မဲဆန္ဒနယ်ငါးခုက ရွေးကောက်ပွဲအခြေအနေ

ပျော်ဘွယ်

ယခုနှစ်တွင် ဇွန်၁၉ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၅နှစ်မြောက်မွေးနေ့ကို ကြိုဆိုသည့်အမှတ်အသားပါသော မျက်နှာစွပ်မာ့စ်ခ် တပ်ဆင်ထားသော ပျော်ဘွယ်မြို့သားတစ်ဦးကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

မမျှော်လင့်တဲ့အရှုံးကြောင့် ရှော့ခ်ရတဲ့ ပျော်ဘွယ်က ပြည်ခိုင်ဖြိုးပါတီဝင်များ

အမျိုးသားရေးဝါဒီများကြီးစိုးခဲ့ရာနေရာဖြစ်သော ပျော်ဘွယ်မြို့နယ်တွင် ပါတီကြီးနှစ်ခုကြား ပြင်းထန်သောရွေးကောက်ပွဲယှဉ်ပြိုင်မှုအပြီး ရှုံးနိမ့်ခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းဆန်ခဲ့ကြသည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

“မဲရလဒ်တွေရေနေတဲ့အချိန်တုန်းက ကျွန်တော့်မှာ ထိုင်လိုက်ထလိုက်နဲ့ ဂနာကို မငြိမ်ဘူး။ အခုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်သွားပြီဆိုတော့ ကျွန်တော့်စီးပွားရေးကို ပြန်အာရုံစိုက်တော့မယ်” ဟုဆိုသူက အင်န်အယ်ဒီပါတီ အောင်နိုင်ရေးအတွက်ဝန်းရံခဲ့သူ ပျော်ဘွယ်မြို့သားကိုထွန်းမင်း ဖြစ်သည်။

အသက် ၃၆နှစ်ရှိပြီဖြစ်သည့် ကိုထွန်းမင်းသည် ပျော်ဘွယ်မြို့တွင် ဈေးဆိုင်ဖွင့်လှစ်ထားသော ကုန်သည်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲမဲဆွယ်ကာလတည်းက အင်န်အယ်ဒီပါတီ အောင်နိုင်ရေး အတွက် ကျေးရွာအနှံ့ လိုက်ပါစည်းရုံးခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးကျပ်တည်းသည့် အချိန်ဖြစ်သည့်တိုင် မိသားစုစီးပွားရေးလုပ်ငန်းကို ဇနီးဖြစ်သူကို ဝကွက်အပ်၍ ပါတီအောင်နိုင်ရေးတွင် စိတ်ရောလူပါ နှစ်မြုပ်ကာ အချိန်ပေးခဲ့သည်။

ကိုထွန်းမင်းတို့ကဲ့သို့ ပါတီဝန်းရံသူများ၏ အချိန်ကုန်လူပင်ပန်းရကျိုးနပ်သည်ဟု ဆိုရမည်ဖြစ်သည်။ နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ပျော်ဘွယ်မြို့ရှိ လွှတ်တော်မဲဆန္ဒနယ်အရပ်ရပ်တွင် ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရရှိခဲ့သည်။

အင်န်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်းများက မဲအရေအတွက် ၅၅နှင့် ၅၈ရာခိုင်နှုန်းအကြား အသီးသီးရရှိခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများက ၄၀နှင့်၄၄ ရာခိုင်နှုန်းအကြားသာ ရရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မြေပုံ။ (Thibi အဖွဲ့ ဖန်တီးသည်။)

ရွေးကောက်ပွဲမတိုင်ခင်ကာလက ပျော်ဘွယ်မြို့ရှိ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများက ဒေသခံများသည် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျော့နည်းနေသည်ဟု ဆိုခဲ့ကြသည့်တိုင် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၈၀ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဟု ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းဇယားများက ဆိုသည်။

“ပိုက်ဆံက အချိန်မရွေးပြန်ရှာလို့ရတယ်။ ဒါပေမဲ့ အကယ်၍ ပျော်ဘွယ်မှာ အင်န်အယ်ဒီထပ်ရှုံးရင် နောက်ငါးနှစ်တောင် စောင့်ရမှာ။ အလဲအလှယ်က ထိုက်တန်တာထက်တောင် ပိုပါသေးတယ်”ဟု ကိုထွန်းမင်းက အခိုင်အမာဆိုသည်။

လွှတ်တော်မဲဆန္ဒနယ်အားလုံး အနိုင်ရသည့်အထိမ်းအမှတ်အဖြစ် ရွေးကောက်ပွဲနေ့အပြီး နိုဝင်ဘာ၁၀ရက်တွင် ပါတီဝန်းရံထောက်ခံသူ ထောင်ပေါင်းများစွာက မြို့အတွင်းသို့ ယာဉ်တန်းများဖြင့် လှည့်လည်ကာ အောင်ပွဲခံခဲ့သည်။ ထို့ပြင် စတုဒီသာများကျွေးမွေးခြင်း အစီအစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။

အင်န်အယ်လ်ဒီပါတီက ပျော်ဘွယ်တွင်သာမက ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေများဖြစ်သော မိတ္ထီလာ၊ ရမည်းသင်းနှင့် သာစည်မြို့နယ်များတွင်ပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၂၀၁၅တွင် အဆိုပါမြို့နယ်များရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် အင်န်အယ်လ်ဒီပါတီက ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သဖြင့် ယင်းကိုအစွဲပြု၍ ၎င်းတို့ကို “ပြည်ခိုင်ဖြိုးမြို့လေးမြို့”ဟု နိုင်ငံရေးစကားဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။

ထို့ပြင် ထိုမြို့နယ်များတွင် ၂၀၁၅ရွေးကောက်ပွဲမတိုင်ခင်က အမျိုးသားရေးလှုပ်ရှားမှုများ အားကောင်းခဲ့ပြီး အင်န်အယ်လ်ဒီပါတီကို ပစ်မှတ်ထား၍ ဘာသာရေးသွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သည်။ ယင်းသွေးထိုးလှုံ့ဆော်မှုများကြောင့်ပင် ပြည်ခိုင်ဖြိုးက ၂၀၁၅ရွေးကောက်ပွဲတွင် အဆိုပါမြို့နယ်လေးခုလုံးတွင် အောင်ပွဲဆင်ခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီဝင်များက တစ်ထစ်ချယုံကြည်နေသည်။

ကိုဗစ်-၁၉ကာကွယ်ရန် မျက်နှာအကာဝတ်ဆင်ထားသော ဈေးသည်အမျိုးသမီးတစ်ဦးကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

နိုဝင်ဘာ၈ရက်တွင် အင်န်အယ်လ်ဒီပါတီက ပြည်ခိုင်ဖြိုး၏အမာခံလေးမြို့စလုံးရှိ မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရရှိခဲ့ခြင်းသည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများအဖို့ လုံးဝမမျှော်လင့် ထားသည့်ရလဒ်ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အရှုံးရလဒ်ကို လက်ခံရန်ငြင်းဆန်ခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုများရှိသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာများ တင်သွင်းခဲ့ကြသည်။

ပျော်ဘွယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အင်န်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမောင်ကို မဲကွာဟချက် ၂၄,၀၀၀ကျော်ဖြင့် ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်နှင့် လက်ရှိပျော်ဘွယ်ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက မမျှော်လင့်ထားသော မဲရလဒ်ကြောင့် မယုံကြည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။

“မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကနေ ပုံစံ-၁၆ (မဲရုံများမှ ပေးပို့ထားသော မဲအရေအတွက်ဖောင်) တွေကို ကူးယူခွင့်တောင်းထားတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ပေါ့။ ဒါက ပြည်သူရဲ့တကယ့်ရွေးချယ်မှုဟုတ်၊ မဟုတ်အပေါ်ကို ကျွန်တော်တို့ သံသယရှိပါတယ်”ဟု ၎င်းက ပြောသည်။

မဲရလဒ်ကို လက်မခံနိုင်သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအနိုင်အရှုံး ကြေညာလွှာ ပုံစံ-၁၉ကို လက်မှတ်ထိုးရန် ငြင်းဆန်ပျက်ကွက်ခဲ့သော်လည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာ၁၀ရက်တွင် ပုံစံ ၁၉ များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပြီးဖြစ်သည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသီးသီးက ရရှိခဲ့သည့် မဲရလဒ်များဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က ကိုယ်စားလောင်းများက ပုံစံ-၁၉တွင် လက်မှတ်မရေးထိုးသည့်တိုင် ဥပဒေအရ အတည်ပြုပြီး အနိုင်အရှုံးရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ပုံစံ-၁၆ ကူးယူခွင့် ပြု၊ မပြုက ယူအီးစီ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ခရိုင်ကော်မရှင်ကနေတစ်ဆင့် တင်ပြပေးထားတယ်။ ယူအီးစီက ခွင့်ပြုရင်တော့ ကူးပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက နိုဝင်ဘာ၁၈ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး မဲလိမ်မဲခိုးမှုအပြင် အခြားတရားမဲ့ပြုကျင့်မှုများရှိခဲ့သဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားသော တောင်းဆိုချက်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲကို တပ်မတော် အကူအညီဖြင့် ပြန်လည်ကျင်းပရန်လည်း ဦးသောင်းအေးက တောင်းဆိုခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကလည်း အင်န်အယ်လ်ဒီပါတီသည် အစိုးရလုပ်ပိုင်ခွင့်ကို အသုံးချ၍ ရွေးကောက်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ချိန်တွင် ကျေးရွာများ၌ လမ်းပြုပြင်ခြင်းကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ရွာသူရွာသားများကို မဲထည့်ရန် စည်းရုံးခဲ့သည်ဟုဆိုသည်။

“ရွေးကောက်ပွဲလုပ်ဖို့ ရက်၂၀လောက်လိုမှ လမ်းပြင်တာတွေ၊ တံတားဆောက်တာတွေကို ကပ်လုပ်သွားတယ်။ ပြီးတော့ အင်န်အယ်ဒီပါတီဝင်တွေက ရွာတွေမှာ ဘုန်းကြီးကျောင်းတွေကို လှူတာ၊ တန်းတာတွေလုပ်သွားတယ်လို့ ကြားရတယ်။ ဒါတွေကို မရိုးမသားလုပ်တာတွေပဲလေ။ မဲမသမာမှုပဲပေါ့”ဟု ဦးမြင့်စိုးကပြောသည်။

ယင်းသို့စွပ်စွဲချက်များအတွက် ၎င်းတို့တွင် ခိုင်လုံသော သက်သေမရှိသည့်တိုင် လက်ဝယ်ရှိသော သက်သေများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တရားမဲ့ပြုကျင့်မှု ကန့်ကွက်လွှာတင်သွင်းသွားမည်ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲဥပဒေများအရ ရလဒ်များနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ရွေးကောက်ပွဲအနိုင်အရှုံး ကြေညာသည့်ရက်မှစ၍ ၄၅ရက်အတွင်း ငွေကျပ်ငါးသိန်းပေးသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းသည့်ခုံရုံးတွင် အမှုကို စစ်ဆေးနိုင်သည်။

အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဦးတည်သည့် ကန့်ကွက်မှုဖြစ်ပါကကန့်ကွက်ချက်ပါ တရားမဲ့ပြုကျင့်မှုများ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်လျှင် လက်ရှိအနိုင်ရသူအဖြစ် ကြေညာခံထားရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရရှိသူက အလိုအလျောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်သည်။

ပျော်ဘွယ်မြို့နယ်အတွင်း ကျေးလက်တစ်နေရာရှိ ဒေသခံမိသားစုတစ်စု၏ နေအိမ်ကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပျော်ဘွယ်မြို့နယ် အင်န်အယ်ဒီပါတီဥက္ကဋ္ဌဦးအေးချိုက ပြည်ခိုင်ဖြိုးပါတီ၏ စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး ကန့်ကွက်ခံရပါက ဖြေရှင်းရန်အသင့်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲသည့် ရွေးကောက်ပွဲနီးမှလုပ်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အစိုးရ၏ စီမံကိန်းများ မဟုတ်ဘဲ လုပ်ပိုင်ခွင့်တင်ဒါအောင်သည့် ကုမ္ပဏီများက ခွင့်ပြုထားသည့် အချိန်ကာလတွင် အကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ဦးအေးချိုကဆိုသည်။

“ဒီစွပ်စွဲချက်တွေက ကလေးကလားဆန်ပါတယ်။ ဒါမျိုးတွေ ပြောနေတာတွေကိုရပ်ပြီး သူတိုအနေနဲ့ ကော်မရှင်ခုံရုံးမှာ အမှုတည်ဆောက်သင့်တယ်။ ကန်ထရိုက်တာတွေက သူတို့အလုပ် သူတို့လုပ်နေတာ ဒါလူတိုင်းသိကြတယ်။ သူတို့ပြောနေ ဆိုနေတာတွေက အဓိပ္ပါယ်မရှိဘူး”ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲရှုံးနိမ့်သူ ဦးမြင့်စိုးက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးခဲ့သူအများအပြား မဲစာရင်းတွင် ပါမလာခြင်းကလည်း ပါတီအတွက် အဓိကထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့လည်း သူတို့ကို မဲစာရင်းသွားကြည့်ဖို့ ခဏခဏပြောတယ်။ ဒါပေမဲ့ အများစုက ပညာမတတ်ကြတော့ ကြည့်ရကောင်းမှန်းမသိဘဲ မဲစာရင်းတွေမှာ အမည်ကျန်တာတွေ အများကြီး တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ရွေးကောက်ပွဲမတိုင်ခင်က မဲစာရင်းများကို သုံးကြိမ်တိုင်တိုင် ကြေညာ၍ မဲစာရင်းစစ်ဆေးရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက မိမိ၏တာဝန်သာဖြစ်ကြောင်း ထိုစဉ်က အသိပေးပြောကြားခဲ့သည်။ ပထမအကြိမ် မဲစာရင်းကြေညာစဉ်က မဲဆန္ဒရှင်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းကသာ မဲစာရင်း လာရောက်စစ်ဆေးခဲ့ကြောင်း ပျော်ဘွယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုးမြင့်ကဆိုသည်။

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသည့် ပျော်ဘွယ်မြို့က မဲဆန္ဒရှင်အရေအတွက် ရာခိုင်နှုန်းဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။)

ယခုအကြိမ်တွင် ကျေးရွာအချို့၌ အင်န်အယ်ဒီပါတီက မဲအားဖြင့်ရှုံးနိမ့်ခဲ့သော်လည်း မြို့နယ်တစ်ခုလုံးတွင် မဲရေအတွက်သာလွန်သဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ပါတီအောင်နိုင်ရေးအတွက် ထောက်ခံမဲပေးသည့် မဲဆန္ဒရှင်များကို ကျေးဇူးတင်ကြောင်း ဦးအေးချိုကဆိုသည်။ ၎င်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြင့်စိုးကို ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်တွင် အနိုင်ရရှိခဲ့သည်။

“ကျေးရွာတချို့မှာ အင်န်အယ်ဒီပါတီရှုံးတယ်ဆိုပေမဲ့ မဲကွာဟချက်က နည်းနည်းလေးတွေနဲ့ ရှုံးတာပါ။ ၂၀၁၅နဲ့နှိုင်းယှဉ်ရင် တိုးတက်ပြောင်းလဲမှုက အရမ်းသိသာပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အင်န်အယ်လ်ဒီပါတီအပေါ် ပစ်မှတ်ထား၍ ဘာသာရေးမှိုင်းတိုက်ခဲ့သဖြင့် ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့သည်ဆိုသည့် ယူဆချက်မှာ ပိုမိုခိုင်မာ လာသည်ဟု ဦးအေးချိုကဆိုသည်။

“ရွာသူရွာသားတွေက မအတော့ဘူး။ အသိပညာတွေ ပွင့်လင်းလာကြပြီ။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက မရိုးသားတဲ့လူတွေရဲ့ မှိုင်းတိုက်မှုတွေကို ခံခဲ့ရတာပေါ့။ အခုကျတော့ အင်န်အယ်ဒီအစိုးရက အရင်အစိုးရတွေလို လက်နက်နဲ့ အာဏာနဲ့အုပ်ချုပ်တာမဟုတ်ဘဲ မေတ္တာနဲ့အုပ်ချုပ်တာဆိုတာ ပြည်သူတွေက သိနားလည်သွားကြပြီ”ဟု ဦးအေးချိုက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေများအနက် တစ်ခုဖြစ်သော ပျော်ဘွယ်မြို့အတွင်းက အင်န်အယ်လ်ဒီပါတီ၏ မဲဆွယ်ကြော်ငြာဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ကိုဗစ်ထက် ကောလာဟလ အန္တရာယ်ကို စိုးရိမ်နေကြတဲ့ ပျော်ဘွယ်က မဲဆန္ဒရှင်များ

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ အမာခံမဲဆန္ဒနယ်တစ်ခုဖြစ်သော ပျော်ဘွယ်မြို့နယ်တွင် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် လူမျိုးရေးအခြေခံအမုန်းပွားစေနိုင်သော ကောလဟာလများပျံ့နှံ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဖရွန်းတီးယားမြန်မာက လာမယ့်ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်တော့မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံသို့မဲလာပေးရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်နိုင်ခြေများကို မြန်မာနိုင်ငံနေရာအတော်များများတွင် စိုးရိမ်နေကြသော်လည်း ပျော်ဘွယ်မြို့နယ်တွင်မူ ကိုဗစ်ကပ်ရောဂါထက် လူမျိုးရေးပဋိပက္ခဆီကို ဦးတည်နိုင်သည့် ကောလဟာလများပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြသည်။

၂၀၁၅ ရွေးကောက်ပွဲကာလတွင် တွေ့ကြုံခဲ့ရဖူးသော ကောလဟာလ အခင်းအကျင်းများက ပျော်ဘွယ်မြို့နယ်ကို အရိပ်လွှမ်းမိုးနေဆဲဖြစ်သည်။ ၂၀၁၅၊ နိုဝင်ဘာ ၈ရက် မတိုင်ခင်ညတွင် အမျိုးသားရေးလှုံ့ဆော်သည့် စာသားများအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီပါတီ) ကို  မွတ်စလင်ပါတီဖြစ်ခြင်းကြောင့် မဲမပေးရန်နှင့် လှုံ့ဆော်ထားသော လက်ကမ်းစာစောင်များကို ပျော်ဘွယ်မြို့အနှံ့တွင် အမည်မသိလူများက လာရောက်ဖြန့်ကျဲခဲ့သည်။

ထို့ပြင် “အမျိုးသာသနာကို စောင့်ရှောက်သော” စစ်တပ်နှင့်မဟာမိတ်သဖွယ်ဖြစ်သည့် “ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးရန်” အဆိုပါလက်ကမ်းစာဆောင်များတွင် ရေးသားထားသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ထိုစဉ်က ရွေးကေက်ပွဲကာလအတွင်း အလားတူ လှုံ့ဆော်ဝါဒဖြန့်မှုများ ရှိခဲ့သည်။

ပျော်ဘွယ်မြို့နယ်သည် ပြည်ခိုင်ဖြိုးပါတီကြီးစိုးရာ အလယ်ပိုင်းဒေသမြို့နယ် လေးမြို့နယ်အနက်တစ်ခုဖြစ်ပြီး အဆိုပါဒေသများသည် လူမျိုးရေးတက်ကြွလှုပ်ရှားသူများ၏ အမာခံနယ်မြေများလည်း ဖြစ်သည်။ ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီက ပျော်ဘွယ်မြို့နယ်ရှိ လွှတ်တော်မဲဆန္ဒနယ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်မြေပုံ။ (Thibi အဖွဲ့ဖန်တီးသည်)

၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီတစ်ရက်တွင် လူမှုကွန်ရက်တွင် ပျံ့နှံခဲ့သော သတင်းတစ်ပုဒ်ကို ယခုအထိ မှတ်မိနေသေးသည်ဟု ပျော်ဘွယ်မြို့နယ်အခြေစိုက် ငြိမ်းချမ်းရေးကွန်ရက်ဖိုရမ် အဖွဲ့ဝင် ကိုနေဇာလင်းက ဆိုသည်။ မန္တလေးမြို့၏ “မဟာမြတ်မုနိဘုရားကြီး သွေးမျက်ရည်ကျသည်”ဟူသော အွန်လိုင်းသတင်းတစ်ပုဒ်ကြောင့် လူအများ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။ ထိုစဉ်က အမျိုးသားရေးအမည်ခံ လှုပ်ရှားသူများက အင်န်အယ်လ်ဒီပါတီအနိုင်ရပါက ဗုဒ္ဓဘာသာပျောက်ကွယ်သွားမည့် နိမိတ်ဖြစ်သည်ဟု ပြန်လည်ဝါဒဖြန့်ခဲ့ကြသည်။

“၂၀၁၅ မှာ ကောလာဟလတွေက ဘာသာရေးကိုင်းရှိုင်းကြတဲ့ ရွာသူရွာသားတွေအပေါ် အတော်လေးကို ရိုက်ခတ်မှုရှိခဲ့တယ်။ မဲရုံသွားတဲ့လမ်းတွေပေါ်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ကျဲထားတာတွေ ကြုံခဲ့ရတယ်။ ဒါတွေက မဲဆန္ဒရှင်တွေရဲ့ အသိတွေကို အနည်းနဲ့အများ ပြောင်းပစ်လိုက်တာပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် အင်န်အယ်ဒီပါတီ၏ မဲဆွယ်ဆောင်ပုဒ်ကို ရည်ညွန်းထားသည့် “ပြောင်းလဲချိန်တန်တာမှန်ပေမဲ့ အင်န်အယ်ဒီပါတီနဲ့တော့ မဟုတ်ဘူး” “ပြည်ခိုင်ဖြိုးပါတီက မကောင်းပေမဲ့ ကုလားပါတီလောက်တော့ မဆိုးဘူး” အစရှိသည့် လူမျိုးရေးအမုန်းတရားများပါဝင်သည့် စာသားများ ပါဝင်သည်။

အဆိုပါ ဘာသာရေးဆိုင်ရာကောလာဟလများက ပျော်ဘွယ်တွင် အင်န်အယ်ဒီရှုံးနိမ့်ရသည့် အချက်တစ်ချက်ဖြစ်သည်ဟု အင်န်အယ်ဒီပါတီဝင်များနှင့် ဝန်းရံသူများက ယုံကြည်ကြသော်လည်း ပြည်ခိုင်ဖြိုးပါတီကမူ ယင်းအချက်ကို ငြင်းဆိုခဲ့သည်။

ပျော်ဘွယ် ပြည်သူ့လွှတ်တော်နေရာအတွက် ထပ်မံယှဥ်ပြိုင်သွားမည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးသောင်းအေးက ၎င်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အမျိုးသားရေးသမားတွေ၊ မဘသတွေကြောင့် နိုင်တာမဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။

ပျော်ဘွယ်မြို့နယ် အင်န်အယ်ဒီပါတီ လူငယ်တာဝန်ခံ ကိုသတိုးဆွေက ၎င်းတို့၏ မြို့လေးတွင် ဒေသခံများသည် လတ်တလောဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကို မစိုးရိမ်ဘဲ လူမျိုးရေး ကောလာဟလများ ပြန်လည်ကြီးစိုးလာမည်ကိုသာ စိုးရိမ်နေကြသည်ဟုဆိုသည်။

“အစောပိုင်းက မြို့ထဲမှာ လူမျိုးရေးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်တော့မယ်လို့ ကောလာဟလတွေ ထွက်လိုက်သေးတယ်။ အခုတော့ ငြိမ်သွားတယ်ဆိုပေမဲ့ ရွေးကောက်ပွဲရက်နီးရင် ဒါတွေထပ်မပေါ်လာဖို့ ကျွန်တော်တို့ကတော့ စောင့်ကြည့်နေပါတယ်”ဟု ၎င်းက လွန်ခဲ့သည့်လက ပြောသည်။

အင်န်အယ်လ်ဒီပါတီထောက်ခံသူများ ပါဝင်သည့် မဲဆွယ်ယာဉ်တန်းတစ်ခုကို အောက်တိုဘာ၂၅ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ထို့ပြင် ပျော်ဘွယ်မြို့တွင် ကပ်ရောဂါကို စိုးရိမ်၍ မဲမပေးမည့်သူမရှိကြောင်းနှင့် ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများသည် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ရန် အားခဲထားကြသည်ဟု ၎င်းကဆိုသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကလည်း ကောလာဟလများ ထွက်ရှိနေမှုကို ကြားသိနေရသည်ဟု ဆိုသည်။ “ကောလာဟလ တွေကတော့ မကြာခဏကြားနေရတာပဲ။ ဒါတွေကို ကျွန်တော်တို့က ဘယ်လိုလို့ သွားထိန်းမလဲ”ဟု ကော်မရှင်ခွဲဥက္ကဋ္ဌဦးစိုးမြင့်က ပြောသည်။

ပျော်ဘွယ်လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုပြည့်ဖြိုးသူက ၎င်းတို့မြို့တွင် ကိုဗစ်သံသယလူနာနှင့် အတည်ပြုလူနာ မတွေ့ရှိသေးခြင်းကြောင့် ဒေသခံအများစုက ကပ်ရောဂါအပေါ် စိုးရိမ်စိတ်သိပ်မရှိဟု ဆိုသည်။

“ကိုဗစ်ကို ကြောက်တဲ့လူတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒီကာလမှာ လူအုပ်တရုန်းရုန်းနဲ့ မဲဆွယ်နေကြတဲ့အပေါ် စိတ်ပျက်နေတဲ့လူတွေတော့ ရှိတယ်”ဟု သူကပြောသည်။

သို့သော် မဲရုံတွင် တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမအချို့က ရောဂါကူးစက်ခံရမည်ကို စိုးရိမ်နေကြပြီး ရွေးကောက်ပွဲကော်မရှင်သည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး အစီအမံများအတိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ဦးစိုးမြင့်ကဆိုသည်။

“မြို့နယ်ပညာရေးမှူးကလည်း ဆရာ၊ ဆရာမတွေကို သေချာရှင်းပြပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဆရာမတွေသက်သာအောင် မဲရုံအကူတွေ အများအပြားထပ်ဖြည့်ထားပါတယ်” ဟု ၎င်းကပြောသည်။

သို့သော် ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ မဲပေးခြင်းလုပ်ငန်းစဉ်ကို စီမံခန့်ခွဲရသည်ဖြစ်၍ မဲရုံဝန်ထမ်းများသည် ယခင်ရွေးကောက်ပွဲများထက် ပို၍ပင်ပန်းမည်ဟု ဦးစိုးမြင့်ကဆိုသည်။

အင်န်အယ်လ်ဒီပါတီဝင်များနှင့် ထောက်ခံဝန်းရံသူများပါဝင်သည့် မဲဆွယ်ယာဉ်တန်းတစ်ခုကို အောက်တိုဘာ၂၅ရက်က ပျော်ဘွယ်မြို့အတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ပျော်ဘွယ်မြို့နယ်တွင် မဲပေးမည့်သူ ၂၁၀,၀၀၀ကျော် ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မဲရုံပေါင်း ၂၉၆ရုံ ပြင်ဆင်ထားသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဝန်ထမ်းတွေကို မျက်နှာဖုံးအကာတွေအပြင် PPE (တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ) တွေပါ ဝတ်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသက ရာသီဥတုပူပြင်းတော့ ဝတ်ဖို့အဆင်မပြေဘူး။ ကျန်းမာရေးဌာနကလည်း ဝတ်ဖို့မလိုဘူးပြောတယ်။ ဒါကို ကျွန်တော်တို့ ဆွေးနွေးနေပါတယ်”ဟု ဦးစိုးမြင့်က ပြောသည်။

မဲဆွယ်ကာလအတွင်းက အင်န်အယ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီနှစ်ခုအကြားတွင် တင်းမာမှုများ နေရာအနှံ့အပျားတွင် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကြိုတင်မဲပေးသည့်ကာလတွင် ငြင်းခုန်မှုများ ရှိလာနိုင်သည်ဟု တွက်ဆခဲ့သော်လည်း ၎င်းတို့ဒေသတွင် ပြဿနာကြီးကြီးမားမား တစ်စုံတစ်ရာ မပေါ်ပေါက်သေးကြောင်း ကိုသတိုးဆွေက ဆိုသည်။

“အခုချိန်ထိတော့ အားလုံးက အဆင်ပြေပြေ ချောချောမွေ့မွေ့ပါပဲ” ဟု သူကပြောသည်။

အဆိုပါ အေးချမ်းမှုကို ရွေးကောက်ပွဲအပြီး မဲရလဒ်များထွက်လာသည့်အချိန်ထိ ဆက်လက် ထိန်းထားနိုင်ရန် ပျော်ဘွယ်မဲဆန္ဒရှင်များက မျှော်လင့်နေကြသည်။

ပျော်ဘွယ်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတံဆိပ်များ ပါရှိသည့် ဦးထုတ်၊ နှာခေါင်းစည်းတပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို မြင်တွေ့ရစဉ်။ အင်န်အယ်လ်ဒီပါတီသည် ပြည်ခိုင်ဖြိုးပါတီလွှမ်းမိုးထားသည့် ပျော်ဘွယ်ရှိ မဲဆန္ဒနယ်များ၌ နိုဝင်ဘာ၈ရက်တွင် အနိုင်ရရန် အပြင်းအထန်ကြိုးပမ်းနေသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပျော်ဘွယ်တွင် ကျေးလက်ဆန္ဒမဲများအတွက် ပြိုင်ဆိုင်မှု ပြင်းထန်

ပျော်ဘွယ်မြို့နယ်အတွင်းက မဲဆန္ဒနယ်များကို ကာကွယ်ရန် ကြိုးပမ်းနေသည့် ပြည်ခိုင်ဖြိုးပါတီနှင့် ယင်းတို့ကို ရယူသိမ်းပိုက်ရန် ကြိုးစားနေသည့် အင်န်အယ်လ်ဒီပါတီတို့အကြား ပြင်းထန်သည့် ရွေးကောက်ပွဲပြိုင်ဆိုင်မှုများကြောင့် မဲဆွယ်ကာလတွင် တင်းမာမှုအချို့ ဖြစ်ပွားခဲ့သည်။

ဖရွန်းတီးယားမြန်မာက လာမယ့်ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံနယ်မြေဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅က ပျော်ဘွယ်၏ မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရခဲ့သည်။​ ယင်းသို့အနိုင်ရခဲ့ခြင်းမှာ အမျိုးသားရေးအမည်ခံအဖွဲ့များ၏ ကူညီထောက်ပံ့မှုကြောင့်ဟု ပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီက ယူဆသည်။

ပျော်ဘွယ်မြို့နယ်တွင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော နိုင်ငံရေးပါတီများသည် ကျေးလက်ဒေသများကို အဓိကထား၍ မဲဆွယ်လျက်ရှိသည်။ အကြောင်းမှာ ပျော်ဘွယ်၏ ၈၇ရာခိုင်နှုန်းသော မဲဆန္ဒရှင်များမှာ ကျေးလက်နေပြည်သူများဖြစ်၍ဖြစ်သည်။ ယခုနှစ်တွ၍ မဲပေးပိုင်ခွင့်ရှိသည့် တစ်မြို့နယ်လုံး၏ လူဦးရေသည် ၂၁၃,၈၂၃ဦးဖြစ်သည်။

နိုင်ငံရေးပါတီခုနှစ်ခုက ကိုယ်စားလှယ်လောင်း၂၀ဦးသည် ပျော်ဘွယ်မြို့နယ်၏ မဲဆန္ဒနယ်လေးခုတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။​ ယင်းတို့မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်ခု၊ တိုင်းဒေသကြီးမဲဆန္ဒနယ် နှစ်ခုနှင့် ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၀) (မန္တလေး)တို့ဖြစ်ကြသည်။

အခြားနိုင်ငံရေးပါတီများရှိသည့်တိုင် ပျော်ဘွယ်မြို့နယ်သည် ပါတီကြီးနှစ်ခုဖြစ်သည့် အင်န်အယ်လ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ အဓိက၊ အကြိတ်အနယ်ယှဉ်ပြိုင်ရာ နယ်မြေဖြစ်လာသည်။

အင်န်အယ်လ်ဒီပါတီကလည်း ယခုနှစ်ရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ်အတွင်းက မဲဆန္ဒနယ်များကို ပြည်ခိုင်ဖြိုးပါတီထံမှ ရယူသိမ်းပိုက်ရန် ပြင်ဆင်သည်ဖြစ်ရာ ပါတီနှစ်ခုအကြား ပြိုင်ဆိုင်မှုက ပြင်းထန်လာသည်။ ပြင်းထန်လာသည့် ပြိုင်ဆိုင်မှုနှင့်အတူ စိုးရိမ်ဖွယ်ကောင်းသော တင်းမာမှုအခြေအနေများလည်း ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလအတွင်း ပေါ်ပေါက်လာခဲ့သည်။

ပျော်ဘွယ်မြို့နယ်။ (Thibi အဖွဲ့က ရေးဆွဲသည်)

ပြည်ခိုင်ဖြိုးပါတီဝင်များသည် မဲဆွယ်စည်းရုံးစဉ်တွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို နှောင့်ယှက်ခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီ၏ ပျော်ဘွယ်မြို့နယ်ဥက္ကဋ္ဌဦးအေးချိုက စွပ်စွဲသည်။

“ကျွန်တော်တို့ ရွာတစ်ရွာကို ဝင်တဲ့အခါကျတော့ တခါတလေ သူတို့က ကျွန်တော်တို့ရှေ့မှာ လာ ကကြတယ်။ မလှမ်းမကမ်းကနေပြီးတော့လည်း ရိုင်းပြဆဲဆိုတာမျိုးရှိတယ်။ ကျွန်တော်တို့ကတော့ သည်းခံပါတယ်။ ဒါပေမဲ့ ပိုဆိုးလာရင် တရားစွဲဖို့ပြင်ဆင်သွားမယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ ထိပ်တိုက်တိုးမှုများကို ရှောင်ရှားရန် နိုင်ငံရေးပါတီများသည် ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေး ဆင်းမည်ဆိုပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို သွားမည့်ရက် ကြိုတင်အကြောင်းကြားရလေ့ရှိသည်။ ယင်းမှသာ ကော်မရှင်အဖွဲ့ခွဲက ပါတီများနှင့် ၎င်းတို့၏ ထောက်ခံသူများအကြား တင်းမာမှုမဖြစ်ပွားစေရန် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပြိုင်ဘက်ပါတီများအကြား ဖြစ်ပေါ်နိုင်သည့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းမှုများရှိသော်လည်း ပါတီများ၏ ဝန်းရံသူများသည် အထူးသဖြင့် ကျေးလက်ဒေသများတွင် ၎င်းတို့၏ ပြိုင်ဘက်များကို မကြာခဏ ရန်စသည့်ဖြစ်စဉ်များ ကြားသိနေရသည်ဟု ပျော်ဘွယ်မြို့နယ်အခြေစိုက် ငြိမ်းချမ်းရေးဖိုရမ်ကွန်ရက်အဖွဲ့ဝင် မသီသီမာကပြောသည်။

“သိပ်မကြာသေးခင်ကပဲ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက လူငယ်တစ်ယောက်ကို ထိုးကြိတ်ကြပြီး ခေါင်းမှာ ဒဏ်ရာတွေရသွားတယ်။ အဲဒီလူငယ်က အင်န်အယ်လ်ဒီပါတီထောက်ခံတဲ့သူဖြစ်နေတယ်။ အဲဒီလူငယ်က သူတို့ကို တရားပြန်စွဲထားတယ်”ဟု မသီသီမာက ပြောသည်။

တစ်ဘက်ပါတီဝင်များ၏ ရန်စမှုများကို စိတ်လက်မာန်ပါ မတုံ့ပြန်ရန် ပါတီဝန်းရံသူများကို ပြောကြားထားကြောင်း ပျော်ဘွယ်မြို့နယ်၊ အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဦးအေးချိုက ပြောသည်။ ရွေးကောက်ပွဲအလွန်ကာလတွင် တရားမဲ့ပြုကျင့်မှုများကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် သက်သေအထောက်အထားများ စုဆောင်းထားကြောင်း ၎င်းကဆိုသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကမူ ၎င်းတို့၏ ပါတီဝင်များနှင့် ပါတီကို ဝန်းရံသူများသည် အကြမ်းဖက်သည့် ဖြစ်စဉ်များတွင် ပါဝင်ခြင်းမရှိဟု ဆိုသည်။ ထို့ပြင် ၎င်းတို့သည် ပါတီဝင်များနှင့် ဝန်းရံသူများကို အမြင်မတူကွဲပြားမှုများအား လက်ခံရန် ညွှန်ကြားထားသည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများက ဖရွန်းတီးယားမြန်မာကို ပြောသည်။

သို့သော် ယင်းသတင်းစကားများကို မလိုက်နာသောပါတီဝင်အချို့လည်း ရှိကြောင်း ပျော်ဘွယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင်စိုးကဆိုသည်။ ၎င်းသည် အဆိုပါမဲဆန္ဒနယ်၏ လက်ရှိ လွှတ်တော်အမတ်လည်း ဖြစ်သည်။

“ကျွန်တော်တို့လည်း အနှောင့်အယှက်တွေ ကြုံတွေ့ခဲ့ရတာပါပဲ။ ကျွန်တော်တို့ဆို မိန့်ခွန်းပြောနေတုန်းမှာ သူတို့ (အင်န်အယ်လ်ဒီပါတီဝန်းရံသူများ)တွေက ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံရိုက်တာ၊​ ဗွီဒီယိုရိုက်တာတွေလည်း ကြုံတွေ့ခဲ့ရတယ်။ နောက်ပြီး ကျွန်တော်က မဲဆန္ဒရှင်တွေကို စကားပြောနေတဲ့အခါမှာ သူတို့ဘက်က လော်စပီကာအကျယ်ကြီးဖွင့်တာတွေလည်း ကြုံခဲ့ရတယ်”ဟု ၎င်းကပြောသည်။

ဦးမြင့်စိုးက ယင်းသို့ဆိုသည့်တိုင် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးခြင်းသည် ကန့်သတ်အနည်းငယ်ကလွဲ၍ လုံးဝ တရားမဝင်သည်တော့မဟုတ်ပေ။

၂၀၁၅တွင် ဦးမြင့်စိုးကို ရှုံးနှိမ့်ခဲ့သည့် အင်န်အယ်လ်ဒီပါတီဝင် ဦးအေးချိုကမူ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများသည် အင်န်အယ်လ်ဒီပါတီဝင်နှင့် ဝန်ရံသူများကို အမြဲလိုလို နှောင့်ယှက်နေသည်ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် သက်သေနှင့် မှတ်တမ်းများကို စုဆောင်းလျက်ရှိပြီး ရွေးကောက်ပွဲအလွန်တွင် တရားမဲပြုကျင့်မှုအဖြစ် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းသွားမည်ဟု ဦးအေးချိုကဆိုသည်။

ဦးမြင့်စိုးကမူ အင်န်အယ်လ်ဒီပါတီကသာ တိုင်တန်းရန် ရှိသည်မဟုတ်။ ၎င်းတို့တွင်လည်း ကော်မရှင်ထံ အင်န်အယ်လ်ဒီပါတီကို တိုင်တန်းရန် ခိုင်လုံသော အကြောင်းအရင်းများရှိသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းက အခြားဒေသများတွင် ယင်းပါတီနှစ်ခု၏ ဝန်းရံထောက်ခံသူများ အကြားက ပြိုင်ဆိုင်မှုသည် လူကိုထိခိုက်စေသည့် အမှုအခင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ၂၀ရက်က ပျော်ဘွယ်နှင့် ထိစပ်နေသည့် မိတ္ထီလာမြို့နယ်အတွင်း ညောင်ကိုင်းကျေးရွာတွင်  ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ အင်န်အယ်လ်ဒီပါတီထောက်ခံသူတစ်ဦး၏ နေအိမ်ကို ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ဖြစ်စဉ်တွင် ပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူခြောက်ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများကမူ အင်န်အယ်လ်ဒီပါတီဝန်းရံသူများက ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုကို လာရောက်နှောင့်ယှက်ရာမှ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပါတီနှစ်ခုအကြားက ပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် နှစ်ဘက် ပါတီထောက်ခံသူနှင့် ဝန်းရံသူများအကြား တင်းမာမှုများက မန္တလေးတိုင်းဒေသကြီးအတွင်း၌သာ ဖြစ်ပွားခဲ့သည်မဟုတ်။ အောက်တိုဘာ၃ရက်တွင်လည်း မြိုင်မြို့နယ်၊ ကနီကျေးရွာတွင်လည်း အလားတူရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ၎င်းတို့နေထိုင်ရာ ပျော်ဘွယ်မြို့နယ်အတွင်းတွင်မူ ယင်းသို့အမှုအခင်းများ ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း ဦးမြင့်စိုးသာမက ဦးအေးချိုကပါ ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများထံက ရန်စသည့်အပြုအမူမျိုး ကြုံတွေ့ရသည့်တိုင် “စိတ်လက်မာန်ပါ မတုံ့ပြန်ကြရန် ပါတီထောက်ခံသူများကို ညွှန်ကြားထားကြောင်း” ဦးအေးချိုကပြောသည်။ ထို့ပြင် ၎င်တို့အနိုင်ရမည်မှာ သေချာသောကြောင့် ပါတီဝန်းရံသူများသည် စိတ်ရှည်သည်းခံမည်မှာ သေချာကြောင်း ၎င်းကဆိုသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ကျေးရွာ၁၅၀ခန့်သို့ မဲဆွယ်စည်းရုံးရန် သွားရောက်ခဲ့ရာ ကျေးရွာသုံး၊ လေးခုတွင်သာ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရကြောင်း ဦးမြင့်စိုးကဆိုသည်။

အောက်တိုဘာ၉ရက်က ပျော်ဘွယ်မြို့အတွင်း မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည် မဲဆွယ်နေသည့် အင်န်အယ်လ်ဒီပါတီဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းများကမူ ပျော်ဘွယ်အတွင်းရှိ ကျေးရွာအားလုံး (၃၁၇ရွာ)သို့ သွားရောက်မဲဆွယ်ခဲ့ပြီးပြီဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲမတိုင်မီအထိ ဆက်လက်မဲဆွယ်သွားမည်ဟုဆိုသည်။

အင်န်အယ်လ်ဒီပါတီတာဝန်ရှိသူများက ပျော်ဘွယ်၏ မဲဆန္ဒနယ်များကို ၎င်းတို့အနိုင်ရမည်ဟု ယုံကြည်သည့်နည်းတူ ပြည်ခိုင်ဖြိုး၏ လက်ရှိလွှတ်တော်အမတ်များကလည်း သက်တမ်းငါးနှစ်အတွင်း ၎င်းတို့၏ စွမ်းဆောင်မှုများအတွက် ပြည်သူလူထုထံက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆန္ဒမဲများကို ရရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ပျော်ဘွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကမူ လွှတ်တော်အတွင်း မဲဆန္ဒရှင်များအရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဆိုများစွာတင်သွင်းခဲ့သဖြင့် နိုဝင်ဘာ၈ရက်တွင်လည်း ထပ်မံအနိုင်ရဦးမည်ဟု မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေသည်။

 “ကျွန်တော်ကတတ်နိုင်သလောက် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်အတွင်းမှာ မေးခွန်းတွေမေးတယ်။ အဆိုတွေတင်ခဲ့တယ်”ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးကလည်း အလားတူဆိုသည်။​ သို့သော် ၎င်းတင်ပြသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အင်န်အယ်လ်ဒီပါတီအဖွဲ့ဝင် များပါသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ၎င်းတို့နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမည့်အစား မြို့နယ်အင်န်အယ်လ်ဒီပါတီရုံးများကတစ်ဆင့် လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

ပျော်ဘွယ်မြို့လယ်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ| ပေးပို့)

အင်န်အယ်လ်ဒီပါတီဝင် ကိုယ်စားလှယ်လောင်းများကလည်း လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့သည် ပြည်ခိုင်ဖြိုးပါတီထံမှ ပျော်ဘွယ်ရှိ မဲဆန္ဒနယ်များကို သိမ်းပိုက်ရယူမည်ဟု ယုံကြည်ချက် မြင့်မားလျက်ရှိသည်။ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ မသီသီမာကမူ အင်န်အယ်လ်ဒီပါတီက အုပ်ချုပ်သည့် ငါးနှစ်သာကာလအတွင်း ပျော်ဘွယ်မြို့နယ်အတွင်း အင်တာနက် ဆက်သွယ်မှုနှင့် လျှပ်စစ်မီးကဲ့သို့သော ဒေသဖွံ့ဖြိုးတိုးတက်မှုလက္ခဏာများ ပိုမိုမြင်တွေ့လာရသည်ဟု ဆိုသည်။

ကျေးလက်နေပြည်သူများသည် ယခင်ရွေးကောက်ပွဲကနှင့်မတူ ဘာသာရေးနှင့်လူမျိုးရေးအခြေပြု မဲဆွယ်မှုများကို ယခုတစ်ကြိမ်တွင်မူ သတိကြီးစွာထား၍ မဲပေးကြလိမ့်မည်ဟု ယုံကြည်ကြောင်း မသီသီမာကဆိုသည်။

“အရင်ကတော့ (ပျော်ဘွယ်မြို့နယ်အတွင်းက) ရွာတွေအားလုံးနီးပါး ဗုဒ္ဓဘာသာအမည်ခံ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ ဝါဒမှိုင်းတိုက်တာ မိခဲ့တယ်။ ဒီတစ်ကြိမ်တော့ မဲဆန္ဒရှင်တွေက ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဆိုတာ သိသွားကြပါပြီ။  အမျိုးသားရေးမှိုင်းမိခံရတာက လုံးဝကြီး ပျောက်ကွယ်သွားသေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေတွေက အများကြီးတိုးတက်လာပါပြီ”ဟု ၎င်းကပြောသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ကျူတောဝကျေးရွာက ကလေးငယ်နှစ်ဦးကို လွန်ခဲ့သည့်လက မြင်တွေ့ခဲ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပျော်ဘွယ်က ခြင်္သေ့နဲ့ခွပ်ဒေါင်းတို့ရဲ့ မဲပြိုင်ပွဲ

မန္တလေးတိုင်းဒေသကြီးတောင်ဘက်အစွန်ရှိ မြို့ငယ်လေးတစ်ခုတွင် ရွေးကောက်ပွဲအသိပညာပေးလှုပ်ရှားမှုများ ကင်းမဲ့နေပြီး ဒေသခံများကလည်း ရွေးကောက်ပွဲအပေါ်စိတ် အားထက်သန်မှု မရှိလှပေ။ သို့သော် ထိုမြို့နယ်သည် အာဏာရအင်န်အယ်လ်ဒီပါတီနှင့် အတိုက်အခံပြည်ခိုင်ဖြိုးပါတီတို့ အပြင်းအထန်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

ဖရွန်းတီးယားမြန်မာက လာမယ့်ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

“၂၀၁၅ တုန်းက ကျွန်တော်တို့ အင်န်အယ်လ်ဒီရှုံးတာ ပျော်ဘွယ်မြို့နယ်အတွက် ခပ်ကောင်းကောင်းဖြစ်သွားတယ်”ဟု ပြောလာသူက လွန်ခဲ့သည့်ငါးနှစ်က ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ပျော်ဘွယ်မြို့နယ်၊ အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ခဲ့သူ ဦးအေးချိုဖြစ်သည်။​ ၎င်းသည် မြို့နယ်ပါတီဥက္ကဋ္ဌလည်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ပျော်ဘွယ်မြို့နယ်ပါဝင်သည့် လွှတ်တော်မဲဆန္ဒနယ် လေးခုစလုံးတွင်  အနိုင်ရရှိသွားသည့်တိုင် ယင်းကို ဦးအေးချိုက အကောင်းဘက်က ရှုမြင်ပုံရသည်။

“ဒီနယ်မြေဟာ အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် မရှိတဲ့အတွက်ကြောင့် နောက်ကျကျန်ခဲ့မှာကို အစိုးရကမလိုလားဘူး။ ရှုံးလို့ချန်ခဲ့တယ်ဆိုတာမျိုး အထင်ခံရမှာစိုးတော့ လုပ်သင့်သလောက်ကို အကုန်လုပ်ပေးတော့တာ။ ကျွန်တော်တို့ တောင်းဆိုသမျှ ရွာသူရွာသားတွေ တောင်းဆိုသမျှ အကုန်လုပ်ပေးတော့တာ”ဟု အသက်၆၇နှစ်ရှိပြီဖြစ်သည် ဦးအေးချိုက ပြောသည်။

ရုပ်ပုံကားချပ်ကို Thibi အဖွဲ့က ဖန်တီးသည်။

ပျော်ဘွယ်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ ရှုပ်ထွေးလှသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ မကွေး၊ မိတ္ထီလာ၊ ကလောမြို့နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ ဆုံမှတ်နေရာ တစ်ခုသဖွယ်ဖြစ်နေသည်။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဖြတ်သန်းသွားလာသမျှ ကုန်တင်ကားများကြောင့် ပျော်ဘွယ်မြို့က ပို၍ဆူဆူညံညံရှိလှသည်။

ပျော်ဘွယ်မြို့သည် တောဓလေ့များ လွှမ်းမိုးထင်ကျန်နေသေးသည့် မြို့ငယ်တစ်ခုဖြစ်ပြီး  မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ပူပြင်းခြောက်သွေ့သော အညာမြို့များနည်းတူ နေရာအနှံ့တွင် ထန်းပင်များစွာပေါက်ရောက်၍ မြို့တွင်းနေရာအနှံ့ ဖုန်ထူထပ်သည်။

ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၏ ပြောဆိုချက်အရ မြို့နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၈၇ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ယင်းမဲဆန္ဒရှင်တောင်သူများသည် ကြက်သွန်၊ ငရုတ်နှင့် ပဲတို့ကို အဓိကစိုက်ပျိုးပြီး မကြာသေးမီက တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အကူအညီဖြင့် ရွာသားများသည် လယ်မြေများကို နှစ်ရှည်ငှားရမ်းပြီး ဖရဲသီးကို စီးဖြစ်ပွားဖြစ် စိုက်ပျိုးလာကြသည်။

သိုသော် ပျော်ဘွယ်မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုမှာ ဆံပင်လုပ်ငန်းဖြစ်သည်။ မြို့ပေါ်နှင့် ကျေးရွာအားလုံးလိုလိုတွင် ဆံပင်ရှင်းသည့်အလုပ်ကို လုပ်ကိုင်ကြပြီး အများစုမှာ အမျိုးသမီးများဖြစ်သည်။ ဆံပင်ကုန်ကြမ်း(အရှုပ်အထွေးများ) ကို အိန္ဒိယမှ တင်သွင်းပြီး ကုန်ချောထည်များအဖြစ်ပြင်ဆင်ကာ တရုတ်ပြည်သို့ တင်ပို့လျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်သို့ ဖရွန်းတီးယားမြန်မာက ဩဂုတ်လနောက်ဆုံးပတ်တွင် သွားရောက်ခဲ့ရာ ရွေးကောက်ပွဲအပေါ် ဒေသခံများက စိတ်အားထက်သန်မှုလျော့နည်းသည်ကို လေ့လာတွေ့ရှိခဲ့ရပြီး ပါတီအလံများနှင့် ပါတီခေါင်းဆောင်များ၏ စတစ်ကာပုံ ကပ်ထားသော မော်တော်ဆိုင်ကယ်နှင့် ကားအနည်းငယ်ခန့်ကိုသာ မြင်တွေ့ခဲ့ရသည်။

ဒေသခံများက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမပြလင့်ကစား ပါတီများ၏ ကိုယ်စားလှယ်လောင်းအသီးသီးက ကျေးရွာများရှိ မဲဆန္ဒရှင်များထံ သွားရောက်၍ မိမိကိုယ်ကို မိတ်ဆက်သည့်အစီအစဉ်များ စတင်နေကြပြီဖြစ်သည်။ သို့တိုင် ၂၀၁၅တွင် ၎င်းတို့ရှုံးနိမ့်ခဲ့သည့် ပျော်ဘွယ်မြို့နယ်တွင် အင်န်အယ်လ်ဒီပါတီက လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရနိုင်မည်လောဟူသည့် မေးခွန်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

ပျော်ဘွယ်မြို့နယ်ဈေးတွင် ဟင်းသီးဟင်းရွက်များရောင်းချနေသည့် ဒေသခံအချို့ကို ဩဂုတ်လ၂၆ရက်က မြင်တွေ့ခဲ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ဦးအေးချိုသည် ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့သော အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းလေးဦးအနက်မှ တစ်ဦးဖြစ်သည်။ ၎င်းသည် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကို မဲ၁၀,၀၀၀ကျော် အကွာဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းလေးဦးသည် မဲအရေအတွက်စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းနှင့် ၅၈ ရာခိုင်နှုန်းကြားရရှိခဲ့ကြသည်။

ယင်းအတွက်ကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးခင်အောင်မြင့်ကလွဲ၍ ကျန်သုံးဦးစလုံး ယခင်မဲဆန္ဒနယ်များတွင် ပြန်လည်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းတို့အနက် ယခုနှစ်၊ အင်န်အယ်လ်ဒီပါတီက လွှတ်တော်အတွင်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြိုးပမ်းရာတွင် အာဏာရပါတီကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကြောင့် လူသိများလာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးလည်း အပါအဝင်ဖြစ်သည်။ ၎င်းသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ်ရှိမဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခဲ့သည်က အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာမဟုတ်ခဲ့ပေ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်းဆန္ဒမဲများ၏ လေးရာခိုင်နှုန်းသာ ရရှိခဲ့သည်။ အင်န်အယ်လ်ဒီပါတီကမူ ဆန္ဒမဲများ၏ ၄၀ရာခိုင်နှုန်းရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲရလဒ်။ (Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲသည်)

ပျော်ဘွယ်မြို့နယ်၊​ တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ခြောက်ဦးအနက်က တစ်ဦးဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကမူ ၎င်းသည် ပါတီအကျိုးထက် ပြည်သူ့အကျိုးကို ရှေးရှုသွားမည်ဖြစ်သည်ဟု ဆိုသည်။ ပြန်လည်ရွေးကောက်တင်မြှောက်ခံရမည်ဟုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်ဟု ၎င်းကဆိုသည်။

“လွတ်တော်ကိုယ်စားလှယ်ဆိုတာ ပေးဆပ်တဲ့အလုပ်ပဲ။ ရယူတဲ့အလုပ်မဟုတ်ဘူး။ ကျွန်တော်ဆိုလည်း ရတဲ့လစာက ငါးသိန်း။ ကုန်တာ ၁၂သိန်းနဲ့ ၁၅သိန်းကြားလောက်ရှိတယ်။ ကိုယ့်စီးပွားရေးရှိနေလို့ လှူနိုင်၊ ပေးနိုင်တာပေါ့။ သွားတယ်၊ လာတယ်။ နယ်တွေဆင်းတာ ကျွန်တော်တို့က ဆီဖိုးမရဘူးလေ”ဟု ၎င်းကပြောသည်။

ဦးမြင့်စိုးသည် ပျော်ဘွယ်မြို့နယ်တွင် လူသိများသောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး “သီဟတိုက်ဂါး” အမည်ရှိ ရေသန့်လုပ်ငန်း၊ အချိုရည်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။

ယခုနှစ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၀) (ရမည်းသင်းနှင့်ပျော်ဘွယ် နှစ်ခုပေါင်း၍ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်ခုသတ်မှတ်သည်) အပါအဝင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီခုနှစ်ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း အယောက်၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ဆိုသည်။

ပျော်ဘွယ်မြို့နယ်တွင် နေထိုင်သူအများစုကမူ နိစ္စဓူဝ စားဝတ်နေရေးအတွက် လုံးပမ်းနေရခြင်းကြောင့် ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုသိပ်မရှိပေ။ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကြေညာခဲ့စဉ်က မဲပေးခွင့်ရှိသူ ၂၁၄,၂၄၃ဦးအနက် ၂၀ရာခိုင်နှုန်းခန့်သာ မိမိနာမည်မဲစာရင်းတွင်ပါ၊ မပါကို လာရောက်ကြည့်ရှုခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုးမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ဖရွန်းတီးယားမြန်မာကို ဩဂုတ်လ၂၆ရက်က လက်ခံတွေ့ခဲ့စဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

“မဲဆန္ဒရှင်တွေရဲ့ အသိပညာကတော့ ဒီမိုကရေစီအသိ၊ ရွေးကောက်ပွဲအသိဆိုတာကို အတွင်းထဲ ဉာဏ်နဲ့မသိဘူး။ အပေါ်ယံသဘောလောက်ပဲသိတယ်။ ရွေးကောက်ပွဲလုပ်တယ်။ မဲထည့်ရမယ် ဒါလောက်ပဲ”ဟု ၎င်းကပြောသည်။

ဒေသခံလူထုသည် ယခုနှစ်ရွေးကောက်ပွဲကို ၂၀၁၅ရွေးကောက်ပွဲလောက် စိတ်ဝင်စားခြင်းမရှိဟု ပျော်ဘွယ်မြို့ခံ၊ ငြိမ်းချမ်းရေးဖိုရမ်ကွန်ရက်အဖွဲ့ဝင် မသက်သက်စိုးက ဆိုသည်။

ထိုသို့ဖြစ်ရခြင်း အဓိကအကြောင်းအရင်းတစ်ခုမှာ ကိုဗစ်-၁၉ကပ်ရောဂါ၏အကျိုးဆက်ဖြစ်သော စီးပွားရေးကျပ်တည်းမှုများကြောင့် ကျေးရွာနေ မဲဆန္ဒရှင်အများစုသည် စားဝတ်နေရေး အဆင်မပြေဖြစ်ကာ ကြွေးမြီများတင်ရှိနေခြင်းကြောင့်ဖြစ်သည်ဟု သူကဆိုသည်။

“သူတို့က နေ့စားခရဖို့ရယ်၊ အကြွေးဘယ်သူ့ကို ဘယ်လောက်ဆပ်ရမှာရယ် ဒါပဲစိတ်ဝင်စားကြတယ်။ အခုက ကိုဗစ်နဲ့ဆိုတော့ အသေးစားချေးငွေကုမ္ပဏီတွေဆီက ယူထားတဲ့ ချေးငွေတွေ တအားများတာတွေရှိတယ်။ ဒါကိုအချိန်မီပေးဖို့ပဲ စိတ်ဝင်စားတော့တယ်”ဟု ၎င်းကပြောသည်။

ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာများတွင် အသေးစားချေးငွေကုမ္ပဏီခြောက်ခုခန့်က လာရောက်၍ ငွေချေးလိုသူများကို ဆက်သွယ်ကြောင်း၊ ရွာသူရွာသားအတော်များများသည် ကုမ္ပဏီတစ်ခုထက်ပို၍ ပိုက်ဆံချေးယူလေ့ရှိကြောင်း မသက်သက်စိုးက ပြောသည်။

ဒေသခံများသည် စီးပွားရေးမပြေလည်၍ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးကြသည်ဟု ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ မသက်သက်စိုးက ပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကတဆင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားလာစေရန် စည်းရုံးရမည်ဖြစ်သော်လည်း ပျော်ဘွယ်သို့ ဖရွန်းတီးယားမြန်မာ ရောက်ရှိစဉ်အတွင်း ယင်းလှုပ်ရှားမှုများ မရှိသလောက်နည်းပါးသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ တိကျသောညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးသောကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း ရွေးကောက်ပွဲအသိပညာပေး လှုပ်ရှားမှုများ ပေးသင့်သလောက်မပေးရသေးဟု ဦးစိုးမြင့်က ဝန်ခံပြောကြားသည်။ ၎င်းသည် ၂၀၁၀ပြည့်နှစ်ကပင် ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် ယနေ့တိုင် တာဝန်ယူထားသူဖြစ်သည်။

“၂၀၁၀တုန်းကဆို သရုပ်ပြမဲရုံတွေ ဘာတွေ လုပ်ပြီးတော့ မဲထည့်နည်းတွေပါပြခဲ့တာ။ အဲဒီလိုပြရင် ကုန်ကျစရိတ်ဆိုတာ ရှိမယ်။ ဒီအတိုင်းတော့မရဘူး။ အခုချိန်ထိတော့ အထက်က ဘယ်လိုသရုပ်ပြပါ၊ ပညာပေးဖို့ဘာလုပ်ပါဆိုတဲ့ ပြောတာမရှိသေးဘူး”ဟု ဦးစိုးမြင့်က ယခင်၂၀၁၀ရွေးကောက်ပွဲကာလတွင် ၎င်းတို့လုပ်ဆောင်ခဲ့ပုံကို ယခုကြုံတွေ့နေရသည့်အဖြစ်များနှင့် နှိုင်းယှဉ်၍ ပြောသည်။

ထို့ပြင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများကို အချိန်မှန်ပြင်ဆင်ထုတ်ပြန်ရေးအတွက် ဝန်ထမ်းမလုံလောက်သဖြင့် အခြားအစိုးရရုံးအဖွဲ့များမှ ဝန်ထမ်းများကို စေတနာဝန်ထမ်းအဖြစ် အကူအညီတောင်းခံရသည်ဟု ဦးစိုးမြင့်က စိတ်မသက်မသာဟန်ဖြင့် ဆိုသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးဖွဲ့စည်းပုံအရ ဝန်ထမ်းငါးဦးထားရှိရမည်ဖြစ်သော်လည်း ဝန်ထမ်းနှစ်နေရာမှာ လစ်လပ်နေကြောင်း သူကဆိုသည်။

သို့သော် နိုင်ငံရေးစိတ်ဝင်စားသည့် မြို့ခံလူငယ်မဲဆန္ဒရှင်အချို့ကမူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ၎င်းတို့စီစဉ်ခဲ့သည့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းစဉ်အချို့ကို ဟန့်တားပိတ်ပင်ခဲ့သည်ဟု စွပ်စွဲသည်။

ပျော်ဘွယ်လူငယ်ကွန်ရက်အဖွဲ့သည် ကျေးရွာများတွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း တရားဝင်အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားခြင်းမရှိဟုဆိုကာ ၎င်းတို့ကိုခွင့်မပြုခဲ့ကြောင်း ကွန်ရက်အဖွဲ့ဝင်ကိုပြည့်ဖြိုးသူက ဆိုသည်။

“ကျွန်တော်အဖွဲ့ကို မှတ်ပုံတင်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက မလိုသေးဘူး။ မလုပ်နဲ့ အဆင်ပြေသေးတယ်ဆိုပြီး မလုပ်လိုက်တာ”ဟု ၂၇ နှစ်ရှိပြီဖြစ်သည့် ကိုပြည့်ဖြိုးသူက ပြောသည်။

ခွင့်ပြုမိန့်တောင်းခံချိန်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲက အောက်ပါအတိုင်း အကြောင်းပြန်ခဲ့သည်ဟု ၎င်းကဆိုသည်။ “သူတို့ပြောတာ ကျွန်တော်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပါဝင်ချင်တယ်ဆိုရင် နေပြည်တော်ကော်မရှင်ရုံးအထိ စာအဆင့်ဆင့်တင်ရမယ်လို့ ပြောတယ်။ ရွေးကောက်ပွဲကဖြင့် လုပ်တော့မယ်။ ကျွန်တော့်မှာ ဒီအတွက် အချိန်ဘယ်ရှိတော့မလဲ”ဟု ကိုပြည့်ဖြိုးသူက ပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မဲပေးနှုန်းဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်)

ထို့ပြင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၎င်းတို့ကွန်ရက်အဖွဲ့ကို မယုံကြည်၍ မဲဆန္ဒရှင်အသိပညာပေးလှုပ်ရှားမှုကို တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ကိုပြည့်ဖြိုးသူကဆိုသည်။

“သူတို့က မဲဆွယ်မှာ စိုးရိမ်နေကြတယ်။ ကျွန်တော်တို့က မဲဆွယ်ဖို့လုပ်တာမဟုတ်ဘူး။ ဘယ်ပါတီကိုမှလည်း ကိုယ်စားမပြုဘူး”ဟု ၎င်းကပြောသည်။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံက ခွင့်ပြုချက်မရရှိသော်လည်း ၎င်းတို့လူငယ်ကွန်ရက်အဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နားလည်မှုရယူ၍ ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်များကို မဲပေးမှုနှင့်သက်ဆိုင်သည့် အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

ပျော်ဘွယ်မြို့လူထုက ရွေးကောက်ပွဲကို စိတ်မဝင်စားခြင်းမဟုတ်ဘဲ ၎င်းတို့သည် နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို အချင်းချင်းလူသိရှင်ကြား ထုတ်ဖော်ဆွေးနွေးတတ်သည့် အလေ့အထမရှိ၍သာဖြစ်ကြောင်း ဦးအေးချိုကဆိုသည်။

“ကျွန်တော်တို့မြို့က လူတွေက အမြဲတမ်းအဲဒီအတိုင်းပဲ။ အမြဲ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပေမဲ့ သူတို့ရင်ထဲမှာ သူတို့မဲပေးမယ့်ပါတီက ရှိပြီးသား”ဟု ၎င်းကပြောသည်။

Swe Lei Mon

Swe Lei Mon

Swe Lei Mon is a reporter at Frontier. She began her journalism career at News Watch weekly journal in 2016, and has worked at Myanmar Business Today and the Myanmar Times.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar