ရန်ကုန်၊ ဧပြီ ၂၅
တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်း ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ- ဦးဖြိုးမင်းသိန်း ဖေ့ဘုတ်ခ်
စက်မှုလုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အဓိကအခက်အခဲများဖြစ်သည့် ကျူးကျော်ပြဿနာနှင့် လျှပ်စစ်မလုံလောက်မှုတို့ကို ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုံများမှ စက်မှုဇုံ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ယနေ့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတိပေးခဲ့သည်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံစသည့် စက်မှုဇုံအသီးသီးမှ စက်မှုလုပ်ငန်းရှင် ၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါဆွေးနွေးပွဲတွင် ၎င်းတို့ဘက်မှ ထိုပြဿနာများကို အဓိကထား တင်ပြခဲ့ကြသဖြင့် ဝန်ကြီးချုပ်က ထိုသို့ကတိပေးလိုက်ခြင်းဖြစ်သည်။
“ဗီဒီယိုရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ လှိုင်သာယာစက်မှုဇုံမှာ ကျူးကျော်တဲပေါင်း ၈,၀၀၀ ကျော်ရှိ ပါတယ်။ ညဖက်အလုပ်ပြန်တဲ့ အလုပ်သမားတွေကို လုတာယက်တာတွေလည်း ရှိနေပါတယ်” ဟု လှိုင်သာယာစက်မှုဇုံ ဒုဥက္ကဋ္ဌက အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဦးဖြိုးမင်းသိန်းက “ကျူးကျော်ပြဿနာက တစ်နိုင်ငံလုံးမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိတာကလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ရန်ကုန်မှာပဲ အလုပ်ရှိလို့ တက်လာရာကနေ နေစရာမရှိလို့ ကျူးဖြစ်နေတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းပါမယ်။ ဒါပေမဲ့ သူတို့အိမ်ကို ဘူဒိုဇာနဲ့ သွားထိုးလို့တော့ မရပါဘူး” ဟု တုန့်ပြန် ပြောကြားခဲ့သည်။
သို့ရာတွင် ရွှေလင်ဗန်းစက်မှုဇုံဥက္ကဋ္ဌ ဦးအေးသောင်းက “ကျူးကျော်တွေထဲမှာ တကယ် ကျူးမဟုတ်ဘဲ လုပ်စားနေတဲ့ လူတန်းစားတစ်ရပ်ရှိပါတယ်။ အဲဒါကို အရင်ရှင်းမှ ရပါမယ်”ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ စာရင်းအရင် ကောက်ပါမယ်။ နောက်ပြီး အစိုးရဘက်က မြေကြီးရဖို့ တာဝန်ယူပြီး ဆောင်ရွက်ပေးပါမယ်။ လုပ်ငန်းရှင်တွေဘက်က ကိုယ့်ဝန်ထမ်းတွေ သက်သာ ချောင်ချိရေးအတွက် အိမ်ယာဆောက်ပေးတာမျိုး ဝန်ဆောင်မှုပေးဖို့ ပူးပေါင်းကြပါ”ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဘူဒိုဇာအစိုးရတော့ မဖြစ်ချင်ပါဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။
ထို့ပြင် စက်မှုလုပ်ငန်းရှင်များအတွက် အခြားသော အဓိကကျသည့် ပြဿနာကြီးတစ်ခုမှာ လျှပ်စစ်မီး မလုံလောက်မှုဖြစ်သည်ဟု ၎င်းတို့၏ တင်ပြချက်များအရ သိရသည်။
လှိုင်သာယာစက်မှုဇုံသည် လျှပ်စစ်လိုအပ်ချက် မီဂါဝပ် ၂၇၀ ရှိသော်လည်း အစွန်းထွက် ပမာဏပင်မရှိသည့် မီဂါဝပ် ၅၀ သာ ရရှိကြောင်း၊ ထို မီဂါဝပ် ၅၀ ထဲတွင်ပင် မီဂါဝပ် ၂၀ မှာ လုပ်ငန်းရှင်များက ကိုယ်ထူကိုယ်ထ စီမံထားမှုကြောင့် ရရှိနေခြင်းဖြစ်သည်ဟု စက်မှုဇုံ ဒုဥက္ကဋ္ဌက ဝန်ကြီးချုပ်ကို ပြောကြားသည်။
ရွှေလင်ဗန်းစက်မှုဇုံ ဥက္ကဋ္ဌကလည်း “ဈေးတွေ တက်ချင်လဲတက်ပါ။ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုရင်လည်း လုပ်ငန်းရှင်တွေကို ပြောပါ။ မီးလေးသာ ရအောင် လုပ်ပေးပါ။ ပြီးတော့ မှန်အောင်လုပ်ပေးပါ” ဟု ပြောကြားသည်။
ရွှေပြည်သာ စက်မှုဇုံဥက္ကဋ္ဌ ဦးအေးကိုကလည်း ရန်ကုန်တိုင်းဒေသကြီးအား လျှပ်စစ်ပေးရန်အတွက် မြန်မာနိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့ဖက်တွင်သာ အများဆုံး တည်ရှိကြသည့် ရေအားလျှပ်စစ်များကို အားထားလျှင် အလှမ်းဝေးလွန်းသဖြင့် သွယ်တန်းစရိတ်၊ ဖြန့်ဝေစရိတ်များပါ ကုန်ကျမည်ဖြစ်ကြောင်း၊ ဂက်စ်တာဘိုင်များကိုသာ အားထားသင့်ကြောင်း၊ သို့ရာတွင် ယခင်အစိုးရလက်ထက်က ထိုတာဘိုင် လည်ပတ်နိုင်သည့် ဂက်စ်များကို ထိုင်းနိုင်ငံသို့ ၂၀၁၆ ခုနှစ်ကုန်အထိ ကြိုတင်ငွေယူစနစ်နှင့် ရောင်းချခဲ့ပြီးဖြစ်သည်ဟု ၎င်းသိရှိ ထားကြောင်း၊ ထို့ကြောင့် ယခုနှစ်ကုန်တွင် ဂက်စ်များကို မရောင်းချတော့ရန် အကြံပြုခဲ့သည်။
ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ ရန်ကုန်မှာ ဂက်စ်တာဘိုင်နဲ့ လျှပ်စစ်ဖြန့်ဖြူးတဲ့စက် ၁၅ ခုလောက်ရှိ ပါတယ်။ ဒါပေမဲ့ အဲ့ဒီအထဲက ထက်ဝက်လောက်ပဲ လည်ပတ်နိုင်နေပါတယ်။ ဒါကိုကျွန်တော်တို့ အမြန်ဆုံး ပြုပြင်ပါမယ်။ မကြာခင်မိုးကျလာတော့မယ်ဆိုတော့ အဲဒီကာလမှာတော့ လျှပ်စစ်က ပြန်ပေါများ လာပါမယ်။ ဒါကိုအခွင့်ကောင်းယူပြီး နောင်နှစ်နွေရာသီမတိုင်ခင် လျှပ်စစ်လုံလောက်အောင် ကြိုပြီးလုပ်ပါမယ်လို့ ကတိပေးပါတယ်” ဟု ပြောကြားသည်။
သတင်း- ကျော်ဖုန်းကျော်