ရန်ကုန်၊ ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ဘတ်စ်စကားများ စုပေါင်းပြေးဆွဲသည့် စနစ်သို့ စတင်ပြောင်းလဲသည့် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင်ပင် ခရီးသွားပြည်သူများအများစုမှာ ၎င်းတို့စီးမည့် ဘတ်စ်ကား စီးနိုင်ရေးအတွက် အခက်အခဲများ စတင်ရင်ဆိုင်နေကြရသည်။
ထို့ပြင် မူလက ဘတ်စ်ကားတစ်ဆင့်သာ စီးနင်းပြီး သွားနိုင်သည့်နေရာများကို ယခုစနစ်သစ်တွင် ဘတ်စ်ကား နှစ်ဆင့်နှင့် သုံးဆင့်အထိ စီးနင်းကာ သွားနေရခြင်းကြောင့် အချိန်ပိုမိုကုန်ခြင်းနှင့် ကားခပိုမို အသုံးပြုရခြင်းစသည့် အခက်အခဲများ တွေ့နေရသည်ဟု ဝေဖန်မှုများ ပေါ်ထွက်နေသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှ မြေနီကုန်း(စမ်းချောင်းမြို့နယ်) သို့ နေ့စဉ် ပုံမှန် ရုံးဆင်းရုံးတက် ပြုလုပ်နေသည့် မငြိမ်းငြိမ်းက “အရင်ထက် တစ်နာရီနောက်ကျတယ်။ အရင်ထက် ပိုက်ဆံပိုကုန်တယ်။ ကားကလည်း အစောပိုင်းတောင် ကြပ်သိပ်နေတယ်” ဟု ပြောကြားသည်။
ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းဖြစ်သူ ၎င်းသည် ယခင်က နေ့စဉ် ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျာဉ်မြို့တော်မှ စုပေါင်းကားဖြင့် ရန်ကုန်မြို့တွင်းသို့ တစ်ဆင့်စီးနင်းနောက် မြေနီကုန်းသို့ တစ်ဆင့် ထပ်မံစီးနင်းကာ ရုံးဆင်းရုံးတက် ပြုလုပ်နေသူဖြစ်ပြီး စုစုပေါင်း နေ့စဉ်ကားခ ၇၀၀ ကျပ် ကုန်ကျလေ့ရှိသည်။
သို့သော် ယနေ့စတင်ပြောင်းလဲလိုက်သည့် စနစ်ကြောင့် ဒဂုံဆိပ်ကမ်းမှ မြို့ထဲသို့ ပုံမှန်စုပေါင်းကားခ ၅၀၀ ကျပ်သာ ကျသင့်သော်လည်း မြို့ထဲ(ပန်းဆိုးတန်း) မှ မြေနီကုန်းမှတ်တိုင်ရောက်ရှိရန် ယာဉ်လိုင်းအမှတ် ၅၈ ကို ပန်းဆိုးတန်းမှ စံပြမှတ်တိုင်အထိ ထပ်မံ စီးနင်းရပြီးနောက် ယာဉ်လိုင်းအမှတ် ၃၉ ကားကို ထပ်မံစီးနင်းရခြင်း ဖြစ်သည်။
လက်ရှိစနစ်သို့ မပြောင်းလဲမီက ရန်ကုန်မြို့တွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးအတွက် မှတ်ပုံတင်ထားသည့် ယာဉ်စီးရေ ၇,၀၀၀ ကျော်အနက် နေ့စဉ် ယာဉ်စီးရေ ၄,၀၀၀ ကျော်က ယာဉ်လမ်းကြောင်းပေါင်း ၃၀၀ ကျော်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သဖြင့် ခရီးသွားရလွယ်ကူသော်လည်း ကားစပါယ်ယာနှင့် ဒရိုင်ဘာတို့၏ မချေမငံ ရိုင်းပျစွာ ဆက်ဆံမှုများကို ခရီးသွားများ ခံစားခဲ့ကြရသည်။
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီ (မထသ) က ကွပ်ကဲသည့် အဆိုပါ ယာဉ်များနှင့် ယာဉ်လမ်းကြောင်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဇန်နဝါရီ ၁၅ ရက်နေ့ ညကိုးနာရီခွဲတွင် ဖျက်သိမ်းကာ ရပ်ဆိုင်းခဲ့သည်။
ထို့နောက် မူလယာဉ်လမ်းကြောင်းများအပေါ်တွင် အခြေတည်ကာ ပြန်လည်ရေးဆွဲထားသည့် ယာဉ်လိုင်းကြောင်း ၇၀ ဖြင့် စနစ်သစ်ကို စတင်ခဲ့သည်။
စနစ်သစ်တွင် ပြေးဆွဲလိုသည်ဟု လာရောက်လေ ျှာက်ထားသည့် ယာဉ်အစီးရေမှာ ဇန်နဝါရီ ၁၅ ရက်နေ့အထိ ၂,၀၀၀ ကျော်အထိ ရှိပြီဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
မော်တင်မှတ်တိုင်တွင် ဘတ်စ်ကား စောင့်ဆိုင်းနေကြသည့် ခရီးသည်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)
ယခုအခါ ထို ယာဉ်မောင်းနှင့် စပယ်ယာများ၊ ကားဟောင်းများဖြင့် ယခင်ရှိပြီးသားလိုင်းများကို လိုင်းပေါင်း ၇၀ အထိ စုပေါင်းကာ ပြေးဆွဲသဖြင့် ကားစီးလိုသည့် ခရီးသည်အရေအတွက်နှင့် ကားအရေအတွက် မမျှတမှုတို့ကြောင့် ခရီးသည်များ သွားလာရေးအခက်အခဲဖြစ်နေရခြင်းဟု ယာဉ်မောင်းနှင့် စပယ်ယာများက ဆိုကြသည်။
“ကျွန်တော်တို့ ဒီလိုဆွဲဖို့ သွားလေ ျှာက်ပြီး ဆွဲရတယ်။ တစ်ချို့တွေ့လည်း မဆွဲနိုင်သေးဘူး။ ကျွန်တော်တို့ကား တောင် နောက်သုံးလဆို ဖျက်ရတော့မယ်။ အခုခရီးသည်တွေက ပုံနေတာ တစ်ချို့နေရာတွေမှာ ကားကမရှိဘူး ဖြစ်နေလို့” ဟု ယာဉ်လိုင်းသစ် အမှတ် ၃ မှ စပယ်ယာ ကိုဇော်မင်းကကပြောကြားသည်။
အဆိုပါယာဉ်လိုင်းသည် ယုဇနဥယျာဉ်မြို့တော်မှ မင်္ဂလာဈေးသို့ ဒဂုံတောင်၊ သင်္ကန်းကျွန်းနှင့် တာမွေမြို့နယ် တို့ကို ဖြတ်သန်းကာ ပြေးဆွဲခြင်းဖြစ်သည်။
ယုဇနဥယျာဉ်မြို့တော်မှ မင်္ဂလာဈေးသို့ Frontier သတင်းထောက်က စီးနင်းခဲ့ရာတွင် ကားစီးချိန်မှာ နှစ်နာရီကျော်အထိ ကြာမြင့်ခဲ့သည်။ ယုဇနဥယျာဉ်မှ အမှတ် ၃ ယာဉ်လိုင်းနှင့် စိတ်ကျန်းမာရေးမှ ထွက်သည့် အမှတ် ၂၇ လိုင်းတို့က မင်္ဂလာဈေးတွင် ဂိတ်ဆုံးခြင်းဖြစ်သည်။
စတင်ပြေးဆွဲချိန်မှ Frontier သတင်းထောက် မင်္ဂလာဈေးမှတ်တိုင်သို့ ရောက်ရှိသည့် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်အထိ အဆိုပါ ယာဉ်လိုင်းနှစ်ခုမှ ကားအစီးရေ ၃၂ စီးသာ ပြေးစွဲနိုင်သေးကြောင်း သိရသည်။
မင်္ဂလာဈေးမှ ရန်ကုန်မြို့ထဲ၊ အနော်ရထားလမ်းပိုင်းသို့ သွားလိုသူများအတွက်မူ ဒဂုံတောင်မှ ထွက်သည့် အမှတ် ၇ ယာဉ်လိုင်းတစ်ခုကိုသာ စီးနင်းနိုင်သဖြင့် ရုံးဆင်းချိန်မဟုတ်သည့် မွန်းလွဲ ၁ နာရီခန့်တွင်ပင် မင်္ဂလာဈေး၊ သိမ်ဖြူ စသည့်မှတ်များတွင် လိုင်းကး စီးနင်းလိုသူ ၅၀ မှ ၇၀ ကျော်အထိ ရှိနေသည်ကို Frontier က တွေ့ရှိခဲ့ရသည်။
ဇန်နဝါရီ ၁၅ ရက်နေ့အထိ စနစ်သစ်တွင် ပြေးဆွဲလိုသည်ဟု လာရောက်လျောက်ထားသည့် ယာဉ်အစီးရေမှာ ၂,၀၀၀ ကျော်အထိ ရှိပြီဖြစ်သည်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)
ထိုနည်းတူပင် အဓိကဂိတ်ကြီးများဖြစ်သည့် မြေနီကုန်း၊ သင်္ကန်းကျွန်း စံပြဈေးနှင့် တောင်ဒဂုံ ၅၆ မှတ်တိုင်တို့တွင်လည်း ကားစီးရန် စောင့်ဆိုင်းသူ ၅၀ မှ ၇၀အထိ ရှိနေပြီး လာရောက်သည့် ကားအရေအတွက် နည်းပါးနေသည်ကို တွေ့ခဲ့ရသည်။
စနစ်သစ်စတင်သည့်နေ့တွင် ကားစီးသူ ခရီးသွားများအတွက် ကားလိုင်းအချက်အလက်များ ကူညီပေးရန် လုပ်အားပေး ၈၀၀ ကျော်နှင့် အခြားကူညီလိုသူများကို ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားဂိတ် ၂,၀၀၀ ကျော်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ချထားကူညီပေးခဲ့သည်။
“မနက်ငါးနာရီခွဲကတည်းက ဒီမှာ လက်ကမ်းစာစောင်တွေ ဝေပေးတယ်။ အဲဒီအပြင် စီးရမယ့်ကား မသိသူတွေကို ကားနံပါတ်အလိုက် တင်ပို့ပေးတယ်။ ကိုယ့်ဘာသာ ကူညီကြတာပါ” ဟု မင်္ဂလာဈေးဂိတ်၊ သိမ်ဖြူလမ်းပိုင်းတွင်း လုပ်အားပေးနေသည့် မဝတ်ရည်ပွင့်ဦးက ဆိုသည်။
သတင်း-ဟိန်းကိုစိုးနှင့် ဘိုဘိုသက်