ရခိုင်ပြည်နယ်သည် ပထဝီ အနေအထားအရ သီးခြားဖြစ်နေသဖြင့် ရခိုင်လယ်သမားတို့မှာ ဈေးကွက်နှင့်လည်း အလှမ်းဝေး၊ အထွက်နှုန်း နှစ်ဆတိုးစေမည့် မျိုးကောင်းမျိုးသန့် စပါးမျိုးတို့ကိုလည်း လက်လှမ်းမမှီ ဖြစ်နေလေရာ စားနပ်ရိက္ခာ လုံလောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြရသည်။
Jennifer Macintyre / တက်လမ်း ရေးသားသည်။
မြေပုံမြို့နယ်မှ လယ်သမား ဦးမောင်ကျော်သန်းကို စပါးစိုက် ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် ကပိုင်ချောင်းဒေသတစ်ဝိုက်မှ လူများက အသိအမှတ်ပြုထားကြသည်။
လက်မှတ်ရ မျိုးစေ့ထုတ်လုပ်သူအဖြစ် လက်တွေ့ သင်တန်းပေးလျှက်ရှိသော အသက် ၅၈ နှစ်အရွယ် ဦးမောင်ကျော်သန်းသည် သူ့ဒေသတစ်ဝိုက်မှ လူထု ရိက္ခာဖူလုံရေးအတွက် တစ်တပ်တစ်အား လုပ်ဆောင်လျှက်ရှိသည်။ လွန်ခဲ့သော သုံးနှစ်လုံးလုံး ဆင်သွယ်လတ် အထူးအထွက်တိုး စပါးမျိုးကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သူ ဖြစ်သည်။ နှစ်ရာသီဆက်တိုက် လယ်ကွင်းထဲ ရေလွှမ်းခံခဲ့ရသည့်တိုင် ပျိုးနုတ်ကောက်စိုက်နည်းဖြင့် ၂၀ ရာနှုန်း အထွက်တိုးအောင် ဦးမောင်ကျော်သန်းက လုပ်ဆောင်နိုင်ခဲ့သည်။
တက်လမ်းက ဖွင့်လှစ်ထားသည့် Tat Lan Farmer Field Schools (FFS) တွင် သူလေ့လာသင်ယူခဲ့ရသော စိုက်ပျိုးရေး နည်းပညာများကို လက်တွေ့ကျင့်သုံး လုပ်ကိုင်ရန် ဦးမောင်ကျော်သန်းက လယ်လုပ်သား ၁၂ ယောက်ငှား၍ စပါးပျိုးခင်း ပျိုးထောင်ခြင်း၊ ရက် ၂၀ သားအရွယ် စပါးပျိုးပင်များကို နုတ်ပြီး ကောက်စိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ကောက်စိုက်ရာတွင် တစ်ပင်နှင့် တစ်ပင် ၂၀ စင်တီမီတာ (၈ လက်မ) စီခြား၍ အတန်းလိုက် စိုက်ပျိုးစေရာ တစ်ဧကတွင် စပါးပင် ၁၄၀,၀၀၀ ရအောင် စိုက်ပျိုးခဲ့သည်။
မိရိုးဖလာ အစဉ်အလာအတိုင်း မျိုးကျဲ၍ စိုက်ခြင်းနှင့် နှိုင်းယှဉ်လျှင် ပျိုးနုတ်၊ ကောက်စိုက်ရခြင်းသည် လူလုပ်အား အလွန်လိုအပ်ပြီး အကုန်အကျလည်း များပြားသည်။ သို့သော် ဦးမောင်ကျော်သန်း လက်တွေ့ ဥပမာပြသည့်အတိုင်း ရလဒ်ကတော့ အလွန်အားရစရာ ကောင်းသည်။ သူ၏ ပျိုးခင်းသည် လယ်ကွင်းနှင့် ကပ်လျှက်ရှိရာ အမျိုးသားများက ပျိုးပင်လေးများကို ဆွဲနုတ်ကြပြီး အမျိုးသမီးများက လယ်ကွင်းတွင် အလျင်အမြန် ပြန်၍ကောက်စိုက်နိုင်သဖြင့် နုနယ်သော အမြစ်လေးများ မပျက်စီးနိုင်တော့ပေ။
စိုက်ပျိုးရေး နည်းပညာသစ်ကို လက်ခံကျင့်သုံးသူ ဦးမောင်ကျော်သန်းက “ကျွန်တော်က ပိုးမွှားကာကွယ်နည်း၊ မြေဩဇာ ထိရောက်အောင် အသုံးပြုနည်း၊ ပေါင်းသတ်ပေါင်းနုတ်နည်းနဲ့ ဒေသထွက် စပါးမျိုးတွေထက် ပိုပြီးခံနိုင်ရည်ရှိတဲ့ အထွက်တိုး စပါးမျိုးတွေ အကြောင်းတွေကို ကောင်းကောင်း လေ့လာသင်ယူခဲ့တယ်” ဟု ပြောသည်။
တက်လမ်း ရိက္ခာဖူလုံရေးနှင့် အသက်မွေးပညာ အစီအစဉ်သည် မြေပုံ၊ မင်းပြား၊ ပေါက်တောနှင့် ကျောက်ဖြူမြို့နယ်များတွင်ရှိသော ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်အား နည်းပါးသည့် ကျေးရွာ ၂၄၆ ရွာရှိ ကျေးရွာလူထု၏ ရိက္ခာဖူလုံရေးအတွက် အထွက်တိုးစပါး စိုက်ပျိုးရေး နည်းပညာများကို လယ်ကွင်းတွင်းအရောက် လက်တွေ့ သင်ကြားပို့ချပေးလျှက် ရှိသည်။
ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော စပါးမျိုးစေ့
၂၀၁၄ ခုနှစ်တွင် International Rescue Committee (IRC) က အထွက်တိုး စပါးမျိုး စိုက်ပျိုး၍ မျိုးစပါး ဆတိုးရေး စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ကြရန် လယ်သမား ၈၁၅ ယောက်ကို ဖိတ်ခေါ်လိုက်သည်။ လယ်သမားများသည် ဆားငံရေဝင်မှု ခံနိုင်ရည်ရှိသော ဆင်သွယ်လတ်စပါးမျိုးနှင့် ရေလွှမ်းမိုးမှု ခံနိုင်ရည်ရှိသော Shwarna Sub 1 စပါးမျိုးတို့ အပါအဝင် အထွက်တိုးစပါး ၆,၇၆၇ တင်း စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်။ ဤစပါးမျိုးစေ့များကို ၂၀၁၅ ခုနှစ်တွင် လယ်သမား ၄,၅၁၁ ဦးထံ ဖြန့်ဝေပေးခဲ့သည်။ ထိုနှစ်မှာပင် ကိုမန် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စပါးခင်းဧက ၆၆၇,၀၀၀ ခန့် ရေလွှမ်းမိုးခံခဲ့ရသည်။ အစပိုင်းတွင် လယ်သမား အတော်များများက ထိုအထွက်တိုး စပါးမျိုးစေ့တို့ကို သိပ်အထင်မကြီးခဲ့ကြပေ။ သို့သော် နောက်ပိုင်းတွင် သူတို့ ပျိုးကျဲထားသော တက်လမ်းမျိုးစပါးမှ ပေါက်သည့်ပျိုးပင် ၉၀ ရာခိုင်နှုန်းခန့်သည် ရေလွှမ်းမိုးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြောင်း တွေ့မြင်ကြရသောအခါ တအံ့တဩ ဖြစ်ကြရသည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပြင်းထန်သော ရာသီဥတုမျိုးကို တိုး၍ကြုံလာကြရတော့မည်ဟု မျှော်လင့်ရပေရာ လယ်သမားများအား ရေလွှမ်းမိုးမှုကို ခံနိုင်ရည်ရှိသော မျိုးစပါးစိုက်ပျိုးနည်းများကို သင်ကြားပေးထားရန် အလွန် အရေးကြီးလှသည်။ လယ်သမား ၄၅ ယောက်တို့အား စိုက်ပျိုးရေးဌာန၏ လက်မှတ်ရ မျိုးစေ့ထုတ်လုပ်သူများ ဖြစ်လာအောင် IRC Tat Lan အစီအစဉ်က လေ့ကျင့်သင်ကြားပေးလျှက် ရှိသည်။ ဤသို့ လုပ်ဆောင်ပေးခြင်းဖြင့် ပထဝီအနေအထားအရ မုန်တိုင်းနှင့် ရေလွှမ်းမိုးမှုဒဏ် ကျရောက်လေ့ရှိသော ရခိုင်ပြည်နယ်မှ လယ်သမားများသည် ရေလွှမ်းမှုဒဏ်၊ ပင်လယ်ဆားငံရေဝင်မှုဒဏ်များကို ခံနိုင်ရည်ရှိသော အထွက်တိုး စပါးမျိုးစေ့များကို ရေရှည်ပုံမှန် ရရှိလာနိုင်တော့မည် ဖြစ်သည်။
ပိုးမွှားနှင့် ပေါင်းအညစ်အကြေး ကင်းစင်ပြီး ၈၅ ရာခိုင်နှုန်း အညှောက်ပေါက်သော စပါးမျိုးစေ့များကို စိုက်ပျိုး ထုတ်လုပ်နိုင်သော လယ်သမားကို စိုက်ပျိုးရေးဌာနက အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည်။ ထိုသို့သော မျိုးစပါး ရရှိရန် အစေ့ချွေစက်ဖြင့် အစေ့ချွေရန် လိုအပ်သည်။ အကြောင်းမှာ ကျွဲနွားများဖြင့် နင်း၍ တလင်းနယ် (အစေ့ချွေ) ပါက မျိုးစေ့များကို ပိုးမွှားများ ကူးစက်နိုင်သောကြောင့် ဖြစ်သည်။ တစ်နာရီ ၅၅ တင်း ကျသော အစေ့ချွေစက်တစ်ခု၏ တန်ဖိုးမှာ ကျွဲနွား ၅ ကောင်ဖြင့် ၃ ရက် တလင်းနယ်မှ ၄၅ တင်းသာရသော ကုန်ကျစရိတ်ထက် တစ်ဝက်သာ ရှိပါသည်။
img_4463.jpg
class=
မြေပုံမြို့နယ်မှ ဦးမောင်ကျော်သန်းအား အထွက်တိုးစပါးမျိုးစေ့ထုတ်လုပ်သူအဖြစ် စိုက်ပျိုးရေးဌာနက အသိအမှတ်ပြုထားသည်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း
အစိုးရ စိုက်ပျိုးရေးဌာနနှင့် ပူးပေါင်းလုပ်ကိုင်သော ကျေးရွာအခြေစိုက် လယ်ကွင်းကျောင်းလှုပ်ရှားမှု တက်လမ်း အစီအစဉ် စတင်ချိန်မှစ၍ လယ်သမား ၉,၀၃၁ ဦး ပါဝင်သင်ယူခဲ့ကြရာ ၎င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ အမျိုးသမီးများ ဖြစ်ကြသည်။ သင်တန်းသားများ မိမိတို့ အိမ်ပြန်ရောက်သောအခါ သင်ယူခဲ့သမျှ လက်တွေ့ကျင့်သုံး လုပ်ကိုင်ရန် စိုက်ပျိုးရေးဌာန ဝန်ထမ်းများက အကူအညီပေးသည်။ ဤနည်းဖြင့် အသိပညာများ ရရှိစေပြီး တက်လမ်း အစီအစဉ် ပြီးဆုံးသွားသော အခါတွင်လည်း စိုက်ပျိုးရေး နည်းပညာသစ်များ ရခိုင်ပြည်နယ်တွင် ဆက်လက်ရှင်သန်ကျန်ရစ်မည် ဖြစ်သည်။
စပါးစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ သင်ယူခဲ့သော လယ်သမားများသည်အိမ်ပြန်ရောက်သောအခါ စံပြစိုက်ခင်းတွင် နည်းသစ်ဖြင့် လက်တွေ့စိုက်ပျိုးကြသည်။ လယ်ကွင်းနီးချင်း လယ်သမားများသည် မိမိတို့၏ မိရိုးဖလာ စိုက်ပျိုးသော စပါးနှင့် အထွက်တိုးစပါးတို့ ထွက်ရှိမှု ကွာခြားပုံကို လက်တွေ့ မျက်မြင် ဖြစ်သွားကြသည်။ လယ်သမားများ သဘာဝကလည်း သူတို့ကိုယ်တိုင် စိုက်ပျိုးထားသော မျိုးစေ့စပါးကိုသာ ယုံယုံကြည်ကြည်နှင့် အသုံးပြုစိုက်ပျိုးလိုသော သဘောရှိသည်ဖြစ်ရာ နည်းပညာပြန့်ပွားရေးတွင် စံပြလယ်ကွင်းများက များစွာအရေးပါသည်။
ကျေးရွာများတွင် အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင် ရရှိစေရေး အထောက်အကူ ဖြစ်စေရန်နှင့် ငွေမရှိသော လယ်သမားများ လယ်လုပ်သား ငှားရမ်းခ ပေးနိုင်စေရန် အလို့ငှာ Save The Children အဖွဲ့က လယ်သမား ၂၉၉ ယောက်ကို ဒေါ်လာ ၂၅၀ စီ စိုက်ပျိုးစရိတ်ငွေ ထောက်ပံ့ပေးခဲ့သည်။ Care International မှ ထုတ်ပြန်သော အထောက်အထားများအရ ငွေသားထောက်ပံ့ခြင်းနှင့် ငွေရေးကြေးရေးဆိုင်ရာ ပညာပေးလုပ်ငန်းကြောင့် လယ်သမားများအကြား စိုက်ပျိုးရေး နည်းစနစ်သစ် လက်တွေ့ကျင့်သုံး လုပ်ကိုင်မှု ပိုမိုတိုးပွားလာသည်။ အကြောင်းမူ လယ်သများများအနေနှင့် မျိုးစေ့ရွေးချယ်ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ စပါးချွေခြင်း အလုပ်များလုပ်ရန်အတွက် လယ်ကူလီများ ငှားရမ်းနိုင်လာသောကြောင့် ဖြစ်သည်။ သို့တစေ ထိုအစီအစဉ်ကြောင့် ယာယီအလုပ်အကိုင် တိုးပွားလာသည် မှန်သော်လည်း အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်များသည် အရပ်တပါးသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေသူသာ များသဖြင့် လုပ်သား ရှားပါးသည့် အခက်အခဲ ရှိနေသည်။ မိသားစု သုံးပုံတစ်ပုံခန့်တွင် မိသားစုဝင်တစ်ဦးမှာ တခြားဒေသတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည်ဟု သိရှိရသည်။
တက်လမ်း စီမံချက် ပြီးဆုံးသွားပြီးနောက် စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ရေရှည် ရိက္ခာဖူလုံရေးနှင့် ပတ်သက်၍ Care သုတေသနမှ တွေ့ရှိချက်များအရ လယ်သမားများအနေနှင့် နည်းပညာသစ်များမှ လိုက်နာလုပ်ဆောင်ရန် အရေးကြီးဆုံး အချက်များမှာ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဩဇာကို ထိရောက်စွာ အသုံးချရေး၊ စက်ယန္တရားများ အသုံးပြုရေး၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှု လျှော့ချနိုင်ရန် လေလုံသိုလှောင်ခန်းများ ရရှိရေးတို့ဖြစ်ကြောင်း သိရှိရသည်။
ဦးမောင်ကျော်သန်းက သူပိုင်မြေ ၄ ဧကကို ပျိုးနုတ်ကောက်စိုက် နည်းသစ်ဖြင့် စပါးများ စိုက်ပျိုးထားရာ စုစုပေါင်း စပါးတင်း ၄၂၀ ရလိမ့်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ဈေးကွက်နှင့် အလှမ်းဝေးသဖြင့် စပါး ၂၁ ကီလို (၄၆ပေါင်) ဝင်သော စပါးတစ်အိတ်လျှင် ကျပ် ၃,၀၀၀ သာ ရရှိနိုင်သည်။ သူမည်မျှ ကြိုးစားလုပ်စေကာမူ သူ့လယ်မှ သူ့မိသားစု စရိတ်ကို လုံလောက်အောင် ထုတ်လုပ်ပေးနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူ့ကလေး ၅ ယောက် ပညာသင်စရိတ်အတွက် လောက်ငှမည် မဟုတ်ပေ။ “ကျွန်တော်တို့ မိသားစုမှာ မလေးရှားသွား အလုပ်လုပ်နေတဲ့ ဘွဲ့ရ အကြီးဆုံးသားနဲ့ သူနာပြု သင်တန်းတက်နေတဲ့ သမီးဆီက ပို့တဲ့ငွေကိုပဲ မှီခိုနေရတယ်။ ဒီလယ်ကတော့ ထမင်းစားရရုံပါပဲ” ဟု ဦးမောင်ကျော်သန်းက ပြောသည်။ သူ၏ အငယ်ဆုံး ကလေးက ယခုမှ ၈ တန်းတက်နေသည်ဟု သိရပါသည်။
ရခိုင်ပြည်နယ်က လယ်သမားများအတွက် သူတို့လယ်မှ ဝမ်းစာဖူလုံရုံမျသာ ရရှိနိုင်ကြသည်ဖြစ်ရာ သဘာဝဘေးဒဏ်နှင့် အခြား လူလုပ်ဘေးဒဏ်အမျိုးမျိုးမှလည်း ခံနိုင်ရည်ရှိရန် လိုအပ်မည်ဖြစ်သည်။
တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။