နေပြည်တော်၊ မတ် ၂၁
ပြည်ထောင်စုလွှတ်တော်တွင် လာရောက်ရှင်းလင်းပြောကြားနေသည့် ဦးထင်ကျော်ကို လွှတ်တော်တွင်းရှိ ရုပ်မြင်သံကြားမှတစ်ဆင့် တွေ့ရစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
အရေအတွက်ထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် အစိုးရဖွဲ့စည်းရေးအတွက် ဦးဆောင်ဆောင်ရွက်သွားမည်ဟု သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ပြောကြားလိုက်သည်။
”အရေအတွက်ထက် အရည်အချင်း ဦးစားပေးရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝသော အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ဦးတည်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
လက်ရှိအစိုးရထံမှ ယခုမတ်လကုန်တွင် အာဏာလွှဲပြောင်းရယူရမည့် အစိုးရသစ်ဖွဲ့စည်းရာတွင် ပြည်ထောင်စု ဝန်ကြီးဌာန ၂၁ အတွက် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ခန့်အပ်မည်ဟု ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်က တင်ပြထားသည်။ လက်ရှိ အစိုးရတွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုနှင့် ဝန်ကြီး ၃၆ ဦးရှိခဲ့ရာမှ အရေအတွက် လျှော့ချဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
”တချို့သော ဝန်ကြီးဌာနတွေက အမျိုးတူ လုပ်ငန်းသဘောတူဖြစ်တာကြောင့် ပေါင်းစပ် ဖွဲ့စည်းရတာ ရှိပါတယ်” ဟု ဦးထင်ကျော်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးအရေအတွက်ကို ထိုကဲ့သို့ လျှော့ချလိုက်ခြင်းကြောင့် နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်း ၅,၀၀၀ ကျော် ရလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစသည့် နိုင်ငံအတွက် လိုအပ်သည့်နေရာများကို မျှဝေပေးနိုင်မည်ဟုလည်း ၎င်းက ပြောကြားသည်။
ထိုသို့ ပေါင်းစပ်လိုက်ရသည့် ဌာနများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန၏ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ကိုင်ပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်း လုံးဝ မရှိဟု ဦးထင်ကျော်က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုကို ထားရှိရန် ပြည်ထောင်စုလွှတ်တော်က ထောက်ခံမဲ ၆၂၁ မဲ၊ ကန့်ကွက်မဲ သုံးမဲ၊ ကြားနေမဲ ၂၂ မဲဖြင့် ယနေ့အတည်ပြုခဲ့သည်။ ထို့ပြင် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ထားရှိရန်ကိုလည်း ထောက်ခံမဲ ၆၀၁ မဲ၊ ကန့်ကွက်မဲ ၂၂ မဲ၊ ကြားနေမဲ ၁၄ မဲဖြင့် အတည်ပြုခဲ့သည်။
အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းမည်ဖြစ်သည်။ သမဝါယမ၊ သတ္တုတွင်း၊ ရထားပို့ဆောင်ရေး၊ အားကစားနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနစသည့် ဝန်ကြီးဌာနငါးခုကို ဖျက်သိမ်းသွားမည်ဖြစ်သည်။
သမ္မတရုံး ဝန်ကြီးဌာနခြောက်ခုကို ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ပေါင်းစည်းမည်ဖြစ်သကဲ့သို့ သာသနာရေးနှင့် ယဉ်ကျေးမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာနှင့် ပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်၊ ဘဏ္ဍာအခွန်နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစသည်ဖြင့် ဝန်ကြီးဌာနများကို ပေါင်းစည်းသွားမည်ဖြစ်သည်။
သတင်း- စိုးသန်းလင်း