဆိုရင်တော့ လွှတ်တော်မှာ ဆွေးနွေးတဲ့အထဲ ပါလာမယ်”ဟု မင်းကင်းအမတ် ဦးမောင်မြင့်က Frontier ကို ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဝင်တစ်ဦးဖြစ်သူ ဦးမောင်မြင့်ကိုယ်တိုင် ပြင်ဆင်လိုချက် နှစ်ချက် တင်သွင်းထားသည်ဟု သိရသော်လည်း ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရခြင်း မရှိသေး၍ အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ထို့အတူ စာရင်းပေးရာတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီ(ANP)ဝင်အချို့ကလည်း ၎င်းတို့၏ ရပ်တည်ချက်ကို လတ်တလော ထုတ်ဖော် ပြောကြားရန် ငြင်းဆိုထားသည်။

ယနေ့စာရင်းပေးမှုအတွင်း တပ်မတော်သား အများအပြား ပါဝင်သည်ဟု ကြားသိရသည့်အတွက် ပြည်သူ့လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများထံမှ မှတ်ချက်တစ်စုံတစ်ရာရရှိရန် Frontier က ကြိုးပမ်းခဲ့သော်လည်း မနက်ဖြန်တွင် ဖြေဆိုကောင်း ဖြေဆိုနိုင်မည်ဟူသော တုံ့ပြန်ချက်တစ်ရပ်သာ လက်ခံရရှိထားသည်။

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီတွင်း ကြားနာမည့်နေ့ရက်၊ လွှတ်တော်တွင်း ဆွေးနွေးမည့် နေ့ရက်တို့ကို သိရှိနိုင်ရန် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် (NLD)၊ အတွင်းရေးမှူး ဦးစတီဖန် (USDP)တို့ကို Frontier က ဆက်သွယ်နေသော်လည်း မရရှိသေးပေ။

ယခုဆွေးနွေးကြမည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး စီတန်း လှည့်လည်လိုလျှင် အစီအစဉ်အပြည့်အစုံ တင်ပြရန်၊ ခန့်မှန်းကုန်ကျစရိတ် ကုန်ကျခံမည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကို ဖော်ပြရန်၊ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေနှင့် မဆန့်ကျင်ရန် စသည်တို့ ပါဝင်သည်။ ယင်းအပြင် ပြည်သူတို့၏ ကိုယ်ကျင့်တရား ပျက်ပြားစေရန် အကြံနှင့် ဖြစ်စေ၊ ပျက်ပြားတန်ရာ အခြေအနေ ဖြစ်နိုင်ကြောင်းသိလျှက် ဖြစ်စေ ငွေ၊ ပစ္စည်း၊ အခြားနည်းလမ်းတစ်ခုခု သုံးစွဲပြီး အခြားသူကို ဆန္ဒပြရန် လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်း၊ တိုက်တွန်းလျှင်၊ ယင်းသို့လုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် နှစ်နှစ် ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပါဝင်သည်။

အဆိုပါ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေသည် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကနဦးကာလဟု ခေါ်ဆိုနိုင်သည့် ပြည်ထောင်စုလွှတ်တော် သက်တမ်းအစပိုင်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ရပ်ဖြစ်သည်။

မူလဥပဒေပြဋ္ဌာန်းစဉ်က ဆန္ဒပြလိုလျှင် ခွင့်ပြုမိန့်တောင်းရန်လိုသည့်အခြေအနေမှ ခွင့်ပြုချက်ယူရန်၊ ၄၈ နာရီ ကြိုတင် အကြောင်းကြားရုံဖြင့် ဆန္ဒပြခွင့်ပြုရန် စသည့် ပြုပြင်မှုများကို ၂၀၁၄ ခုနှစ်၊ ဇွန် ၄ ရက်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ရက်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ဖူးသည်။

ယခုတတိယအကြိမ် ပြင်ဆင်ချက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စတင်တင်သွင်းခဲ့စဉ်ကတည်းက လွတ်လပ်ခွင့်များ တိုးမလာဘဲ ပြန်လည်ချုပ်ခြယ်သည့်သဘောသက်ရောက်နေ၍ လက်မခံနိုင်ကြောင်း မတ် ၅ ရက်၌ ရန်ကုန်မြို့တွင် အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်သူများ ပူးပေါင်းကန့်ကွက်ဆန္ဒပြမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar