“စိန်ခေါ်မှုများကို မဖြေရှင်းနိုင်ပါက ပဋ္ဋိပက္ခအသွင် ဆောင်လာနိုင်”- ဦးတင်ဦး

ရန်ကုန်၊ စက်တင်ဘာ ၂၇

တိုင်းပြည်တွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို မဖြေရှင်းနိုင်ပါက ပဋိပက္ခအသွင်ဆောင်မှုများကို ရင်ဆိုင်ရလာနိုင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ သဘာပတိ ဦးတင်ဦးက သတိပေးလိုက်သည်။

“စိန်ခေါ်မှုများကို မဖြေရှင်းနိုင်ရင်၊ အခွင့်အလမ်းများကို မရှာဖွေနိုင်ရင် ပဋိပက္ခအသွင်ဆောင်မှုကို ရင်ဆိုင်ရလေ့ရှိပါတယ်” ဟု ဦးတင်ဦးက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ၏ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့သလို မြန်မာနိုင်ငံ အင်အားအကြီးဆုံးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်သည့် ဦးတင်ဦးက ၎င်းတို့ပါတီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေး ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။

“အမျိုးသားရင်ကြားစေ့ရေးကိစ္စ မအောင်မြင်ဘဲနဲ့တော့ ဘယ်လိုပြုပြင်ပြောင်းလဲရေးမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီအာဏာရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် ပါတီ၏ နှစ်ပတ်လည်အခမ်းအနားသို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်သို့ နှစ်ပတ်ကြာ ခရီးသွားရောက်ခဲ့ပြီး နောက် စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီးချိန်မှစတင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လူအများစိုးရိမ်နေသကဲ့သို ့ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ပြင်းထန်ခြင်းမရှိဘဲ ခရီးပန်းခြင်းကြောင့်သာ အနားယူနေခြင်းဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့သည်။

“ဒီတစ်ပတ်တော့ နားမယ်လို့ သိရတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကပြောသည်။

ယခင်နှစ်များက စည်ကားစွာကျင်းပလေ့ရှိသည့် ပါတီ၏ နှစ်ပတ်လည်အခမ်းအနားသည် ယခုနှစ်တွင် ကျင်းပချိန် စုစုပေါင်း ၁၈ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ပါတီဝင်များ တက်ရောက်ခဲ့ကြသော်လည်း ပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန် တက်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar