ရန်ကုန်
အမျိုးသမီး ကိုယ်လုံပညာသင်တန်းတွင် သင်တန်းသူများကို လေ့ကျင့်သင်ကြားပေးနေစဉ်။ ဓာတ်ပုံ- တေဇလှိုင်
အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုများမှ ကာကွယ်နိုင်ရေးအတွက် မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ထားပါတယ်။
အမျိုးသမီးများ လက်လှမ်းမှီနိုင်တဲ့ စရိတ်နဲ့လူများများကို ကိုယ်လုံပညာတက်သွားစေချင်တဲ့ အဓိကရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“အပြင်မှာ သူငယ်ချင်းတွေနဲ့စုပြီး တစ်ခါသွားစားရင် ကုန်တဲ့ စရိတ်ထက် နည်းနည်းလေးပဲပိုများပါတယ်။ ဒီသင်တန်းက ကိုယ့်ဘဝရဲ့လုံခြုံမှုနဲ့လည်း သက်ဆိုင်နေတယ်။ ပြီးတော့ ဒီ သင်တန်းကြေးကို အစ်မတို့က ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး အမျိုးသမီးတွေအတွက် ကိစ္စရပ်တွေမှာ ပြန်အသုံးပြုမှာပါ” လို့ သင်တန်းတည်ထောင်သူ မစောယုကိုက ပြောပါတယ်။
သင်တန်းတွင် သင်တန်းသူ ၁၅ ဦးလက်ခံကာ သင်တန်းကာလ ရက်သတ္တပတ် လေးပတ်ဖြစ်ပြီး တစ်ပတ်တွင် နှစ်ရက် သင်ကြားမည်ဖြစ်ကာ သင်တန်းကြေးက ကျပ်လေးသောင်းဖြစ်ပါတယ်။
“နောက်ပိုင်းမှာ ဥပဒေကလည်း အမျိုးသမီးတွေကို ထိထိရောက်ရောက် တကယ်ကာကွယ်ပေးနိုင်ပြီဆိုတဲ့ အခါကျရင်တော့ ဒါတွေက မတက်လည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ဒါပေမဲ့ တက်ထားတာတော့ အကောင်းဆုံးပါ” လို့ မစောယုကိုက ဆက်လက် ပြောကြားပါတယ်။
သင်တန်းကို ထပ်မံတိုးချဲ့သွားဖို့ အစီအစဉ်ရှိသလို အခြားနေရာတွေမှာလည်း တိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
“ဒီမှာတော့ မရပ်ဘူး။ တခြားနေရာတွေမှာလည်း ထပ်ဖွင့်ဖို့ ရှိတယ်” လို့ တွဲဖက်သင်တန်းတည်ထောင်သူ တစ်ဦးဖြစ်တဲ့ မယုယုဆွေက ပြောပါတယ်။
သင်တန်းသူများထဲမှာ သင်တန်းဆရာမအဖြစ် ဆက်လက်သင်ယူချင်သူများကို သင်တန်းပေးရန် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
“သူတို့ဘက်က စိတ်ဝင်စားရင် ညီမအနေနဲ့ အကုန်လုံး Sharing လုပ်ဖို့ အသင့်ပါ။ အဓိကက များများသိ၊ များများတတ်၊ များများ ကာကွယ်နိုင်လေ ပိုကောင်းပါတယ်” လို့ သင်တန်း ဆရာမ မီရှယ်လ်က ပြောပါတယ်။
သင်တန်းသူတစ်ဦးဖြစ်တဲ့ မဒီဘိုရာညီက လမ်းမှာနေလည်း မလုံခြုံ၊ အိမ်မှာနေလည်း မလုံမခြုံ ခံစားနေရသည့် အမျိုးသမီးထုအတွက် မလုံခြုံမှုများကြားတွင် ယခုလို သင်တန်းမျိုးကြောင့် ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမယ် ဆိုသည်ကို သိရတာကြောင့် အရမ်းကောင်းတဲ့အစီအစဉ်ဖြစ်တယ်လို့ ပြောပါတယ်။
“တကယ်တမ်း ပိုအရေးကြီးတာက အမျိုးသားတွေ ဒီလို မလုပ်အောင် သူတို့ကို ပညာပေးရမဲ့အပိုင်းပေါ့။ အဲ့အဆင့်ထိ ရောက်ဖို့ အဆင့်ဆင့်သွားဖို့ လိုသေးတယ်။ အချိန်တွေအများကြီး လိုသေးတယ်” လို့ သူကပြောပါတယ်။
သင်တန်းကို အမှတ် ၁၂၄၊ လမ်း၅၀ (အလယ်ဘလောက်)၊ ဒုတိယထပ်(ညာ)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
သတင်း- သီရိဟန်