ရန်ကုန်၊ စက်တင်ဘာ ၂၁
အိမ်အကူကလေးငယ်နှစ်ဦးကို ညှင်းပမ်းနှိပ်စက်မှုဖြင့် လူကုန်ကူးမှုဖြင့် အမှုဖွင့် တိုင်ကြားခံရသည့် အင်းဝ အပ်ချုပ်ဆိုင်အမှုတွင် လူကုန်ကူးမှုကို ဖုံးကွယ်ပေးခဲ့ခြင်းမရှိဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များက ငြင်းဆိုလိုက်သည်။
စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ ကော်မရှင်ရုံး၌ ကော်မရှင်အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် လူကုန်ကူးမှုမြောက်သည့် အဆိုပါအမှုကို ညှိနှိုင်းဖြေရှင်းရန် တိုက်တွန်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်က လူကုန်ကူးမှုကို ဖုံးကွယ်ရာရောက်ရှိခြင်း ရှိမရှိ မေးမြန်းခဲ့ရာ “ကော်မရှင်က လူကုန်ကူးမှုကို ဖုံးကွယ်ထားတာ၊ ပူးပေါင်းကြံစည်ထားတာ မဟုတ်ပါဘူး” ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းနွဲ့က ပြန်လည်ဖြေကြားသည်။
၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေပုဒ်မ ၃၂ အရ မည်သူမဆို ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် ပြင်ဆင်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန်ခွဲခြင်းပြုလျှင်ဖြစ်စေ၊ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် သို့မဟုတ် ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်း ငွေကြေးထောက်ပံ့ခြင်း တစ်ခုခုပြုလုပ်လျှင်ဖြစ်စေ ထိုအမှုအတွက် ဥပဒေတွင် ပြဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့၊ လမ်း ၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသော အိမ်အကူ မိန်းကလေး နှစ်ဦးအား အပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်များက ငါးနှစ်ကြာ နှိပ်စက်ခဲ့သည်ဟုဆိုပြီး အဆိုပါ မိန်းကလေးနှစ်ဦးတွင် လက်ချောင်းများ ကျိုးထားခြင်းအပါအဝင် ဒဏ်ရာများစွာ ရရှိထားသည်ကို တွေ့ရသည်။
အဆိုပါ ဖြစ်ရပ်ကို Myanmar Now သတင်းဌာနက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ဖြစ်စဉ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ထံ တိုင်ကြားခဲ့သည်။ သို့သော် ကော်မရှင်က ကြားဝင် စေ့စပ်ခဲ့ပြီးနောက် အပ်ချုပ်ဆိုင်ပိုင်ရှင်များက မိန်းကလေးငယ်များ၏ မိဘများကို ကျပ် သိန်း ၅၀ လျော်ကြေးပေးကာ ကျေအေးခဲ့ခြင်း ဖြစ်သည်။
ကော်မရှင်၊ ရဲအရာရှိ၊ နှိပ်စက်ခံရသည့် ကလေးမိခင်များနှင့် ကျူးလွန်သူဟု ယူဆရသူများ ကော်မရှင်ရုံးတွင် စက်တင်ဘာ ၁၅ရက်နေ့က တွေ့ဆုံခဲ့သည့် အဆိုပါ ညှိနှိုင်းမှုတွင် ရာဇဝတ်မှုမြောက်သဖြင့် အမှုဖွင့်ရန် သင့်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ကော်မရှင်ထံ ပြောကြားခဲ့သည်။ သို့သော်ကော်မရှင်ကမူ နှစ်ဖက်ညှိနှိုင်းကာ ကြီးသည့်အမှု ငယ်ရန်၊ ငယ်သည့်အမှုပပျောက်ရန် ဆောင်ရွက်ရေးအတွက် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
“အခုအမှုမှာ လူကုန်ကူးမှု ပုဒ်မ ၃၂ တင်မဟုတ်ဘူး။ ပြစ်မှု ထိန်ချန်မှုပါ ကော်မရှင်ကော၊ ရဲတပ်ဖွဲ့ကိုကော အရေးယူလို့ရတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့်လည်း ရဲလက်စွဲ ၁၄(၁၄) အရ ရဲအရေးပိုင်မှုကို ကြားသိသဖြင့် စုံစမ်းဖော်ထုတ် အရေးယူရမည့် တာဝန်ရှိသည့်အပြင်၊ လူကုန်ကူးမှုမြောက်နေသည့် အမှုကို လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ညှိနှိုင်းကျေအေးခြင်းထက် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားစွဲဆိုနိုင်ရေး တိုက်တွန်းရန် တာဝန်ရှိသည်ဟု ၎င်းကပြောသည်။
သတင်းမီဒီယာများနှင့် ကော်မရှင်တို့ ယနေ့တွေ့ဆုံမှုမတိုင်မီတွင်လည်း ကော်မရှင်က လူကုန်ကူးမှုကို ငွေပေး ညှိနှိုင်းဖြေရှင်းရန်သာ တွန်းအားပေးခဲ့သည့်အပေါ် တက်ကြွလှုပ်ရှားသူအချို့က လာရောက် ကော်မရှင်ရုံးရှေ့တွင် လာရောက် ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။
“ကော်မရှင်လုပ်ခဲ့တာကို ပြည်သူတွေ မကျေနပ်ပါဘူး။ သူတို့ပြည်သူတွေအပေါ်ကို မှားကြောင်းဝန်ခံတာကို ဖြစ်စေချင်သလို၊ သူတို့ကိုယ်တိုင်လည်း တာဝန်သိသိနဲ့ နှုတ်ထွက်သင့်ပါတယ်” ဟု ကော်မရှင်၏ ဆောင်ရွက်ချက်အပေါ် လာရောက်ကန့်ကွက်ဆန္ဒပြသူ လူငယ်နှင့် လူမှုသဟဇာတအဖွဲ့မှ ဦးသက်ဆွေဝင်းက ပြောသည်။
ငွေပေးကျေအေးခြင်းနှင့် ပတ်သက်ပြီး ကော်မရှင်တွင် တာဝန်မရှိဟု ဦးဇော်ဝင်းက ပြောကြားသည်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)
သို့သော် ထိုကဲ့သို့ လျော်ကြေးငွေပေးကာ နှစ်ဖက်ကျေအေးခဲ့မှုနှင့် ပတ်သက်ပြီး ”မှန်ခြင်း၊ မှားခြင်းသည် ၎င်းတို့ ကော်မရှင်နှင့် သက်ဆိုင်ခြင်းမရှိ” ဟု ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
အင်းဝအထည်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်များအား အိမ်အကူကလေးနှစ်ဦးကို ညှင်းပမ်းနှိပ်စက်မှုနှင့် ပက်သက်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှုးမျိုးသိန်းက စက်တင်ဘာ ၂၁ ရက်နေ့တွင် တရားလိုအဖြစ်ဆောင်ရွက်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၃၂ ဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားပြီး ဖြစ်သည်။
တိုင်တန်းချက်ကြောင့် ကျောက်တံတားရဲစခန်းက ထိုနေ့က စတင်ကာ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးသန်းအေးက သတင်းသမားများကို ဖြေကြားခဲ့သည်။
ထို့နောက် ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ စက်တင်ဘာ ၂၀ ရက်နေ့ ညတွင် အသက် ၅၇ နှစ်ရှိ ဒေါ်တင်သူဇာအား ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် အသက် ၃၇ နှစ်ရှိ တင်မင်းလတ်(ခ) ဖိုက်ဇယ်နှင့် အသက် ၂၇ နှစ်ရှိ စုမွန်လတ်၊ အသက် ၆၃ နှစ်ရှိ ဦးကိုလတ်အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယခုအခါ အမျိုးသမီးငယ်များအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူစောင့်ရှောက်ထားပြီးဖြစ်သလို ကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ တရားစွဲဆိုထားပြီးဖြစ်ကြောင်းလည်း သိရသည်။
သတင်း- ဟိန်းကိုစိုးနှင့် မြတ်ကျော်သူ