ကမ္ဘာပေါ်က အရည်အသွေးမြင့် ကျောက်ဈေးကွက်မှာ မြန်မာ့ကျောက်စိမ်း ပါ ဝင်မှုအချိုးအစားဟာ ၇၀ ရာခိုင်နှုန်းကျော် ရှိနေပေမယ့် ဒီလုပ်ငန်းက ရရှိတဲ့ အကျိုးအမြတ်တွေ ပြည်သူ့ဘဏ္ဍာထဲစီးဝင်မှု ပမာဏဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်
ဉာဏ်လှိုင်လင်း ရေးသားသည်။
ကျောက်စိမ်းတုံးတွေကတစ်ဆင့် ရောင်ပြန်ဟပ်နေတဲ့ လက်နှိပ်ဓာတ်မီးရောင်တွေကြောင့် ပြိုးပြိုးပြက်ပြက် ဖြစ်နေတဲ့ ဈေးဆိုင်ခန်းတွေအကြားမှာ တစ်ခေါင်းလုံးဖြူ ဆံကေသာပိုင်ရှင်တစ်ဦး လမ်းလျှောက်နေပါတယ်။
သူ့ဆံပင်နဲ့ အရောင်အသွေးဆင်တူ တိုက်ပုံအင်္ကျီ၊ ကော်လံကတုံး တို့ကို ချည်ချောလုံခြည်နဲ့ တွဲဖက် ဝတ်ဆင်ထားပြီး ယိုင်နဲ့နဲ့ ခြေလှမ်းကျဲကြီးတွေ လှမ်းတတ်တဲ့ ဒီပုဂ္ဂိုလ်ဟာ ဘောင်းဘီတွေ၊ စကတ်တွေ ဝတ်ဆင်ရင်း ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားနေတဲ့ အသားဖြူဖြူလူစုစု စုစုကြားမှာတော့ ထင်းထင်းကြီးပေါ့။
“ဘဝကိုပျက်ရောပဲ”။ ဒီစကားဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကြုံခဲ့ရတဲ့ အတိတ်ကို ရည်ညွှန်းပြီး သူက ပြောဆိုလိုက်ခြင်းပါ။ ကျောက်စိမ်းမြို့တော်လို့ဆိုနိုင်တဲ့ တရုတ်ပြည်၊ ရွှေလီမြို့က လက်ညှိုးထိုးမလွဲတဲ့ ကျောက်မျက် ရတနာဆိုင်ခန်းတွေအကြား လိုက်လံပြသရင်း ပြောလိုက်တာ ဖြစ်ပါတယ်။
သူ့နာမည်က ဦးသန်းညွန့်ပါ။ ရွှေလီမြို့ ကျောက်မျက်ရတနာကုန်သည်ကြီးများအဖွဲ့ချုပ်မှာ နာယကအဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးဆီက ဒီလိုစကားကြားရတာဟာ အံ့သြစရာပါပဲ။ အခုလိုက်လံ ပြသနေတဲ့ ဈေးတန်းတွေထဲမှာ သူ့ဆိုင်ခန်း လေးခန်းတောင် ရှိခဲ့ဘူးတယ်ဆိုတဲ့ အသိက မမေးဘဲ မဖြေတတ်တဲ့ ဦးသန်းညွန့်ကို လှုပ်နှိုးလိုက်ဟန်တူပါရဲ့။
“ယွမ် သိန်း ၅၀ ဖိုးလောက်ပါသွားတယ်။ လေလံတော့ပြန်ဆွဲခိုင်းပေမယ့် မတော်လူကိုပါ ဖမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ အဆုံးပဲခံလိုက်ရတော့တာပေ့ါ”တဲ့။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက မြန်မာငွေ ကျပ်သိန်း ၁,၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရပြီးတဲ့နောက် စီးပွားပျက်ခဲ့ရလို့ အခုအချိန်မှာ ပွဲစားသာသာ အသက်မွေးနေရတယ်ဆိုတဲ့ အကြောင်းကို ဦးသန်းညွန့်က ရှင်းပြနေတာပါ။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်သား ဦးသန်းညွန့်ကို အခုလို ဘဝပျက်အောင်လုပ်လိုက်တာ တိုင်းတပါးတော့ မဟုတ်ပါဘူး။ သူ့ရဲ့အမိမြေ မြန်မာနိုင်ငံကပဲ ဖြစ်ပါတယ်။ တရားမဝင် သယ်ယူပို့ဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုထံ အပ်နှံပြီး တရုတ်နယ်စပ် ကြယ်ခေါင်မြို့ကို ပို့ဆောင်လိုက်တဲ့ သူ့ရဲ့ကျောက်စိမ်းတုံးတွေဟာ မူဆယ်မှာ ဖမ်းဆီးခံလိုက်ရခြင်းပါ။
ရွှေလီက ကျောက်မျက်ဆိုင်ခန်းတွေတွေ့မှာတွေ့ရတဲ့ ဦးသန်းညွန့်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
ဒီဖြစ်စဉ်ဟာ ကမ္ဘာပေါ်က အရည်အသွေးမြင့် ကျောက်စိမ်း ဈေးကွက်အတွင်း ၇၀ ရာခိုင်နှုန်းကျော်အထိ ဈေးကွက်ဝေစု ရထားတဲ့ မြန်မာပြည်မှာ ဒီလုပ်ငန်းကို နိုင်ငံသားတိုင်း တရားဝင်လုပ်ခွင့်ရနေတာမျိုး မဟုတ်ဘူးဆိုတာကို သက်သေပြလိုက်သလိုပဲလို့လည်း ဦးသန်းညွန့်ကဆိုတယ်။
၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာထုတ်ပြန်တဲ့ Global Witness ရဲ့ အစီရင်ခံစာမှာတော့ မြန်မာပြည်က ကျောက်စိမ်းလုပ်ငန်းတွေကို တပ်မတော် အသိုင်းအဝိုင်း၊ ကမ္ဘာက အလိုရှိနေတဲ့ မူးယစ်ရာဇာတွေ၊ ခရိုနီတွေသာ တရားဝင် ထိန်းချုပ်လုပ်ကိုင်နေတယ်လို့ ဆိုထားပါတယ်။ Global Witness ဟာ ပဋိပက္ခတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေမှုတွေရဲ့ နောက်ကွယ်က စီးပွားရေး လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုပါ။
“တရုတ်ပြည်ကတော့ တစ်ကယ့် စီးပွားရေးပဲဗျ။ အကျိုးအမြတ်ရတဲ့အလုပ် ဘယ်သူလုပ်လုပ်ပဲ။ အခွန်ဆောင် သင့်ဆောင်ပြီး စည်းနဲ့ ကမ်းနဲ့ လူတိုင်း လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်”လို့ အသက် ၉၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ဘဝ တစ်လျှောက် ဒီလုပ်ငန်းကိုပဲ ဇောက်ချလုပ်ခဲ့တဲ့ ဦးသန်းညွန့်ကပြောတယ်။
သာမန်ပြည်တစ်ဦးအနေနဲ့ တရားဝင်အခြေချဖို့ခက်လှတဲ့ ကျောက်စိမ်းတို့ရဲ့ အမိမြေကနေ တရုတ်ပြည်ထဲကို လာရောက်ပြီး ဒီလုပ်ငန်းနဲ့ အသက်မွေးနေကြတဲ့ မြန်မာ ၃၀,၀၀၀ ကျော်ထဲမှာတော့ သူဟာ ဝါအရင့်ဆုံးပုဂ္ဂိုလ် တစ်ဦးပါပဲ။
ရွှေလီရောက် မြန်မာ ကုန်သည်တွေကလည်း မြန်မာပြည်ထဲမှာ တရားဝင်လုပ်ကိုင်ချင်ရင် ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီကြီးတွေနဲ့ အစိုးရတို့ပေါင်းပြီး တရားဝင်ရောင်းချတဲ့ ပြပွဲက တစ်ဆင့်ဝယ်ယူ၊ အချောထည်လုပ်တန်လုပ်၊ အရိုင်းအတိုင်း ရောင်းတန်ရောင်းမှ ဖြစ်ပေမယ့်လို့ တရုတ်ပြည်မှာတော့ ရောင်းရေးဝယ်တာဟာ သိပ်ကိုလွယ်ကူပါတယ်လို့ ပြောကြတယ်။
“မြန်မာပြည်မှာ ဟိုလူ့ကိုကြောက်ရ ဒီလူ့ကို ကြောက်ရနဲ့ ဘယ်လိုသွားအလုပ်လုပ်မလဲ။ အဲဒီဈေးကွက်ကို ကိုယ်က အလိုအလျောက် မောင်းထုတ်သလို ဖြစ်သွားတယ်လေ။ တိုင်းတပါး ရောက်သွားတယ်”လို့ ဦးဘုန်းကျော်က ဆိုပါတယ်။ သူဟာ ရွှေလီမြန်မာ ကုန်သည်များအသင်းရဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်ပြီး ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကနေ တရုတ်ပြည်ရဲ့ ကျောက်မျက်ဈေးကွက်မှာ လာရောက်အခြေချနေတာ ၂၄ နှစ်ရှိပါပြီ။
အရည်အသွေးမြင့် အရိုင်းတုံးတွေသာမက အချောထည်လုပ်ငန်းကို မကျွမ်းကျင်တဲ့ မြန်မာပြည်မှာ ဈေးကွက်ရှားပါးတဲ့ အရည်အသွေးနိမ့် ကျောက်စိမ်းတွေပါ လွယ်လွယ်ကူကူ ရောင်းဝယ်နိုင်တဲ့အထိ မြန်မာ့ကျောက်စိမ်းကို အသုံးပြုကာ တရုတ်ပြည်ဟာ ဈေးကွက်တည်ထားနိုင်တဲ့အခြေအနေပါ။
မြန်မာ့ကျောက်စိမ်းပမာဏများစွာကိုတွေ့မြင်နိုင်သည့် ကြယ်ခေါင်နှင့် ရွှေလီတွင် အရည်အသွေးနိမ့် အရိုင်းတုံးများကို ကီလိုဂရမ်ဖြင့်ရောင်းချသည့် ဈေးကွက်ပင် ဖြစ်ထွန်းနေသည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
ပြည်တွင်းမှာ လူတိုင်း တရားဝင်လုပ်ခွင့်မရဘဲ ထိန်းချုပ်မှုတွေပြည့်နေတဲ့အခြေအနေဟာ တရားမဝင် လမ်းကြောင်းကို ရွေးချယ်ဖို့သာဖြစ်စေတဲ့အတွက် တိုင်းပြည်ဟာ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေ မရတော့ဘဲ ပြည်ပနိုင်ငံတွေထံ စီးဝင်သွားတော့တယ်လို့ သုံးသပ်ပြသူတွေလည်း ရှိပါတယ်။
“တရားဝင်လုပ်ကိုင်ချင်ရင် ကုမ္ပဏီကြီးတွေကို အကျိုးအမြတ်ပေးပြီး သူတို့ကတစ်ဆင့် အခွန်ဆောင်မှရတယ်” လို့ မန္တလေးက လုပ်ငန်းရှင် ဦးဇော်ဇော်က ဆိုပါတယ်။ ဒါ့အပြင် အခွန်ဆောင်နိုင်တဲ့နေရာက ဈေးကွက် အနီးမှာ ရှိမနေဘဲ တသီးတခြားဖြစ်နေတာဟာလည်း အခက်အခဲတစ်ခုပါလို့ သူကပြောတယ်။
ရွှေလီရောက်မြန်မာ အားလုံးနီးပါးကတော့ ကျောက်စိမ်းဟေ့ဆိုရင် သူ့နိုင်ငံထဲသာ ရောက်အောင်သယ်ခဲ့၊ ဈေးကွက်ရော၊ တရားဝင်ဖြစ်မှုမှာပါ လွယ်လွယ်ကူကူ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရဖို့ တရုတ်တို့က ဖန်တီးပေးထားတဲ့ အခြေအနေကို အသိအမှတ်ပြုပြီး ပြောကြပါတယ်။
“ဒီမှာက သူတို့ဆီကို ကုန်တွေဝင်တော့ သဘာဝသယံဇာတတွေဝင်တော့ သူတို့က ဝင်ခွင့်ပြုထားတယ်။ တရားဝင် သွားခွင့်ပြုထားတယ်။ သွားချင်တဲ့နေရာ သွားလို့ရတယ်”လို့ ရွှေလီဈေးကွက်ထဲမှာ “ညိမ်းစိုးစံ”အမည်နဲ့ ဆိုင်ဖွင့်ထားတဲ့ ကိုရာမက ဆိုပါတယ်။
ကျောက်စိမ်းနှင့် အခြားသောရတနာပစ္စည်းများကို မိုဘိုင်းဖုန်းအသုံးပြုကာ အွန်လိုင်းမှတစ်ဆင့်လည်း ရောင်းဝယ်မှုပြုလုပ်ကြသည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
တရုတ်ပြည်ဟာ ကျောက်စိမ်းကို အဲဒီလောက်အလိုရှိနေတာ မြင်သာပေမယ့် မြန်မာအစိုးရရော တူးဖော် ရောင်းချခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီတွေကပါ ရထိုက်တဲ့ အကျိုးအမြတ်ဖြစ်ဖို့ အားမထုတ်ကြဘဲ အရေအတွက်များများ ထုတ်လုပ်တင်ပို့ဖို့သာ အာရုံစိုက်နေတယ်လို့ သူက မှတ်ချက်ချလိုက်ပါသေးတယ်။
“အခုဟာက စည်းမဲ့ကမ်းမဲ့ ကျောက်တွေကို တူးတယ်။ စည်းမဲ့ကမ်းမဲ့ ဒီမှာ ဟင်းရွက်ကန်စွန်းရွက်လို ပို့ထားတယ်။ တောင်ကြီးတစ်လုံးလုံးဖြိုတယ်။ အားလုံးဒီမှာ လာပို့လိုက်တယ်။ ပုံထားလိုက်တယ်ဆိုတော့ ဈေးကွက်တွေက အကုန်လုံး ပျက်ဆီးကုန်တာပေ့ါ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမရဘဲ ဆုံးရှုံးသွားတာပေ့ါ” လို့ ကိုရာမက ရှင်းပြတယ်။
ရွှေလီဈေးကွက်ထဲမှာ “ညိမ်းစိုးစံ”အမည်နဲ့ ဆိုင်ဖွင့်ထားတဲ့ ကိုရာမ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
အစိုးရဖက်ကတော လွယ်လင့်တကူ သယ်ဆောင် ရောင်းဝယ်ဖောက်ကားနိုင်ဖို့ ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမှာ အခွန်ဆောင်နိုင်တဲ့စခန်းတွေ ဖွင့်လှစ်ပေးထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှု၊ ရောင်းချမှုစတဲ့ ကိစ္စတွေမှာ တိုင်းပြည်ဟာ စနစ်တကျမဖြစ်သေးသလို အကျိုးအမြတ်ရရှိမှုမှာလည်း နစ်နာချက်တွေရှိနေတယ်ဆိုတာတော့ သူတို့လက်ခံထားကြပါတယ်။
ဒါကြောင့် လုပ်ကွက်ချပေးတာကစလို့ ကျောက်မျက်လုပ်ငန်းစဉ်ကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့မူဝါဒကို အရပ်ဖက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပါဝင်ပတ်သတ်နေသူတွေအားလုံးနဲ့ တိုင်ပင်ရေးဆွဲနေပြီး လာမယ့်နှစ်လည် လောက်မှာ အပြီးသတ်ဖို့ မျှော်မှန်းထားတယ်လို့ဆိုတယ်။
“အရင်တုန်းက မူဝါဒမရှိခဲ့တော့ တစ်ချို့ကိစ္စတွေကျတော့ လုပ်ငန်းလုပ်ရတာတွေက ဘယ်လိုလုပ်ရမလဲ ဘယ်လို လုပ်သင့်သလဲဆိုတာတွေက အတွေ့အကြုံနဲ့ အခြေအနေပေါ်ကြည့်ပြီး ပြောင်းပြောင်းပြီး လုပ်သွားရတဲ့ အခြေအနေ ရှိတာပေ့ါ”လို့ ကျောက်စိမ်းလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမင်းသူက ပြောပါတယ်။
လက်ရှိအချိန်အထိတော့ ကျောက်စိမ်းတို့ရဲ့ အမိမြေက ပြည်သူတွေဟာ ဒီကဏ္ဍကနေ ထိုက်သင့်တဲ့ အကျိုး အမြတ်တွေခံစားနေနိုင်ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေဆဲပါပဲ။
ကမ္ဘာ့အကြီးဆုံးကျောက်စိမ်းဖောက်သည် တရုတ်နိုင်ငံရဲ့ သွင်းကုန် အချက်အလက်တွေကို အခြေခံ တွက်ချက်ထားတဲ့ Global Witness ရဲ့ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်း လုပ်ငန်းတစ်ခုလုံးရဲ့တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃၁ ဘီလျံအထိ ရှိတယ်ဆိုပေမယ့် ဒီအထဲက ရာခိုင်နှုန်းမည်မျှဟာ မြန်မာပြည် ပြည်သူတွေထံ စီးဝင်နေပါသလဲဆိုတာကတော့ အဖြေမရှိသေးပါဘူး။
အစိုးရဖက်က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သေချာချက်တစ်ခုတော့တွေ့ရပါတယ်။ ဒီပမာဏဟာ အဲဒီနှစ်က မြန်မာပြည်ရဲ့ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်းရဲ့ ၄၈ ရာခိုင်နှုန်း၊ ကျန်းမာရေး အသုံးစရိတ်ရဲ့ ၄၆ ဆအထိ ရှိနေတယ်ဆိုတာပါပဲ။
ခေါင်းစီးဓာတ်ပုံ- တရုတ်နိုင်ငံ၏ ကျောက်စိမ်းအပေါ်တန်ဖိုးထားမှုကို ဖော်ညွှန်းထားသည့် ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း