နေပြည်တော်၊ မေ ၃
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း
ပြည်သူတွေရွေးချယ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်နဲ့ လက်တွဲပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အစွမ်းကုန်ထောက်ပံ့ကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖူမီအိုခိရှိဒါက ယနေ့ နေပြည်တော်မှာ ပြောကြားလိုက်ပါတယ်။
“မြန်မာအစိုးရနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သေသေချာချာ ချိတ်ဆက်ဆွေးနွေးပြီး လိုအပ်ချက်တွေကို သေသေချာချာဆွေးနွေးပြီး ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်မှာပါ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာဖူမီအိုခိရှိဒါဟာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီး နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။ သူ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ လက်ခံတွေ့ဆုံတာဖြစ်ပေမယ့်လို့ မစ္စတာဖူမီအိုခိရှိဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် လေးကြိမ်ထက်မနည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်နိုင်ငံကို ထပ်မံလာရောက်လည်ပတ်ဖို့ သတင်းထောက်တွေရှေ့မှာ သူက ဖိတ်ခေါ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေနဲ့ မတူညီတဲ့ ဆက်ဆံမှုမျိုးရှိတဲ့ ဂျပန်နိုင်ငံကို အပြစ်တင်စရာမရှိဘဲ မြန်မာနိုင်ငံအပေါ်ထားတဲ့ ဂျပန်နိုင်ငံသူနိုင်ငံသားများရဲ့ စေတနာမေတ္တာကို ဝန်ကြီးကတစ်ဆင့် အသိအမှတ်ပြုကြောင်းပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ကတော့ အလုပ်အကိုင်ဖန်တီးရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍတွေမှာ အစွမ်းကုန်ကူညီမှာဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကိုလည်း ဘက်ပေါင်းစုံကနေ အားပေးကူညီမယ်လို့ မစ္စတာဖူမီအိုခိရှိဒါက ဆိုပါတယ်။
“ဘယ်လိုပဲဖြစ်နေပါစေ မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေးခေါင်းစဉ်ကို အလေးထားပြီး အစွမ်းကုန် ကူညီဆောင်ရွက်သွားမယ်” လို့ သူက ပြောတယ်။ ဒါ့အပြင် ဂျပန်ရော၊ မြန်မာလုပ်ငန်းရှင်တွေပါ နှစ်ဖက်စလုံးအကျိုး ခံစားနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုပတ်ဝန်းကျင်ကောင်းကို အတူတကွတည်ဆောက်မှာဖြစ်တယ်လို့လည်း သူက ကတိပြုခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖူမီအိုခိရှိဒါရဲ့ ယခုခရီးစဉ်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သွားရောက်တွေ့ဆုံဖို့ ထွက်ခွာသွားပါတယ်။ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံပူးတွဲထုတ်ပြန်တဲ့ အသိပေးချက်မှာတော့ မြန်မာနဲ့ ဂျပန်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကဏ္ဍစုံတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဂျပန်ရင်းနှီးမြှပ်နှံမှုများ ပိုမိုလာရောက်ရေး၊ ဂျပန်နဲ့ အာဆီယံအဖွဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှုတို့ကို ပူးပေါင်းဖြေရှင်းရေး ကိစ္စရပ်များ ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။
သတင်း- ဉာဏ်လှိုင်လင်း