နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းရေး အစီအစဉ်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ။ ဓာတ်ပုံ- စိုးသန်းလင်း
လွှတ်တော်သည် မိမိကိုယ်ကျိုးအတွက် အသုံးချရန် နေရာမဟုတ်သလို ရာထူးရရန် နေရာလည်း မဟုတ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားသည်။
“လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုကို ကိုယ်စားပြုပြီး လွှတ်တော် တက်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုပြီး လွှတ်တော် တက်နေတာ မဟုတ်ပါဘူး။ လွှတ်တော်ဆိုတာဟာ ကိုယ်ကျိုးအတွက် အသုံးချဖို့နေရာလည်း မဟုတ်ပါဘူး။ ရာထူး နေရာရဖို့လည်း မဟုတ်ပါဘူး။ သဘောထား မတူညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး။ အားလုံး ဝိုင်းဝန်းပြီး နိုင်ငံနဲ့ လူမျိုးအကျိုးကို ထမ်းဆောင်ကြရမယ့် နေရာဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေး မြှင့်တင်ရေးအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လွှတ်တော်၏ အဓိက တာဝန်သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးအဖွဲ့တို့ကို စောင့်ကြည့် ကွပ်ကဲရေးနှင့် ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ယခု လွှတ်တော်အရည်အသွေး မြှင့်တင်ရေး အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
ဖေဖော်ဝါရီ ၁၅ မှ ၁၉ ရက်အထိ ကျင်းပမည့် Induction Programme for MPs of Second Hluttaw အစီအစဉ်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)၊ ဘူတန်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ မလေးရှား၊ သြစတြေးလျ၊ အရှေ့တီမောနှင့် ဗြိတိန်နိုင်ငံတို့မှ အစိုးရအဖွဲ့၊ ပါလီမန်များနှင့် လွှတ်တော်ရုံး အသီးသီးတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပေါ်ပေါက်လာသည့် အစီအစဉ်ဖြစ်ကြောင်း သိရသည် ပါကစ္စတန်လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် အရှေ့တီမော လွှတ်တော် ဥက္ကဋ္ဌ၊ သြစတြေးလျ၊၊ ဘူတန်၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ နယူးဇီလန်နှင့် ယူကေလွှတ်တော်များမှ အမတ်များ၊ အတွေ့အကြုံရှိ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် UNDP မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများစသည့် ဆရာ၊ဆ ရာမ ၁၈ ဦးတို့က လွှတ်တော်လုပ်ငန်းနှင့် အမတ်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးသင်ကြားပေးကြမည် ဖြစ်သည်။
“ဒီ အစီအစဉ်ကို ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် ၃၀၃ ဦး၊ အမျိုးသားလွှတ်တော်က ၁၄၉ ဥနဲ့ပြည်သူ့လွှတ်တော် ကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးတို့ တက်ရောက်ကြပါတယ်။ ၁၆၊ ၁၇ နဲ့ ၁၈ ရက်တွေမှာ စုပေါင်း ဆွေးနွေးးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေး ဆောင်ရွက်ကြပါမယ်။ ဖေဖော်ဝါရီ ၁၉ မှာတော့ အမျိုးသမီး လွှတ်တော်အမတ်တွေအတွက် သီးခြားဆွေးနွေး ဆောင်ရွက်ကြပါမယ်” ဟု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
သတင်း- စိုးသန်းလင်း