နေပြည်တော်၊ မတ် ၁၇
မတ် ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ ကိုယ်စားလှယ်များ ရောက်ရှိလာစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုနှင့် ဝန်ကြီး ၁၈ ဦးသာ ထားရှိသွားမည်ဟု သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ ယနေ့တင်သွင်းခဲ့သည်။
ယခုလကုန်တွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးရတော့မည့် သမ္မတ ဦးသိန်းစိန် အစိုးရတွင် ပြည်ထောင်စု ဝန်ကြီးဌာန ၃၆ ခုနှင့် ဝန်ကြီး ၃၈ ဦးရှိရာမှ အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနကို ၂၁ ခုအထိ လေ ျှာ့ချကာ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးသာ ထားရှိမည်ဟု သမ္မတသစ်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။ သို့သော် အဆိုပါ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးတွင် တပ်မတော်က တိုက်ရိုက်ခန့်ထားနိုင်သည့် ပြည်ထောင်စုဝန်ကြီးသုံးဦး ပါဝင်မှု ရှိမရှိကိုမူ မသိရှိရသေးပေ။
တပ်မတော်က ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီးများကို သမ္မတ၏ သဘောတူညီမှုဖြင့် တိုက်ရိုက်ခန့်အပ်နိုင်သည်။
ယခင်ဝန်ကြီးဌာနများထဲကအချို့ကို ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုမူ အသစ်ဖွဲ့စည်းခဲ့သည်။ အချို့ဝန်ကြီးဌာနများကိုမူ မူလအတိုင်းသာ ထားရှိသည်ကို တွေ့ရသည်။
သမဝါယမ၊ ရထားပို့ဆောင်ရေး၊ အားကစားနှင့် သိပ္ဗံနှင့် နည်းပညာဝန်ကြီးဌာနများကို ပယ်ဖျက်သွားမည်ဖြစ်ကာ အဆိုပါ ဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို အခြားဝန်ကြီးဌာနတွင် ပေါင်းစည်းသွားမည်ဖြစ်သည်။
အဆိုပါ ဝန်ကြီးဌာနများ ဖွဲ့စည်းမှုကို ပြည်ထောင်စုလွှတ်တော်တွင် မတ် ၁၈ ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်သည်။
အစိုးရသစ်တွင် ပါဝင်မည့် ပြည်ထောင်စု ဝန်ကြီးဌာနများ
(၁) နိုင်ငံခြားရေး ဝန်ကြီးဌာန
(၂) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(၃) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
(၄) ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန
(၅) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
(၆) လ ျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
(၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
(၈) အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန
(၉) စက်မှု ဝန်ကြီးဌာန
(၁၀) ကျန်းမာရေး ဝန်ကြီးဌာန
(၁၁) ပညာရေး ဝန်ကြီးဌာန
(၁၂) ဆောက်လုပ်ရေး ဝန်ကြီးဌာန
(၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
(၁၄) ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
(၁၅) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
(၁၆) ပြန်ကြားရေး ဝန်ကြီးဌာန
(၁၇) တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန
(၁၈) သမ္မတရုံး ဝန်ကြီးဌာန
(၁၉) ကာကွယ်ရေး ဝန်ကြီးဌာန
(၂၀) ပြည်ထဲရေး ဝန်ကြီးဌာန
(၂၁) နယ်စပ်ရေးရာ ဝန်ကြီးဌာန
သတင်း- စိုးသန်းလင်းနှင့် ဆန်းဦး