စာအုပ်ထဲက ဗမာ့ချက်နည်းပြုတ်နည်းတွေ

အမေရိကန်နိုင်ငံသားနဲ့ သြစတြေးလျနိုင်ငံသားတို့ အတူတကွ ရေးသားခဲ့တဲ့ “မြန်မာ့အချက်အပြုတ်လမ်းညွှန်”စာအုပ်က ယမန်နှစ်အတွင်းမှာ ကမ္ဘာ့အစားကြီးသူများဆုတွေအတွက် ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အာရှအချက်အပြုတ်စာအုပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

ပီတာဂျင်ဆင် ရေးသားသည်။

အမေရိကန်နိုင်ငံသား ရောဘတ် ကားမက်နဲ့ သြစတြေးလျနိုင်ငံသား မော်ရစ်ဆင် ပေါ်လ်ကင်ဟွန်းတို့ အတူတကွ ရေးသားခဲ့တဲ့ “မြန်မာ့အချက်အပြုတ်လမ်းညွှန်”စာအုပ်က ယမန်နှစ်အတွင်းမှာ World Gourmand ခေါ် ကမ္ဘာ့အစားကြီးသူများဆုတွေအတွက် ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အာရှအချက်အပြုတ်စာအုပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး စထရန်းဟိုတယ်က ရန်ပုံငွေ လေလံပွဲတစ်ခုမှာ ညပေါင်းများစွာ အနိုင်ရရှိပြီးနောက် ရေးသားခဲ့တာပါ။

၎င်းတို့မူလအစီအစဉ်က အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ကြမယ့် နိုင်ငံခြားသား ဧည့်သည်တွေအတွက် အမှတ်တရ လက်ဆောင်စာအုပ်တစ်အုပ် ထုတ်ဝေဖို့ပဲ ဖြစ်ပါတယ်။ ဒါက မြန်မာ့ အစားအသောက်အတွက် မိတ်ဆက်ဖြစ်သလို အရှေ့တောင်အာရှ အစားအသောက် လေ့လာမှုတွေကို ဇောင်းပေးထားတဲ့ သူတို့ကိုယ်ပိုင် Globetrotter Gourmet လေ့လာရေး ခရီးစဉ်ရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။

အဲသည်အချိန်က မြန်မာနိုင်ငံမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြန်လည်ဆက်ဆံခဲ့တဲ့ အချိန်ဖြစ်ပြီး “ထိုကာလရဲ့ လူပြောများတဲ့ အကြောင်းအရာ”ဖြစ်နေရတာကြောင့် ပိုမိုကျယ်ပြန့်တဲ့  စာဖတ်ပရိသတ်တွေဆီကို ဈေးကွက်ချဲ့ထွင်နိုင်တဲ့ အလားအလာလည်း ရှိနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သည်စာအုပ်မှာ စထရင်းန်ဟိုတယ်ရဲ့ သမိုင်းအကျဉ်းချုပ်၊ ဒီနေ့ခေတ်မြန်မာနဲ့ မြန်မာ့အစားအစာတို့အကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံမှာတော့ စထရင်းန် အချက်အပြုတ်စာအုပ်အဖြစ် ရောင်းချကာ ပြည်ပမှာတော့ ဗမာ့အချက်အပြုတ်စာအုပ်အဖြစ် ရောင်းချနေပါတယ်။

Time Life Books ရဲ့ အယ်ဒီတာဟောင်း မစ္စတာ ကားမက်က ထိုင်းနဲ့ ဗီယက်နမ် အစားအသောက်တွေ အပါအဝင် အချက်အပြုတ် စာအုပ်ပေါင်း ငါးအုပ်ကို ရေးသားထုတ်ဝေခဲ့သူပါ။ စာရေးသူနှစ်ဦးက ဘန်ကောက်မြို့ကိုရောက်ရှိနေတဲ့ Frontier ရဲ့ ပီတာ ဂျင်ဆင်နဲ့ စကားပြောဆိုခဲ့ကြပါတယ်။

အဲသည်နေရာက ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်မှာ ပြုလုပ်ခဲ့တဲ့ ယဉ်ကျေးမှု ပွဲလမ်းသဘင်တစ်ခုအတွင်း မြန်မာ့အချက်အပြုတ် နည်းလမ်းတစ်ရပ်ကို ကိုယ်တိုင်သရုပ်ဖော် ချက်ပြုတ်ပြခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

မြန်မာ့အစားအသောက်တွေက ဆီများလွန်းတယ်လို့ သတင်းကြီးနေပါတယ်။ ဒီအခက်အခဲနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းခဲ့ပါသလဲ။

ကားမက် – ဗမာအစားအသောက်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတဲ့သူတွေက ဂရိအစားအသောက်တွေ အကြောင်းကိုကော အလားတူပြောဆိုတာမျိုး ရှိပါသလား။ ဂရိအစားအသောက်တွေကလည်း အခုလိုမျိုး ဆီများတာပဲ။ အဆာပလာပိုင်းမှာလည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဆီတို့ကို အသုံးပြုတာကြောင့် တော်တော်များများ ဆင်တူပါတယ်။

မြန်မာအစားအသောက်တွေမှာလည်း အရမ်းစပ်တဲ့ အရောင်တင် ငရုတ်ပန်းမှုန့်နဲ့ အတော်အသင့်သာ စပ်တဲ့ အရောင်တင် ငရုတ်ပန်းမှုန့်ကြားလောက်မှာပဲ ရှိနိုင်တဲ့ ခပ်သင့်သင့် ငရုတ်ကောင်းမှုန်တစ်မျိုးကို အသုံးပြုပါသေးတယ်။ ဒါက ထိုင်းနိုင်ငံရဲ့ အရမ်းစပ်တဲ့ ငရုတ်သီးမျိုး မဟုတ်ပါဘူး။ ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်သီးတွေလောက်တောင် မစပ်ဘူးလို့ ထင်ပါတယ်။

ဗမာ့ အစားအသောက်က အရမ်းအရသာရှိပြီး အစားအသောက်တိုင်းမှာ မသိမသာ ကွဲပြားခြားနားတာတွေ ရှိပါတယ်။ ဗမာ့အစားအသောက်နဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ အနှစ်ချုပ် သုံးသပ်ချက်ကတော့ ဆီသတ်ထားတဲ့ ဟင်းအနှစ်ပဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ထည့်ပြီးနောက်မှာ ချင်းကိုထပ်ထည့်ပြီး အချိန်တော်တော်ကြာကြာ မီးအေးအေးလေးနဲ့ ကြော်လေ့ရှိပါတယ်။

အဲဒီနောက်မှာတော့ ဟင်းလျာထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းအရသာတွေကို ရရှိနေပါပြီ။ ကျက်သွားလို့ အမွှေးအကြိုင် ဖြူးတော့မယ်ဆိုရင်တော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အပေါ်ပိုင်းမှာ ထပ်ထည့်ပါလိမ့်မယ်။

ပေါ်လ်ကင်ဟွန်း – ဒီလိုမှ မဟုတ်လို့ အသုပ် သုပ်တာဆိုရင်လည်း အနောက်တိုင်း အစားအစာမှာလို အသုပ်တစ်ခုခုအတွက် ကိုယ်ကြိုက်သလို ရောနှောနိုင်ပါတယ်။

ကားမက် – အဲဒါတွေကို (ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းကို) ချက်ပြီး ဆီနဲ့ ကြာကြာလေး နှပ်ထားမယ်ဆိုရင် အရသာ အရမ်းကောင်းတယ်လို့ မြန်မာနိုင်ငံသားတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းကျမှ ထည့်တာပါ။ အရသာ နူးညံ့ပြီး မသိမသာ ကွဲပြားခြားနားသွားပါတယ်။

ဒါဆိုရင် ဆီသတ်ထားတဲ့ ဟင်းအနှစ်က ဗမာအစားအသောက်တွေရဲ့ အနှစ်လို့ ဆိုလိုတာလား။

ကားမက် – အဲလိုပဲ ကျွန်တော်ယူဆပါတယ်။

ပေါ်လ်ကင်ဟွန်း – ဒါပေမဲ့ ဆီနဲ့ပတ်သက်လို့ အမျိုးမျိုး ရှိပါတယ်။ ခုနက ကျွန်တော်တို့ ပြောနေကြတဲ့ ဆီသတ်ထားတဲ့ ဟင်းအနှစ်ရှိတယ်။ ပြီးတော့ အပေါ်ပိုင်းမှာ သုံးလက်မလောက် ဆီတွေပျံနေတဲ့ ဟင်းအိုးကြီးတွေလည်း ရှိပါသေးတယ်။ ဒါက တခြားဆီအမျိုးအစား တစ်ခုပါ။ အဲဒီအကြောင်းကို ကျွန်တော်တို့ ပြောနေတာ မဟုတ်ပါဘူး။

ခင်ဗျားတို့ရဲ့ သုတေသန ရှာဖွေမှုမှာ ကိုလိုနီခေတ်က ချက်နည်းပြုတ်နည်း တော်တော်များများလည်း ပါတယ်နော်။

ပေါ်လ်ကင်ဟွန်း – သမိုင်းဝင် အချက်အပြုတ်နည်းလမ်းတွေကို ရှာဖွေတာက ဒီစာအုပ်ရဲ့ အကြောင်းအရာ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ဗမာအချက်အပြုတ်စာအုပ်ပါ။ မြန်မာအချက်အပြုတ်စာအုပ်နဲ့ မတူပါဘူး။ ကျွန်တော်တို့က ကိုလိုနီခေတ်ရဲ့ လက္ခဏာသွင်ပြင်တွေကိုလည်း ထည့်သွင်းချင်ကြလို့ပါ။

တော်ဝင်ချက်နည်းပြုတ်နည်းတွေလို ဗမာ့ရိုးရာချက်နည်းပြုတ်နည်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေတဲ့နေရာမှာ အခက်အခဲ တွေ့ခဲ့ပါသေးသလား။

ကားမက် – အထောက်အထားအနေနဲ့ကျန်ခဲ့တာ တော်တော်နည်းပါတယ်။ စာအုပ်အဟောင်းတွေ စုဆောင်းထားတဲ့ လန်ဒန်ကနေ ရောင်းချတဲ့ eBay စာအုပ်တချို့ကိုတောင် ကိုးကားခဲ့ရပါတယ်။ ဒီနေရာမှာ အလေးအနက် ပြောချင်တာက ကိုလိုနီခေတ်ရဲ့ အစိတ်အပိုင်းတချို့ကို ပေါင်းစပ်ထားပေမယ့် ကျွန်တော်တို့ စာအုပ်က ကိုလိုနီခေတ် အချက်အပြုတ် စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ဒါကြောင့် ဒီစာအုပ်က နှစ် ၁၀၀ စာ ဗမာ့အချက်အပြုတ်စာအုပ်ဖြစ်ပြီး ပိုမိုလက်လှမ်းမီအောင် ပြုလုပ်ထားပါတယ်။ အဆာပလာတွေကို ပြောင်းခဲ့တယ်ဆိုရင်လည်း ဆီလျှော့ချဖို့အတွက် ဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ စာဖတ်ပရိသတ်တွေဆီကို အရောက်ပို့ချင်လို့ပါ။

ဒီနေ့ခေတ်မှာ လူတိုင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးမှုကို အလိုရှိနေတယ်ဆိုရင်ကော မှန်နိုင်မလား။

ပေါ်လ်ကင်ဟွန်း – ဒါကြောင့်လည်း ဒီအချက်အပြုတ်စာအုပ်ကို ရေးခဲ့ကြတာပါ။ လူတိုင်းက ကျန်းမာရေးအသိ ပိုမိုရရှိနေပြီး အဆာပလာတွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ ဒါကြောင့် ခုချိန်မှာ တွေ့ရှိရမယ့် မြန်မာ့အချက်အပြုတ်နည်း တစ်စိတ်တစ်ဒေသကို ရရှိအောင် ဆောင်ရွက်ကြမယ်လို့ ကျွန်တော်တို့ တွေးတောခဲ့ကြတာပါ။ အဲဒီအချိန် မတိုင်ခင်မှာတော့ လူတိုင်း ပြောနေသလို “ဟေး…ဆီများချက်က ကြောက်ခမန်းလိလိပါပဲ”ဆိုတဲ့အပေါ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိပါတယ်။

ကားမက် – အစာလည်းဆေးဆိုတဲ့ အာရှအယူအဆတစ်ရပ် ရှိသလို အစားအသောက်က အဆိပ်ဆိုတဲ့ အနောက်တိုင်း အယူအဆလည်း ရှိပါတယ်။ လူတွေက ကြောက်ရွံ့မနေသင့်ပါဘူး။ ကျွန်တော်တို့ဆီ (အနောက်တိုင်း)မှာ ထောပတ်နဲ့ အဆီဓာတ်ပြည့်နေတဲ့ နွားနို့တွေ ရှိခဲ့ဖူးတဲ့ အကြောင်းရင်းက အဲဒီလိုမျိုး အများကြီး မစားချင်တော့လို့ပါ။ ဒါကြောင့် ခင်ဗျားအနေနဲ့ များများစားစား အလွန်အမင်း သုံးစွဲလာပြီ ဆိုရင်တော့ ဒါဟာ တကယ့်အရေးကိစ္စတစ်ခု ဖြစ်လာပါပြီ။ အစားအစာကို တစ်စိမ့်စိမ့် အရသာခံပြီး စားသုံးသင့်တယ် ဆိုပေမဲ့ ခင်ဗျားအနေနဲ့ အလွန်အမင်း စားသုံးခြင်းကို ရပ်တန့်သင့်ပါတယ်။

ဗမာ့ချက်နည်းပြုတ်နည်းက “တိုင်းပြည်အတွင်းကို ရွှေ့ပြောင်းတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အချိန်မှာ နယ်ချဲ့အရသာကနေ ရှောင်ရှားတဲ့”တစ်မူထူးခြားတဲ့ စတိုင်တစ်ခုနဲ့ ဖွံ့ဖြိုးလာခဲ့တယ်လို့ ခင်ဗျားရဲ့စာအုပ်ထဲမှာ ရေးထားတယ်နော်။ အဲဒီဆိုလိုချက်ကို ပြန်ရှင်းပြနိုင်မလား။

ကားမက် – အဲဒီလိုပဲ ကျွန်တော်ယူဆပါတယ်။ အကြောင်းရင်းကိုလည်း ရှင်းပြပေးပါ့မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စပိန်ချက်နည်းပြုတ်နည်းနဲ့ပတ်သက်တဲ့ ကွန်ဖရင့်တစ်ခုကို ကျွန်တော် ရောက်ခဲ့ပါတယ်။ မူးရ်လူမျိုးတွေကို စပိန်ကနေ မောင်းထုတ်ပြီးတဲ့နောက်မှာ ခရစ်ယာန် ဘာသာဝင်တွေက အရမ်းကို ရှေးရိုးစွဲဆန်လွန်းတဲ့ ခရစ်ယာန် ချက်နည်းပြုတ်နည်းတွေအဖြစ် ပြောင်းလဲခဲ့ပြီး ဟင်းချိုမှုန့်တွေ၊ မူးရ်လူမျိုးတွေနဲ့ ဆင်တူယိုးမှား ဖြစ်နေတဲ့အရာတွေ အားလုံးကို စွန့်ပစ်ခဲ့ကြတယ်လို့ ဒီသုတေသနပညာရှင်က ပြောကြားခဲ့ပါတယ်။ ဒါက ချင့်ချိန်စဉ်းစားရမယ့် အချက်တစ်ချက်ပါ။

ဗမာအစားအသောက်တွေထက် ပိုမိုပူစပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော်မှာတောင် ရိုးရှင်းမှုတစ်ရပ် ရှိနေသေးပြီး အိန္ဒိယအစားအစာနဲ့ တူတယ်လို့ မထင်ရပါဘူး။ ပြီးတော့ ဗမာဟင်းတွေက ထိုင်းနိုင်ငံက ဟင်းတွေနဲ့လည်း မတူပါဘူး။ ခင်ဗျားက ဗမာ့ချက်နည်းပြုတ်နည်းလို့ ပြောလိုက်ပြီဆိုရင် ဘယ်အရာကို ပြောတယ်ဆိုတာ  ပိုပြီးလွယ်လွယ်ကူကူ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စရပ်ကို ရည်ရွယ်ချက်ရှိရှိ ပေါ်ပေါက်စေတာ မဟုတ်ဖူးလို့လည်း ကျွန်တော်ယူဆပါတယ်။ ဗမာလူမျိုးတွေက သူတို့ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ သူတို့ရဲ့ချက်နည်းပြုတ်နည်းကို အိန္ဒိယအစားအသောက် ဖြစ်စေလိုမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

ဗမာတွေနဲ့ အိန္ဒိယက ရွှေ့ပြောင်းလာသူတွေက တော်တော်လေး ခြားနားမှု ရှိတယ်မဟုတ်လား။

ကားမက် – ဒါပေမဲ့ လက်ဖက်ရည်လိုမျိုး တူညီတဲ့ အစားအသောက်တွေတော့ ရှိပါတယ်။ ပြီးတော့ သူတို့မှာ စမူဆာနဲ့ အိန္ဒိယဟင်းလျာတွေ မရှိပေမဲ့ အများကြီး ပိုပြီး ရိုးရှင်းပါတယ်။

မြန်မာက စစ်အာဏာရှင်စနစ်အောက်ရောက်ရှိနေတဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ပြည်ပက တင်သွင်းတဲ့ ဟင်းခတ်စရာတွေ ပြတ်လပ်တဲ့အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါက ခေတ်သစ်ချက်နည်းပြုတ်နည်း အပေါ်မှာ ဘယ်လိုသက်ရောက်နေပါသလဲ။

ကားမက် – ဒါက အရမ်းကောင်းတဲ့ ချက်နည်းပြုတ်နည်းတွေအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်နိုင်ပါတယ်။ ခုလို အဖြစ်အပျက်မျိုးနဲ့ ကြုံခဲ့ရတဲ့ ထိုင်ဝမ်လို နိုင်ငံတွေက တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတိုင်းကို စားသောက်ဖို့အတွက် သင်ယူခဲ့ကြပါတယ်။ သူတို့က ရှားပါးမှုတွေ ကြားထဲကနေ အရမ်းကောင်းတဲ့ ချက်နည်းပြုတ်နည်းကို ပြုလုပ်ခဲ့ကြတာပါ။ မြန်မာကလည်း သူရဲ့ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ အစိုးရက ဒါကိုဖျက်ဆီးဖို့အတွက် ဘယ်တော့မှ မကြိုးစားပါဘူး။ ကမ္ဘောဒီးယားမှာဆိုရင် အဖျက်ဆီးခံခဲ့ရပါတယ်။ ချက်နည်းပြုတ်နည်းတွေမှာ ကြီးကြီးမားမား ခြားနားသွားတာကို ခင်ဗျားသတိပြုမိမှာပါ။

တိမ်မြုပ်ပျောက်ကွယ်နေပေမဲ့ သူတို့ ပြန်လည်ရှာဖွေ ဖော်ထုတ်နိုင်တဲ့အရာကော ရှိပါသလား။ ဥပမာ – တော်ဝင်ချက်နည်းပြုနည်းလိုပေါ့။

ကားမက် – ဘယ်အရာတွေကို သူတို့ဆုံးရှုံးခဲ့သလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ သူတို့က တချို့အရာတွေကို ရိုးရှင်းအောင် ပြုလုပ်ခဲ့ဟန် ရှိပါတယ်။ ဒါပေမဲ့ ၁၉၂၀ နဲ့ ၁၉၃၀ ပြည့်နှစ်တွေ နောက်ပိုင်းကလို ပုံစံမျိုးအထိ ရိုးရှင်းအောင် ပြုလုပ်ခဲ့ဟန်တော့ မပေါ်ပါဘူး။ အိန္ဒိယဟင်းလျာတွေကိုလည်း ပေါင်းစပ်ခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒါတွေကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ပြီးခဲ့ပါပြီ။ ဒါက ဆင်းရဲချို့တဲ့မှုနဲ့ မဆိုင်ဘူးလို့တော့ ကျွန်တော်မယူဆပါဘူး။ ချက်နည်းပြုတ်နည်း အဟောင်းတွေနဲ့ အသစ်တွေကြားမှာ ခြားနားမှု များများစားစား မတွေ့ခဲ့ရလို့ပါ။ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ကမ္ဘာ့အဆိုးရွားဆုံး ချက်နည်းပြုနည်းနှစ်ခုဖြစ်တဲ့ စပိန်နဲ့ သြစတြေးလျ ချက်နည်းပြုနည်းတွေက ခုဆိုရင် ထိပ်ဆုံးက နေရာယူခဲ့ပြီးပါပြီ။ သူတို့က သူတို့ကိုယ်သူတို့ အတိတ်ရဲ့အရိပ်ကနေ လွတ်မြောက်အောင် လုပ်နိုင်ခဲ့ကြလို့ပါ။

နိုင်ငံရဲ့ အထင်ကရ အစားအသောက်ဖြစ်တဲ့ မုန့်ဟင်းခါးက လူတိုင်းမကြိုက်ပေမဲ့လည်း ကျန်းမာရေးနဲ့ ကျိန်းသေပေါက် ညီညွတ်ပြီး တစ်မူထူးခြားနေတယ် မဟုတ်လား။

ပေါ်လ်ကင်ဟွန်း – မုန့်ဟင်းခါးကို ပထမဆုံးအကြိမ် စားမိခဲ့တုန်းက အရမ်းကို ဆိုးဝါးပါတယ်။ ဒါလား နိုင်ငံရဲ့ အထင်ကရ အစားအသောက်တစ်ခု၊ ရွှံ့နှစ်တွေလိုပဲလို့ ထင်ခဲ့မိတဲ့အတွက် စိတ်တောင်မကောင်းမိပါဘူး။ ဒါပေမဲ့ ခုဆိုရင် တစ်ထိုင်တည်းနဲ့ နှစ်ပန်းကန်လောက် စားနိုင်နေပါပြီ။

ကားမက် – မုန့်ဟင်းခါးအမျိုးမျိုးအတွက် အရမ်းကို အနုစိတ်ကျတဲ့ အချက်အလက်တွေ ရရှိဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ မုန့်ဟင်းခါးက အရမ်းကို အနှစ်သာရ ရှိတဲ့စားသောက်ဖွယ်တစ်ခုအဖြစ် ပေါ်ထွက်လာတာပါ။ အထဲမှာ အုန်းနို့ပါလိမ့်မယ်လို့ ထင်ရခမန်းနီးနီးပါ။ တကယ်တမ်းကျတော့ အုန်းနို့ မပါပါဘူး။ သူတို့က ငပျောအူနုကို သုံးထားတာပါ။ ဒါက အရသာထက် လျှာပေါ်မှာ ထိတွေ့ခံစားရမယ့် အနေအထားနဲ့ ပိုဆိုင်ပါတယ်။ ဒါပေမယ့် ငှက်ပျောအူကလည်း ပျစ်ခဲမှုတစ်ခုကို ဖန်တီးပေးပါတယ်။

လက်ဖက်သုပ်ကျတော့ကော ဘယ်လိုလဲ။ ဗမာအစားအစာစစ်စစ် မဟုတ်လား။

ကားမက် – မြန်မာနိုင်ငံသားတွေက သူတို့တစ်နိုင်ငံတည်းသာ လက်ဖက်ကို အမှန်တကယ် စားသုံးကြတယ်လို့ ယူဆချင်ပုံ ရပါတယ်။ ဒါပေမဲ့ တရုတ်တွေလည်း စားပါတယ်။ တစ်နေ့က ထိုင်းစားသောက်ဆိုင်ထဲကို ရောက်တော့ လက်ဖက်သုပ်နေတာကို တွေ့ခဲ့ရပါတယ်။ ဂျပန်တွေ စားနေတာလည်း ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ သူတို့ရဲ့ ရေခဲမုန့်ထိပ်မှာတောင် တင်လိုက်ပါသေးတယ်။

ဒါပေမဲ့ လက်ဖက်ကို အပုပ်ခံထားတာတော့ မဟုတ်ပါဘူး။ သူတို့တွေက သူတို့အတွက် ထူးခြားမယ့် အရာတွေကို ပြုလုပ်နေကြတာဖြစ်ပြီး ချက်နည်းပြုတ်နည်း လျှို့ဝှက်ချက်တွေ ရှိပါတယ်။ ဒါက အနောက်နိုင်ငံတွေမှာ ဗမာ့ချက်နည်းပြုတ်နည်းတွေအတွက် ရှာဖွေရ အခက်ဆုံး အဆာပလာတစ်ခု ဖြစ်နိုင်ပါတယ်။

ဗမာ့ချက်နည်းပြုတ်နည်းက ထိုင်းချက်နည်းပြုတ်နည်းတွေလို နိုင်ငံတကာကို ရောက်ရှိသွားလိမ့်မယ်လို့ သင်ထင်ပါသလား။

ကားမက် – ဗမာ့ချက်နည်းပြုတ်နည်းက ဖွံ့ဖြိုးစကာလမှာပဲ ရှိပါသေးတယ်။ ထိုင်းအစားအသောက်တွေကို နိုင်ငံတကာ ချက်နည်းပြုတ်နည်း ဖြစ်လာစေဖို့အတွက် နှစ်ပေါင်း ၅၀ လောက် အချိန်ယူခဲ့ရပါတယ်။ ကျွန်တော်က ၁၉၆၀ ပြည့်နှစ်တွေမှာ ရေးသားခဲ့တဲ့ ကမ္ဘာ့အစားအသောက်များစီးရီးကို ကြည့်ရှုနေခဲ့တာပါ။ အရှေ့တောင်အာရှရဲ့ချက်နည်းပြုတ်နည်းတွေထဲမှာတောင် ထိုင်းချက်နည်းပြုတ်နည်းတွေ မပါဝင်ပါဘူး။ ထိုင်းအစားအစာတွေအကြောင်း ကြားဖူးတဲ့သူ မရှိသေးပါဘူး။ ပြီးတော့ အရှေ့တောင်အာရှရဲ့ အခန်းကဏ္ဍမှာတောင် သမိုင်းစာမျက်နှာ တစ်ရပ်အဖြစ် အာမခံချက် မပေးနိုင်သေးပါဘူး။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar