စာရင်းမရှင်းသည့် ကျောက်မျက်ရန်ပုံငွေများအနက် ဒေါ်လာ ၁၀ သန်းကိုသာ အသင်းက တာဝန်ယူ စုံစမ်းမည်

ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချရသည့်ငွေများထဲမှ အမြင့်ဆုံး တစ်ရာခိုင်နှုန်းအထိ ကောက်ယူပြီး ၁၀ နှစ်အတွင်း သုံးစွဲခဲ့သည့် ရန်ပုံငွေ ယူရိုသန်းပေါင်းများစွာကိစ္စမှာ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းနှင့် အလုံးစုံ သက်ဆိုင်ခြင်းမရှိဟု အသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောသည်။

“လုပ်ငန်းရှင်အသင်းရန်ပုံငွေနဲ့ ပြပွဲဗဟိုကော်မတီ ရန်ပုံငွေဆိုတာ သီးခြားဖြစ်ပါတယ်” ဟု ၎င်းက ဇွန် ၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ကြောင့် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးချိန်အတွင်း ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ အသင်းရန်ပုံငွေအဖြစ် လွဲပြောင်းပေးခဲ့သည့် အမေရိကန် ဒေါ်လာ ၁၀ သန်းနှင့် အခြားသော အသင်းနှင့် စပ်လျဉ်းသည့် ငွေကြေးသုံးစွဲမှုများကိုသာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စိစစ်မှုခံမည်ဟု ဦးရုံးမူက ပြောသည်။

“အလွဲသုံးစားလုပ်မှုရှိခဲ့တယ်ဆိုရင် လုပ်တဲ့သူကို ထိရောက်စွာ အရေးယူသွားမှာပါ”ဟု ၎င်းကဆိုသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မည်သူများပါဝင်မည်ဟူသော ကိစ္စကိုမူ ဇွန် ၁၅ ရက်နေ့တွင် ကျင်းပမည့် အလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု ဦးရုံးမူက ပြောသည်။

အသင်းဒုတိယ ဥက္ကဋ္ဌ ဦးမြင့်ဟန်ကမူ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တိုင်ကြားထားသူများ၊ အတိုင်ခံထားရသူများနှင့် စစ်ဆေးမှုနှင့် သက်ဆိုင်မည့် ပညာရှင်များ ပါဝင်မည်ဟု ဆိုသည်။ အဆိုပါ စုံစမ်းရေးအဖွဲ့သည် လုပ်ငန်းရှင်အချို့က ဖြေရှင်းပေးရန် တောင်းဆိုထားသည့် ယူရို ၉၃ သန်းကိစ္စကိုမူ တာဝန်ယူမည်မဟုတ်ဟု ဦးမြင့်ဟန်က Frontier ကို ပြောသည်။

“ငွေကောက်ခံကတည်းက ပြပွဲဗဟိုကော်မတီ ရန်ပုံငွေဆိုပြီး ကောက်တာပါ။ အသင်းအတွက် ကောက်တာ မဟုတ်ပါဘူး။ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များဆီက ကောက်ခံတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အသင်းချုပ်က ကောက်ခံထားတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ငွေကြေးကိစ္စအတွက် အစိုးရ ဌာနဆိုင်ရာအပိုင်းမှ စစ်ဆေးမှုများရှိနေပြီး ၎င်းကိုယ်တိုင် အစစ်ခံခဲ့ရပြီးဖြစ်သည်ဟု ဥက္ကဋ္ဌ ဦးရုံးမူက ပြောသည်။

ယခုအချိန်တွင်မူ ရတနာပြပွဲရောင်းရငွေများထဲမှ ဗဟိုကော်မတီ၏ ရန်ပုံငွေသုံးစွဲမှု စာရင်းအသေးစိတ်ကို အသင်းမှရရှိပြီဖြစ်ပြီး အသင်းသားများထံ ဖြန့်ဝေရန် အသင့်ဖြစ်နေပြီ ဖြစ်နေသည်ဟုဆိုသော်လည်း မီဒီယာများမှတစ်ဆင့် ထုတ်ပြန်မည် မဟုတ်ဟု ဦးမြင့်ဟန်က ပြောသည်။

သို့သော် စွပ်စွဲခံရသည့် ပမာဏအတိအကျအား အတည်ပြုပေးရန် ကိစ္စကိုမူ အသင်းတာဝန်ရှိသူတို့က ငြင်းဆိုသည်။

“ကျွန်တော်တို့လည်း မီဒီယာမှာ ပါနေတဲ့ ပမာဏတွေပဲ သိတာ။ ကျွန်တော်တို့ စီမံခန့်ခွဲတဲ့ငွေမဟုတ်တော့ မသိဘူး” ဟု ဦးရုံးမူက ပြောသည်။

ယခင်အစိုးရများလက်ထက်တွင် ရတနာပြပွဲဗဟိုကော်မတီကို သတ္တုတွင်း၊ ပြည်ထဲရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ယဉ်ကျေးမှုစသည့် ဝန်ကြီးဌာနများ၏ ဝန်ကြီးများက နာယကများအဖြစ် ဦးဆောင်တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကာလများအတွင်း ဦးအုန်းမြင့်၊ ဦးသန်းထိုက်နှင့် ဒေါက်တာမြင့်အောင်တို့က သတ္တုတွင်းဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ကြသည်။ ပြပွဲရောင်းရငွေများထဲမှ ရာခိုင်နှုန်းတစ်ခု နှုတ်ယူသည့် စနစ်ကို ၂၀၀၆ ခုနှစ်က စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှစ၍ ကောက်ခံခြင်းမပြုတော့ဟု ဦးရုံးမူက ပြောသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ထံသို့ တိုင်ကြားထားသူများထဲမှ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးကမူ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီတွင် အသင်း၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး စုစုပေါင်း ၁၀ ဦးပါဝင်နေသဖြင့် ပြပွဲရောင်းရငွေမှ ရာခိုင်နှုန်းသတ်မှတ်နှုတ်ယူထားပြီး သုံးစွဲခဲ့သည့် ငွေကြေးများကိစ္စများကိုလည်း ဖြေရှင်းပေးရန် တာဝန်ရှိသည်ဟုဆိုသည်။

ရတနာပြပွဲ ဗဟိုကော်မတီဝင်နှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်အဖွဲ့ဝင် ဦးစိုးအောင်ကမူ “ဗဟိုကော်မတီအဖွဲ့ဝင် ၃၀ လောက်ရှိတာကို ၁၀ ယောက်လောက်ရဲ့ သဘောနဲ့ ၁၀ နှစ်လောက် လုပ်ခဲ့ကြလို့ ဒီပြဿနာက စတာပဲ” ဟု Frontier ကို ပြောသည်။

အဆိုပါ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ဇွန် ၈ ရက်နေ့က အသင်းသားများနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် ညနေပိုင်းတွင် အသင်းတာဝန်ရှိသူတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြခြင်းဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar