UPDATED on 8:06 PM, October 19
စစ်ကိုင်းတိုင်းဒေသကြီးတွင် အမြန်ရေယာဉ်တိမ်းမှောက် နစ်မြုပ်မှုကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်သည်ဟု အာဏာပိုင်များက အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။ နစ်မြုပ်နေသည့် ရေယာဉ်အား ပြန်လည်ဆယ်ယူလျက်ရှိရာ သေဆုံးသူအရေအတွက်လည်း ဆက်လက်မြင့်တက်လာဖွယ်ရှိသည်ဟု ၎င်းတို့ သတိပေး ပြောကြားသည်။
ကျောင်းဆရာမများနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ အပါအဝင် ခရီးသည်အများအပြားအား သယ်ဆောင်နိုင်သည့် အရေအတွက်ထက် ပိုမိုတင်ဆောင်လာသည့် အဆိုပါ ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အတွင်းတွင် အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
နစ်မြုပ်ပြီးနောက် ခရီးသည် ၁၅၀ ခန့်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် မုံရွာမြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း နစ်မြုပ်သွားခဲ့သည့် အဆိုပါ ရေယာဉ်ပေါ်တွင် ခရီးသည် ၂၅၀ ခန့် တင်ဆောင်လာသည်ဟု အာဏာပိုင်များက ယုံကြည်ထားကြသည့်အတွက် သေဆုံးသူအရေအတွက်မှာ ၁၀၀ ကျော်အထိ ရှိလာနိုင်မည်ကို ၎င်းတို့က စိုးရိမ်နေကြသည်။
နစ်မြုပ်နေသည့် ရေယာဉ်အား ကယ်ဆယ်ရေးသမားများက ကရိန်းဖြင့် ပြန်လည်ဆယ်ယူနေချိန်တွင် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရေယာဉ်၏ တစ်စိတ်တစ်ပိုင်းမှာ ရေပြင်ပေါ် ပေါ်ထွက်လာခဲ့ပြီး ပေါလောမျောပါနေသည့် အလောင်းများကိုလည်း မြင်တွေ့နေရသည်။
“စုစုပေါင်း သေဆုံးသူအရေအတွက်က ၅၃ ဦး ဖြစ်သွားပါပြီ” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစဝီလီဖရက်က အေအက်ဖ်ပီကို အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြောကြားသည်။ ကယ်ဆယ်ရေးနှင့် ဆယ်ယူရေးလုပ်ငန်းများကို ၎င်းက ဦးစီးကြီးကြပ်ဆောင်ရွက်နေသည်။
“ရေယာဉ်တစ်ခုလုံးကို ဒီညမှာ အပြီးဆယ်နိုင်မလားဆိုတာ ကျွန်တာ်တို့ သိပ်မသေချာသေးပါဘူး။ ရေယာဉ်အောက်ထပ်မှာ အလောင်းတွေ ထပ်ရှိနေနိုင်ပါသေးတယ်” ဟု ၎င်းကပြောသည်။
သေဆုံးသူများအတွက် ဘုန်းတော်ကြီးများက ဘာသာရေးအရ ဆောင်ရွက်ဖွယ်ရာများကို ဆောင်ရွက်ပေးနေပြီဖြစ်သည်။
ရေယာဉ်အမှုထမ်းလေးဦးကို ဖမ်းဆီးထားပြီး တရားစွဲဆိုသွားမည်ဟု ဒေသအာဏာပိုင်များထံမှ သိရသည်။
ရေယာဉ်တိမ်းမှောက်မှုကြောင့် လူအသက်ပေါင်းများစွာ ဆုံးရှူံးကာ ပျောက်ဆုံးနေသူများစွာလည်း ရှိနေသေးကြောင်း ကြားသိရသဖြင့်ဝမ်းနည်းပူဆွေးမိကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ခဲ့သည်။
ပေါ်ထွက်လာသည့် ရေယာဉ်အတွင်း ပိတ်မိနေသည့် အလောင်းများကို မြင်တွေ့ရသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ