ရန်ကုန်၊ ဧပြီ ၈
ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံနေရသော ဦးသက်ဝေ (ကာတွန်း ဒဲ့ဒိုး) ပြန်လည် လွတ်မြောက်လာစဉ်။ ဓာတ်ပုံ- မြတ်ကျော်သူ
ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထာင်မှ လွတ်ရက်စေ့သည့် အကျဉ်းသား ၄၄၂ ဦး ယနေ့ လွတ်မြောက်မည်ဟု အကျဉ်းဦးစီးဌာန အာဏာပိုင်များက ပြောသည်။
အဆိုပါ ၄၄၂ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးဘဲ တရားဝင် ထုတ်ပြန်ကြေညာခြင်းလည်း မရှိသေးပေ။ယခုအချိန်ထိ ပုဒ်မ ၁၈ ဖြင့် အကျဉ်းကျနေသူတစ်ဦးသာ လွတ်မြောက်ပြီး ဖြစ်သည်။
၎င်းမှာ ဗိုလ်ကြီးနေမျိုးဇင်ကို လွှတ်ပေးရေး တကိုယ်တော် ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံနေရသော ဦးသက်ဝေ (ကာတွန်း ဒဲ့ဒိုး) ဖြစ်သည်။
မန္တလေး အိုးဘိုထောင်တွင်လည်း သြင်္ကန်နှစ်သစ်ကူး ပိတ်ရက်များအတွင်း လွတ်ရက်စေ့မည့် အကျဉ်းသားများကို စတင်လွှတ်ပေးနေပြီး ယခုအချိန်အထိ နိုင်ငံရေးဖြင့် ဆက်နွယ်နေသည့် အမှုများဖြင့် အကျဉ်းချခံထားရသူ တစ်ဦးမ ျှ ပါဝင်လာခြင်း မရှိသေးပဲ မိသားစုဝင်များကလည်း လာရောက် စောင့်ဆိုင်းနေကြသည်။
အိုးဘိုထောင်မှ အမျိုးသမီး ၃၀ ဦးအပါအဝင် အကျဉ်းသား ၁၄၀ အား ယနေ့ လွှတ်ပေးမည်ဖြစ်သည်ဟု သိရသည်။
တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ ယနေ့ပြန်လည် လွှတ်ပေးမည့်သူများ အားလုံးမှာ သြင်္ကန်နှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း လွတ်ရက်စေ့မည့်သူများအား ကြိုတင်လွှတ်ပေးခြင်းသာ ဖြစ်သည်ဟု သိရသည်။
နှစ်သစ်ကူး အခါသမယတွင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ကျောင်းသား ကျောင်းသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက်က လက်မှတ်ရေးထိုး ကြေညာခဲ့သည်။
၎င်းတို့ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရ၏ ဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်းသုံးသွယ်ကို ပြဋ္ဌာန်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်ကျခံနေရသူ တစ်ဦးဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ၊ တစ်စုတစ်ဖွဲ့ကို ဖြစ်စေ၊ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးနိုင်ပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်အရလည်း နိုင်ငံတော် သမ္မတက ပြစ်ဒဏ်ကျခံနေရသူအား စည်းကမ်းချက်ထား၍ ဖြစ်စေ ၊ စည်းကမ်းချက် မထားဘဲဖြစ်စေ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်ကြောင်းကို ဖော်ပြထားသည်။
ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) တွင်မူ သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိရာတွင် ပြစ်မှုဖြင့် ပြစ်ဒဏ် ကျခံနေရသူများ၊ ပြစ်မှုဖြင့် အမှုရင်ဆိုင်နေရသူများအားလုံး အကျုံးဝင်ကြောင်းနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ မည်သည့် အစိုးရရှေ့နေမဆို စစ်ဆေး စီရင်သော အမှုများတွင် စီရင်ချက်မချမီ လူတစ်ယောက်ကို ၎င်းအပေါ် စွဲဆိုထားသော အမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုတ်သိမ်းနိုင်ကြောင်းကို ဖော်ပြထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
_tzh0921.jpg
title=
ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းမှာ အပိုဒ် ၁၊ အပိုဒ်ခွဲ (က) နှင့် (ဂ) တို့ ဖြစ်ရာ ထိုနည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးနှင့် ဆက်နွယ်သော အမှုများဖြင့် အကျဉ်းချခံထားသူများအပါအဝင် သာယာဝတီတွင် အမှုရင်ဆိုင်နေရသော ကျောင်းသားကျောင်းသူများ ယနေ့ ပြန်လည် လွတ်မြောက်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ အဆိုအရ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၉၀ ဦး ရှိနေပြီး ဖေဖော်ဝါရီလအထိ တက်ကြွလှုပ်ရှားသူ ၄၀၀ ဦးမှာ အမှုအသီးသီးဖြင့် တရားရင်ဆိုင်နေရသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားလုံးဝမရှိစေရဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး စတက်ဖင် ဒီယွန်က ဧပြီ ၇ ရက်နေ့ညက ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်း- မြတ်ကျော်သူ