“အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စနစ်တကျ ပြင်ဆင်နေပါတယ်” ဦးအောင်ကြည်၊…

ကလဲရ် ဟမ်မွန် နှင့် ဝင်းဇာနည်အောင်

မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဘယ်လိုကြိုးပမ်းနေတယ်ဆိုတာကို ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က Frontier ကို ဇွန် ၁၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်က သူ သမ္မတဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီက သူက ဘာတွေ ပြောကြားခဲ့ပါသလဲ။ ကော်မရှင်ကို သူက ဘယ်လို ပံ့ပိုးပေးမှာလဲ။

အန်ကယ်တို့ ကော်မရှင်ကို သမ္မတကြီးကခေါ်ပြီးတော့ တွေ့ဆုံတယ်။ လမ်းညွှန်ချက်တွေ ပေးတယ်။ အဲဒီပေါ်မှာ ဝမ်းလည်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ အဓိကကတော့ သမ္မတကြီးပေးတဲ့ သတင်းစကားက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ နိုင်ငံရေးဆန္ဒ ပြင်းပြစွာ ရှိနေတာကို ဖော်ပြခြင်း ဖြစ်တယ်။ နောက်ပြီးတော့ အန်ကယ်တို့  လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်မှာ ဘာအခက်ခဲတွေရှိနေလဲ။ အဲဒါတွေထိရောက်အောင် ဘယ်လိုကူညီ ဆောင်ရွက်ပေးရမလဲ။ သူကူညီ ဆေင်ရွက်နိုင်တာမှန်သမျှကို ကူညီ ဆောင်ရွက်ပေးမယ်။ လုပ်ငန်းတွေကိုပိုမိုပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားပါ။ အဓိကတော့ အဲဒါလောက်ပြောတာပါ။

အဲဒီတွေ့ဆုံပွဲကနေ တစ်စုံတစ်ရာ ထူးထူးခြားခြား ဘာတွေရရှိလဲ။

အဓိကတော့သူရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် သူ့ရဲ့စိတ်ဆန္ဒရှိမှုကို တိတိကျကျ ဖော်ပြတာကိုက အန်ကယ်တို့ရဲ့ လုပ်ငန်းစဉ်များမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ အန်ကယ်တို့ အနေနဲ့ ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောခဲ့သွားပြီလေ။ ရှေ့အနာဂတ် လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်။ အဲဒီလုပ်ငန်းစဉ် တစ်ချို့ကိုလည်း နိုင်ငံတော်သမ္မတကြီးကို တင်ပြဖြစ်တယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အားပေးတယ်ဆိုတဲ့ အနေထားရှိပါတယ်။ အခက်ခဲအနေနဲ့ကတော့ အန်ကယ်တို့ လက်ရှိ ဆောင်ရွက်နေတဲ့အတိုင်း၊ လက်ရှိဥပဒေရဲ့ မူဘောင်က လုပ်ရ ကိုင်ရခက်ခဲတယ်။ လက်တွေ့အကောင်ထည်ဖော်ဖို့ အားနည်းတယ်။ ဒါကြောင့်မို့ ထိရောက်တဲ့ အဂတိ လိုက်စားမှုဥပဒေ စတုတ္တအကြိမ် ပြင်ဆင်ချက်ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ သူက ယခင်က လွှတ်တော်ဥက္ကဋ္ဌကာလကတည်းက ဒီကိစ္စကို သိနေပြီးဖြစ်နေတော့ ဒီကိစ္စကိုလည်း သူအနေနဲ့ သဘောတူတယ်ဆိုပြိး အသိအမှတ်ပြု ပြောပါတယ်။ ဒါတွေအားလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ပြင်ဆင်နေတဲ့ လုပ်ငန်းတွေအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။

ဥပဒေအရဆို ကော်မရှင်အနေနဲ့ သမ္မတထံ တင်ပြရပါတယ်။ သမ္မတအနေနဲ့ အန်ကယ်တို့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်ခွင့် ရှိပါသလား။

နှစ်ခုပဲရှိတယ်။ နံပါတ်၁ က ဥပဒေအရ လုပ်ပိုင်ခွင့်ပေးတဲ့အထဲမှာ နိုင်ငံတော်သမ္မရယ်၊ လွှတ်တော်ဥက္ကဌ(၂) ယောက်ရယ်က တာဝန်ပေးအပ်လာတာရှိရင် အဲဒါတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရမယ်ဆိုတဲ့ ပြဌာန်းချက်ရှိတယ်။ နံပတ် ၂ က အရေးယူဆောင်ရွက်တဲ့ကိစ္စတွေကို ပုဒ်မ (၁၆)(င)အရ ဆောင်ရွက်စရာတွေ ဆောင်ရွက်ပြီးပါက နိုင်ငံတော်သမ္မဆီ၊ လွှတ်တော်ဥက္ကဋ္ဌများ ဆီတင်ပြတာ ရှိတယ်။ အဲဒီနှစ်ချက်ကလွဲပြီး အန်ကယ်တို့ရဲ့ တိုင်ကြားစာ စိစစ်ရေးယန္တရားမှာသော်လည်းကောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်မှာသော်လည်းကောင်း၊ ဆုံးဖြတ်ချချမှတ်ခြင်း လုပ်ငန်းစဉ်မှာသော်လည်းကောင်း လုံးဝ ပါဝင်စွက်ဖက်ခြင်းမပြုပါဘူး။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ ပတ်သက်တဲ့အမှုကို သမ္မတက စုံစမ်းစစ်ဆေးစေတာလား။ ဒါမှမဟုတ် အန်ကယ်တို့ကပဲ စီစဉ်ခဲ့တာလား။

ဒီတိုင်စာက သမ္မတဆီက လွှဲပြောင်းရောက်ရှိလာတဲ့ တိုင်စာတစ်စောင် ဖြစ်ပါတယ်။ ဒီတိုင်စာမှာ စာလေးတစ်စောင်ပဲ ရောက်ရှိလာတာဖြစ်ပြီး အဲဒီတိုင်စာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ပါ၊ ဘယ်လိုကိုင်ပါဆိုတဲ့ လမ်းညွှန်ချက်တို့၊ ကြပ်မတ်မှုတို့ အကြံဉာဏ်ပေးတာတို့ မပါဘူး။ လိုအပ်သလို စစ်ဆေးပါဆိုပြိး လွဲှပြောင်း ရောက်ရှိလာတာဖြစ်တယ်။ အဲဒီပေါ်မူတည်ပြီး ဥပဒေနဲ့အညီ တိုင်ကြားမှုယန္တယား စိစစ်ရေး ကော်မတီဆိုတာ ရှိတယ်။ အဲဒီကော်မတီကနေပြီး ဒီတိုင်ကြားစာဟာ စုံစမ်းစစ်ဆေးဖို့ လိုအပ်သလား၊ မလိုအပ်ဖူးလားဆိုတာကို ယန္တရားက စစ်ဆေးတယ်။ စစ်ဆေးပြီး လိုအပ်တယ်လို့ ဆုံးဖြတ်တဲ့အခါမှာ ကော်မရှင်အစည်းအဝေးမှာ ဒီကိစ္စကို စဉ်းစားတယ်။ ကော်မရှင် အစည်းအဝေးကလည်း လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဒီမှာကော်မရှင်အဖွဲ့ဝင်တစ်ဦးကို တာဝန်ပေးအပ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွ့ဲစည်းလိုက်တယ်။ ဖွဲ့စည်းပြီးတာနဲ့ ဒီကော်မတီက ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် လုပ်တော့တာပါပဲ။ စုံစမ်းစစ်ဆေးဖို့ ပြည့်စုံပြီဆိုတဲ့ အချိန်မှသာ အန်ကယ်တို့ဆီကို တင်ပြတယ်။ ကော်မရှင်အစည်းအဝေးမှာ စဉ်းစားပြီးတော့မှ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးတဲ့အခါကျတော့မှ ဆုံးဖြတ်ချက်အရ ဇွန် ၉ ရက်နေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ဖော်ပြခဲ့သလိုပဲ ဒီကိစ္စဟာတိုင်ကြားစာမှာ ပါဝင်တဲ့ တိုင်တန်းချက်တွေနဲ့ အဂတိလိုက်စားမှုဥပဒေနဲ့ ညိစွန်းမှု မရှိဘူးလို့ အန်ကယ်တို့ကော်မရှင်က ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးတာကို နိုင်ငံတော်သမ္မတဆီကိုရော၊ လွှတ်တော်ဥက္ကဌများဆီကိုရော ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အန်ကယ်တို့ လုပ်ပိုင်ခွင့်က သုံးမျိုးပဲရှိတယ်။ နံပါတ် ၁ က ကော်မတီက စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြုလုပ်တဲ့အခါမှာ တိုင်တန်းချက်တွေဟာ မှန်ကန်ခြင်းရှိမရှိ၊ တိုင်တန်းချက်ဟာ မှန်ကန်ခြင်းမရှိဘူးဆိုရင် ပလပ်နိုင်တယ်။ ဒုတိယတစ်မျိုးကတော့ တိုင်တန်းချက်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူဘဲ နိုင်ငံတော်ဝန်ထမ်းဥပဒေနဲ့သာ အရေးယူမယ်ဆိုရင်လည်း သက်ဆိုင်ရာအကြီးအကဲတွေဆီ လွှဲပြောင်းပေးတယ်။ နောက်တစ်ချက်ကတော့ ဒီစုံစမ်းစစ်ဆေးချက်မှာ တိုင်တန်းချက်တွေ မှန်ကန်တယ်။ ခိုင်မာတယ်ဆိုရင် တန်းပြီး တရားစွဲတယ်။ တရားစွဲရင် ဘာကြောင့်တရားစွဲတယ်။ သူက တိုင်တန်းချက်နဲ့ပတ်သက်ပြီး ကျူးလွန်ဖို့ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သူ့ကိုတရားစွဲဆိုဖို့ ဆောင်ရွက်နေပြီဆိုတာ အဲဒီအချိန်မှ ထုတ်ပြန်တယ်။ အဲဒီသုံးချက်ကို လုပ်နိုင်တယ်။ ဥ့ီးကျော်ဝင်းကိစ္စကတော့ ပုဒ်မ ၂၈/က (၁) အရ တိုင်တန်းချက်တွေဟာ ဥပဒေအရ ခိုင်မာတဲ့ အထောက်အထားမဖြစ်ဘူးလို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီမှာတင် အန်ကယ်တို့ အလုပ်က ပြီးသွားပါပြီ။

စီမံဘဏ္ဍာဝန်ကြီးဟောင်းအပေါ် စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့မှုတွေကို ပြောပြပေးလို့ရလား။

အန်ကယ်တို့က တိုင်တန်းချက်တစ်ခု ရလာရင် အဲဒီတိုင်တန်းချက်ကို ခွဲခြမ်းစိတ်ဖြာလိုက်တယ်။ ဘယ်နှစ်ချက်ရှိလဲဆိုတဲ့ အချက်တွေ ခွဲခြမ်း စိတ်ဖြာလိုက်တော့ တိုင်တန်းချက်မှာ ရှစ်ချက်ရှိတယ်ဆိုတာကို တေ့ွရတယ်။ ရှစ်ချက်မှာ ပထမသုံးချက်က လူမှုရေးကိစ္စတွေဖြစ်တော့ အန်ကယ်တို့ဥပဒေနဲ့ မညိစွန်းတဲ့အတွက် ဒါကို ထည့်မစဉ်းစားဘူး။ နှစ်ချက်ကတော့ အရေးကြီးတဲ့အချက် ဖြစ်တယ်။ တကယ်ကျူးလွန်ခဲ့ရင် ဥပဒေအရ အရေးယူရမှာဖြစ်တယ်။ အဲဒီ နှစ်ချက်စလုံးက သူတာဝန်မယူခင်က ဖြစ်ခဲ့တဲ့အချက်။ နောက်တစ်ခုက တာဝန်မယူခင်က ဖြစ်ခဲ့တဲ့ကိစ္စပေါ်မှာ ဆက်လက်ဆောင်ရွက်ခြင်း ကိစ္စ၊ ဆက်လက်ဆောင်ရွက်ရာမှာလည်း သူကိုယ်တိုင်ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒုဝန်ကြီး ဦးစီးတဲ့အဖွဲ့တစ်ဖွဲ့နဲ့ စစ်ဆေးပြီး ဆောင်ရွက်က်ခဲ့တယ်။ ဆောင်ရွက်လု့ိ တေ့ွရှိချက်ကို အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြခဲ့တယ်။ အစိုးရအဖွဲ့အစည်းဝေးကလည်း ဥပဒေနဲ့အညီ စိစစ်ပြီးတော့ လက်ခံဆောင်ရွက်ထားတဲ့ အချက်ဖြစ်တဲ့အတွက် သူ့အပေါ်မှာ တာဝန်မရှိဘူးလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့သုံးချက်ကို စစ်ဆေးလိုက်တဲ့အခါမှာ မမှန်ကန်တဲ့ တိုင်တန်းချက် ဖြစ်နေတာတွေ့ရတယ်။ မမှန်ကန်တဲ့ တိုင်တန်းချက်မှာ တစ်ချက်က ဘာလဲဆိုတော့ သူရဲ့သားသမီးဟာ ဇိမ်ခံကားတွေ အများကြီးပိုင်တယ်ဆိုတဲ့ တိုင်တန်းချက်မျိုး ဖြစ်တယ်။ အဲဒီတိုင်တန်းချက်ကျတော့ လူကြီးပဲ ခေါ်မေးလို့မရနိုင်ဘူး။ မြေပြင်မှာ တကယ်ဇိမ်ခံကားတွေ ရှိနေသလား။ မရှိဘူးလားဆိုတာ ဆင်းကြည့်ရတယ်။ အဲဒီလိုဆင်းကြည့်ဖို့အတွက် အန်ကယ်တို့ဆီက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက သူရဲ့နေရာတွေ၊ အိမ်တွေမှာ သွားကြည့်တယ်။ သွားကြည့်တဲ့အခါမှာ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ရပ်ကွက်က တာဝန်ရှိတဲ့သူပါ ခေါ်ပြီး သွားကြည့်တယ်။ လိုအပ်တဲ့ဟာတွေကို ဓာတ်ပုံရိုက်တယ်။ ပိုင်ဆိုင်မှုတွေကို ကြည့်တယ်။ အဲဒီလိုကြည့်တဲ့အခါကျတော့ ကားတွေကလည်း ဇိမ်ခံကားအဆင့်တန်းရှိတဲ့ ကားတွေမဟုတ်ဘဲနဲ့ သာမန် ကားရောင်းကားဝယ်လုပ်နေတဲ့ လူတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးကွက်ထဲမှာ တွေ့နေရတဲ့ သာမန်ကားတွေပဲ။ တိုင်တန်းချက်ဟာ ဒါ့ကြောင့်မမှန်ကန်ဘူးလု့ိ ပြောလိုက်တာ။ ကျန်တဲ့ တစ်ချက်က ဂေါက်သီးပြိုင်ပွဲမှာလုပ်တာကလည်း အခွင့်ရေးတောင်းဆိုခြင်း မရှိဘူး။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် လုပ်တာမဟုတ်ဘူး။ လုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာတိုင်းလုပ်တယ်လို့ တွက်လို့ရတယ်။ အဲဒါကြောင့် ဒါတွေက ဥပဒေနဲ့ အရေးယူရအောင်မခိုင်လုံဘူးလို့ တွက်တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုမပြီးခင်မှာ အမှုက လူသိရှင်ကြားဖြစ်သွားတာ မတော်တဆလား။

တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ တမင်တကာဖြစ်တာ။ အဲဒါကိုလည်း စိတ်မကောင်းဘူး။ ဘာကြောင့် စိတ်မကောင်း တာလဲဆိုရင် အန်ကယ်တို့အနေနဲ့ စုံစမ်းစစ်ဆေးတဲ့ကာလမှာ ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောကြားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်ကို တိုင်စာရေးတာ အရမ်းလွယ်တယ်။ တိုင်စာက ကော်မရှင်ကို ရောက်လာတာနဲ့ ဒီလူဟာ ကိုယ့်ကျင့်သိက္ခာပျက်ပြားတဲ့သူ၊ အဂတိလိုက်စားတဲ့သူ၊ ပြစ်မှုဆိုင်ရာ ကျူးလွန်တဲ့သူ အစရှိသဖြင့် လူတွေရဲ့ စွပ်စွဲမှုတွေအမျိုးမျိုး ခံစားရတယ်ဆိုတာက မသင့်လျော်တဲ့ကိစ္စပါ။ သဘာဝလည်း မကျတဲ့ကိစ္စပါ။ ဒ့ါကြောင့်မို့ လူသားတွေရဲ့ ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်ကို လေးစားလိုက်နာသောအားဖြင့် သာမန်တိုင်ကြားစာတစ်ခု ရောက်ရုံနဲ့တော့ ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောကြားခြင်း မပြုဘူး။ ကော်မတီတွင်းမှာပဲ ဥပဒေနဲ့အညီ လျှို့ဝှက်ထားတယ်။ ထားပြီးတော့မှ စုံစမ်းစစ်ဆေးတဲ့ကိစ္စတွေ ပြည့်ပြည့်စုံစုံလုပ်တယ်။ လုပ်ပြီးတော့ တိုင်တန်းချက်နဲ့ မကိုက်ညီဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူး၊ ဥပဒေပါတဲ့ကိစ္စတွေ ကျူးလွန်မှုမရှိဘူးဆိုရင် အဲဒီကိစ္စကို လုံးဝ ထုတ်ဖော်မပြောတော့ဘူး။ ဘယ်သူ့ကိုမှ မပြောတော့ဘူး။ တိုင်တဲ့သူမှားတာကို ထုတ်ဖော်ပြောရင် ကာယကံရှင်တွေက ဂုဏ်သိက္ခာကျဆင်းမှု၊ လူ့အခွင့်ရေးဆုံးရှုံးမှု ဖြစ်စေပါတယ်။ ဒါကြောင့်မို့ ဒါကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အကူအညီပေးရမှာ ဖြစ်ပါတယ်။သို့ပေမယ့် ဦးကျော်ဝင်းကိစ္စမှာ စိတ်မကောင်းစရာ ဖြစ်တာက ဘာလဲဆိုရင် တိုင်ကြားစာထဲမှာပါတဲ့ အချက်တစ်ချက်ဖြစ်တဲ့ သူ့သားသမီးမှာ ဇိမ်ခံစားတွေ အများကြီး ပိုင်ဆိုင်ထားတာရှိတယ်ဆိုတဲ့ကိစ္စက ပါနေတော့ အဲဒါနဲ့ပတ်သက်ပြီး သားသမီးကို ခေါ်မေးတယ်။ သူ့အိမ်ကိုရော သွားကြည့်ရတာရှိတယ်။ တာဝန်ရှိသူတွေခေါ်ပြီး သွားကြည့်၊ စစ်ဆေး၊ ဓာတ်ပုံရိုက်တာရှိတော့ ဘယ်ကနေဘယ်လို သတင်းထွက်သွားလဲ မသိပါဘူး။ ပြည်ထောင်စုဝန်ကြီးအိမ်ကို စသုံးလုံးက စစ်ဆေးတယ်ဆိုပြီး မှားယွင်းတဲ့ သတင်းတစ်ရပ် ပေါ်ပေါက်လာပါတယ်။ သူတို့စစ်ဆေးတာမဟုတ်ဘူးလို့ စသုံးလုံးက ပြောတယ်။ အန်ကယ်တို့ကလည်း အန်ကယ်တို့အဖွဲ့ စစ်ဆေးတာ ပြောပါတယ်။ အန်ကယ်တို့အဖွဲ့က လွတ်လွတ်လပ်လပ် စစ်ဆေးတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ဒီလိုစစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိဘူးလို့ ထုတ်ပြန်တာ သတိထားမိတယ်။ ဒီလိုသာ သတင်းမထွက်ခဲ့ရင် ပြင်ပကို ထုတ်ဖော်ပြောဖို့ လုံးဝမရှိပါဘူး။ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လို့ ကာယကံရှင်တွေက ထိခိုက်နစ်နာမှု ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာ၊ စောင့်ထိန်းရမယ့် တာဝန်ဝတ္တရားကို မကျေပွန်သလို ဖြစ်သွားတယ်။ ဒီအတွက် အန်ကယ်တို့ လုံးဝစိတ်မကောင်းပါဘူး။ သို့ရာတွင် သတင်းထွက်တဲ့နေရာက ဘယ်နေရာက ဘယ်လိုထွက်သွားလဲဆိုတာ အန်ကယ်တို့ မသိပါဘူး။ တကယ်လို့ ဒီသတင်းသာ မထွက်ခဲ့ဘူးဆိုရင် ဒီကိစ္စဟာ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ သေသေသပ်သပ် စစ်ဆေးပြီးမှ တွေ့ရှိချက်ကို ဘယ်အမှုကိုမဆို တင်ပြလိုက်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြရင် ဘာမှ ဖြစ်ပါဘူး။ အခုက အမှုတွေတော်တော်များများ စစ်ဆေးထားပြီးပါပြီ။ စုံစမ်းစစ်ဆေးတဲ့ကာလမှာ သတင်းမပေါက်အောင် ဂရုစိုက်ပါတယ်။ သတင်းထုတ်ပြန်ခြင်းလည်း မလုပ်ပါဘူးဆိုတာကို ပြောကြားလိုပါတယ်။

သူ့မှာအပြစ်ရှိကြောင်း မတွေ့ရပေမယ့် ဝန်ကြီးက နုတ်ထွက်သွားခဲ့ရပါတယ်။ ဒါမျိုးတွေ အနာဂတ်မှာ ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါမလဲ။

အန်ကယ်တို့ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က ပုဒ်မ ၂၈ (က) (၁) အရ တိုင်တန်းချက်က ခိုင်လုံလောက်တဲ့ အထောက်အထားမရှိရင် ပယ်ချနိုင်တယ်လို့ ဆိုတယ်။ အဲဒါပဲရှိတယ်။ ပယ်ချရင် ပယ်ချမယ်။ လွှဲရင် လွှဲမယ်။ အရေးယူရင် ယူမယ်။ အန်ကယ်တို့ကိုတိုင်တဲ့ တိုင်တန်းချက်က ခိုင်လုံမှုမရှိတဲ့အတွက် အန်ကယ်တို့ ပယ်ချတယ်။ ဒါဟာကာယကံရှင်မှာ အပြစ်ရှိတယ်လို့လည်း ပြောတာမဟုတ်ဘူး။ မရှိဘူးလို့လည်း ပြောတာ မဟုတ်ဘူး။ ကျန်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အန်ကယ်တို့ မသိဘူး။ မပြောနိုင်ဘူး။ ဘာမှ တာဝန်မယူနိုင်ဘူး။ အန်ကယ်တို့ တာဝန်ယူနိုင်တာက တိုင်တန်းတဲ့တိုင်တန်းချက်သည် အန်ကယ်တို့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ခိုင်လုံသောအထာက်ထား မဖြစ်ဘူးဆိုတာပဲ တာဝန်ယူနိုင်တယ်ဆိုတာ ပြောချင်တယ်။ နောက်ထပ် ဒါမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေကတော့ တိုင်တဲ့သူက ခိုင်ခိုင်မာမာ တိတိကျကျ တိုင်ဖို့လိုတာပေါ့။ အဲဒီလိုခိုင်မာတယ် တိကျတယ်ဆိုတဲ့ တိုင်တန်းချက်တွေရှိလို့ကတော့ အရေးမယူစရာ အကြောင်းကို မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ အန်ကယ်တို့လည်း ပြောခဲ့ပြီးပါပြီ။ ရှင်းရှင်းလေးပါ။ တကယ်ကတော့ တိုင်တဲ့သူက ကိုယ်တိုင် ခံစားနစ်နာတဲ့သူ ဖြစ်ချင်ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် ကိုယ်တိုင် မြင်တွေ့ခဲ့တဲ့သူ ဖြစ်ချင်ဖြစ်ရမယ်။ ယူတာပေးတာတွေကို တိတိကျကျ ပြောပြပေးနိုင်မယ်ဆိုရင်တော့ အမှန်လည်း ပေါ်ပေါက်မယ်ဆိုရင် အရေးမယူစရာမရှိပါဘူး။

အမှု ၁၈ မှု ရှိတယ်လို့ပြောထားတယ်နော်။ အဲဒီထဲက အရေးယူဖို့ စီစဉ်ထားတဲ့ အမှုတွေက ဘာတွေလဲ။

ကြိုတင်စုံစမ်းတဲ့အမှုက ၁၈ မှုရှိတာ။ ကြိုတင်စုံစမ်းတဲ့အမှုက စုံစမ်းစစ်ဆေးတဲ့ အမှုနဲ့ မတူဘူး။ တစ်ခြားအမှုတွေလည်း ပါတာပေါ့နော်။ ကြိုပြိးတော့ တကယ်စုံစမ်းစစ်ဆေးဖို့ လိုအပ်ရဲ့လားဆိုတာကို ကြိုပြီး လိုက်စုံစမ်းတဲ့အမှုမျိုးပါ။ စုံစမ်းစစ်ဆေးနေဆဲ အမှုတွေရှိပါတယ်။ တစ်ချို့အမှုတွေက ဆက်ပါလာပါလိမ့်မယ်။ စုံစမ်းစစ်ဆေးမှုက ပြည့်စုံမှ၊ ခိုင်လုံမှ ထုတ်ပြန်တာ ဖြစ်ပါတယ်။ တိုင်တန်းချက် မှန်မမှန်ကို စုံစမ်းစစ်ဆေးပြီးမှ မှန်တယ်ဆိုရင် မှန်တယ်ဆိုတဲ့အကြောင်း ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ အမှုကိုတည်ဆောက်ရပါတယ်။ အန်ကယ်တို့က ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး ဆုံးဖြတ်လို့ ရတဲ့ အဖွဲ့အစည်းမျိုးမဟုတ်ပါဘူး။ အရေးယူတယ်၊ ထောင်ချတယ်။ အဲဒီလိုအဖွဲ့အစည်းမျိုးမဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးတယ်။ အမှုကို တည်ဆောက်တယ်။ မှန်တယ်သေချာတယ်ဆိုမှ တရားစွဲဆိုဖို့ တင်ပေးရတဲ့ အဖွဲ့အစည်းပါ။ တရားစွဲဆိုဖို့ အမှုတည်ဆောက်ဖို့ အချိန်ယူရတယ်။ ဒါကြောင့် အမှုတွေစုံစမ်းနေဆဲ၊ စစ်ဆေးနေဆဲ အမှုတည်ဆောက်နေဆဲ ဖြစ်ပါတယ်။

လွှတ်တော်ကို ရောက်ရှိနေပြီဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေထဲက အရေးကြီးတဲ့ အချက်တွေက ဘာတွေပါလဲ။

ဥပဒေတစ်ခုလုံးရဲ့အချုပ်က အဓိပ္ပါယ် ရှင်းလင်းဖော်ပြချက်ပဲ။ အဲဒီမှာလည်း အမျိုးမျိုး ရေးထားပေမယ့် အဲဒီမှာ အဓိကအရေးကြီးတာ တံစိုးလက်ဆောင်ပါပဲ။ တံစိုးလက်ဆောင်မှာ ငွေကြေး၊ ပစ္စည်း၊ တိုက်တာတွေ၊ အိမ်တွေ၊ ကားတွေပါတယ်။ အခြား လက်ဆောင်ပေးတာတွေလည်း ပါတယ်။ အဲဒီအပြင် လူတွေသတိမထားမိတာက ဝန်ဆောင်မှုပေးတာတွေ၊ ဧည့်ခံမှုပေးတာတွေလည်း ပါတယ်။ ဒါတွေကိုတော့ အကုန်လုံး လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရော သတိထားသင့်တယ်လို့ ဇွန် ၉ ရက်နေ့တုန်းက ပြောခဲ့တယ်။ အလားတူပဲ လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးနေတဲ့ စတုတ္တအကြိမ်ပြင်ဆင်တဲ့ ဥပဒေမှာဆိုရင်လည်း လွှတ်တော်နှစ်ရပ်လုံးက သဘောတူထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ အဲဒီမှာဆိုရင် အန်ကယ်တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာပါတဲ့ အဂတိလိုက်စားမှုဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ရှင်းလင်းဖော်ပြချက်ဟာ နောက်ထပ်အသစ် ပြောင်းလဲထားတာရှိပါတယ်။ အဲဒါကတော့လွှတ်တော်နှစ်ရပ်လုံးက သဘောတူပြီးလို့ နိုင်ငံတော်သမ္မတက အတည်ပြုမှ ထုတ်ဖော်ပြောပါမယ်။

အဲဒီဟာက ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်အတွက် ဘယ်လိုဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။

အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရမယ့် တာဝန် ဝတ္တရား ဖြစ်တယ်။ အဲဒီတော့ အလွန်ကြီးကျယ်ပါတယ်။ များလည်း များပါတယ်။ ဒီလို အဂတိလိုက်စားမှုတွေ ဟိုနေရာက ပေါ်လိုက်၊ ဒီနေရာက ပေါ်လိုက်၊ ပေါ်လိုက်တာလေးကို လိုက်ပြီး အရေးယူလိုက်၊ ဒီလို လုပ်ရုံနဲ့ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေက ပပျောက်မှာ မဟုတ်ပါဘူး။ အန်ကယ်တို့က စနစ်တကျနဲ့ ပြင်ဆင်နေတယ်။ ဒီလို ပြင်ဆင်တဲ့နေရာမှာ အဓိက အရေးကြီးတာက အဂတိလိုက်စားပြီးမှ ပေါ်လာတဲ့ အမှုလေးကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း အရေးယူတယ်ဆိုတဲ့ ကိစ္စဟာ ကြီးကျယ်တဲ့၊ ထိရောက်တဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး။ အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ ဖြစ်ပါတယ်။ တကယ်ကြီးကျယ်ပြီးတော့ တကယ် ထိရောက်နိုင်တာက ခုနက ပြောသလို အဂတိလိုက်စားမှု မဖြစ်ခင်မှာ မဖြစ်လာအောင် ကာကွယ်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။ အဲဒီနည်းလမ်းတွေပါ အန်ကယ်တို့က စဉ်းစားနေတာ ဖြစ်တယ်။ တစ်နည်းအားဖြင့် responses measures ပေါ့။ ဖြစ်လာပြီးမှ တုံ့ပြန်တဲ့ နည်းလမ်း ဖြစ်တယ်။ လာဘ်စားတယ်၊ အဂတိ လိုက်စားတယ်။ အဲဒီအခါကျမှ အရေးယူတယ်။ ဒါတွေက အများကြီးပဲ။ အဲဒါတွေကလည်း ဘယ်တော့မှ ကုန်အောင်၊ နိုင်အောင် လုပ်နိုင်မှာလည်း မဟုတ်ဘူး။ စားလိုက်၊ ယူလိုက်၊ ထပ်ဖြစ်လိုက်နဲ့ ဒီလိုပဲ အမြဲတမ်း ဖြစ်နေဦးမှာပဲ။ ဒီတာ့ အန်ကယ်တို့ အဓိကထားတာကတော့ prevention measure ပေါ့။ မဖြစ်ခင်က မဖြစ်ရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ အဓိကအားဖြင့် မဖြစ်ခင်က မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတွေထဲမှာ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စတွေက အဓိကကျပါတယ်။ အဂတိလိုက်စားတယ်ဆိုတာ ကြော်ငြာထဲမှာ ဖော်ပြထားသလို ဒါဟာ ကိုယ်ကျင့်တရား ပျက်ပြားတာပဲလေ။ အဲဒီတော့ ကိုယ်ကျင့်တရား မပျက်ပြားရအောင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကိုလည်း စနစ်တကျ ထိန်းကျောင်းမယ်။ တာဝန်ရှိတဲ့သူတွေကလည်း ကိုယ့်ဌာနနဲ့ ကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တိတိကျကျနဲ့ လုပ်မယ်။ စာရင်းဇယားတွေကိုလည်း ပွင့်လင်းမြင်သာအောင် လုပ်မယ်။ အထူးသဖြင့် ဘဏ္ဍာရန်ပုံငွေ သုံးစွဲတာကိုလည်း ပွင့်လင်းမြင်သာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်မယ်။ ဒါမျိုးတွေ ဖြစ်လာတဲ့ အတိုင်းအတာအထိကို အလွန်ကျယ်ပြန့်တဲ့ မျှော်မြင်ချက်၊ မျှော်မှန်းချက်တွေနဲ့ အန်ကယ်တို့က အများကြီးကျယ်ပြန့်အောင် စဉ်းစားပြီးတော့ လုပ်နေပါတယ် ဆိုတာကို ပြောကြားချင်ပါတယ်။

လုပ်ပိုင်ခွင့်မှာ တားဆီးကာကွယ်ခြင်းကို ပိုလုပ်ချင်တယ်လို့ပြောချင်တာလား။

ကြိုတင်ကာကွယ်တယ်ဆိုတာထက် တားဆီးကာကွယ်တာပေါ့။ ပိုလုပ်ချင်တယ်လို့တော့ မပြောနဲ့လေ။ တပြိုင်နက်တည်း လုပ်မယ်ဆိုတဲ့ သဘောကို ပြောတာ။ ထိရောက်မှုကျတော့ တားဆီးကာကွယ်ခြင်းအပိုင်းက ပိုထိရောက်နိုင်တယ်လို့ အန်ကယ်က ပြောတာပါ။ ပိုလုပ်မယ်လို့ ပြောတာမဟုတ်ဘူး။ တားဆီးကာကွယ်တဲ့ အပိုင်းက ပိုထိရောက်တယ်လို့ ပြောတာပါ။ ဖြစ်လာပြီးမှ တုံ့ပြန်ဆောင်ရွက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးတွေကိုလည်း ပိုပြီးတော့ ထိရောက်အောင် လုပ်သွားမယ်။ အရေးယူတာတွေကိုလည်း ပိုပြီးတော့ ပြတ်ပြတ်သားသား အရေးယူသွားမယ်။ တားဆီး ကာကွယ်တယ်ဆိုတဲ့ prevention measure တွေက ပိုကျယ်ပြန့်ပါတယ်။ အဲဒီလုပ်ငန်းတွေကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ လုပ်သွားမယ်။ တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုတာ နိုင်ငံတစ်ခုမှာ နေ့ချင်းညချင်း ပပျောက်ဖို့ ဘယ်သူမှ လုပ်လို့မရပါဘူး။ သိကြားမင်း ဆင်းလုပ်လည်းမရဘူးလို့ အန်ကယ်က ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ အဲဒါက အချိန်ကာလတစ်ခု ယူရပါတယ်။ အနည်းဆုံး (တရုတ်) သမ္မတကြီး ရှီကျင့်ဖျင်တောင်မှ ၂ဝ၁၂ ခုနှစ်၊ ၁၈ ကြိမ်မြောက် ပါတီကွန်ကရက်မှာ ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ယင်ကောင်တွေကော၊ ပျားတွေကော တစ်ပြိုင်နက် အရေးယူသွားမယ်ဆိုပြီး ပြောပြီးတော့ လုပ်ခဲ့တာဟာ ဘယ်တော့မှ စတင်ပြီး ထိရောက်သလဲဆိုရင် ၂ဝ၁၅ ကျမှ စတင် ထိရောက်တယ်။ အဲ့တော့မှ ကျကျနန တာဝန်ရှိတဲ့ ပါတီကော်မတီဝင်တို့ ဘာတို့ပါ အရေးယူနိုင်တဲ့ အနေအထား ဖြစ်တယ်။ အဲဒီမှာလည်း သတိထားကြည့်ရင် မြန်မာပြည်က လူတွေကတော့ သတင်းကြားနေတာ အကြီးကြီးတွေပေါ့လေ။ အကြီးကြီးတွေကို အရေးယူတယ်၊ ထိထိရောက်ရောက် အရေးယူတယ်၊ ဒီလောက်ပဲ ဘာညာ သူတို့က သိတာ။ တကယ့်တကယ် သန်းနဲ့ချီတဲ့ အငယ်တန်းဝန်ထမ်းတွေကို သက်ဆိုင်တဲ့ ဥပဒေနဲ့၊ သူတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို သီးခြားမဟုတ်ဘူး။ criminal law (ရာဇဝတ်မှုဥပဒေ) နဲ့၊ နောက်တစ်ခုက .. competitive law နဲ့ အရေးယူဆောင်ရွက်တာ ဖြစ်တော့ လူဦးရေ သန်းနဲ့ချီတဲ့ အငယ်တန်းဝန်ထမ်းတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူခဲ့တာတွေက အများကြီးရှိတယ်။ တကယ့်တကယ် ထိထိရောက်ရောက်နဲ့ အရေးယူနိုင်တဲ့ အတိုင်းအတာတွေက သုံးနှစ်လောက် အချိန်ကြာပြီးမှ ဖြစ်လာခဲ့တယ်ဆိုတာ အလွန်အောင်မြင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တစ်ခုကို နမူနာယူပြီးတော့ ကြည့်ရတာပေါ့နော်။ အန်ကယ်တို့က အခု ခြောက်လရှိပါပြီ။ နောက် တစ်နှစ်လောက်တော့ စောင့်ကြည့်ပေးကြပါလို့ အန်ကယ်က မေတ္တာရပ်ခံချင်ပါတယ်။

ဘယ်လိုအမှုတွေကိုတော့ ဦးစားပေး စုံစမ်းစစ်ဆေးရမယ်လို့ ရွေးချယ်ပါသလဲ။

အန်ကယ်တို့ကတော့ တိုင်ကြားစာပေါ်မှာ အရေးယူရတာ အဓိကပဲ။ တစ်ချို့ငယ်တဲ့အမှုတွေကတော့ အန်ကယ်တို့ရဲ့ လုပ်ပိုင်ခွင့်ပုဒ်မ (၃ဝ)(ခ)မှာရှိတယ်။ သေးငယ်တဲ့အမှုတစ်ချို့ကို သက်ဆိုင်ရာဌာန အကြိးအကဲကို လွှဲပါတယ်။ ဒါတွေကို လိုက်လုပ်မနေနိုင်ဘူး။ အန်ကယ်တို့က တရားရုံးမှာ တရားစွဲတဲ့ကိစ္စဖြစ်တော့ အမှုတစ်ခုကို တည်ဆောက်ဖို့ဆိုရင် အချိန်အများကြီး ယူရတယ်။ ဒါတွေက သက်ဆိုင်ရာ ဌာနအကြီးအကဲတွေမှာ လုပ်မယ်ဆိုရင် တစ်ပတ်နှစ်ပတ်နဲ့ အလုပ်လုပ်လို့ရတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် တစ်ချို့သေးငယ်တဲ့ကိစ္စတွေကိုတော့ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေတစ်ဆင့် ဥပဒေနဲ့အညီ အန်ကယ်တို့ရဲ့ ဥပဒေပုဒ်မ(၃ဝ)(ခ)နဲ့အညီ ဆောင်ရွက်သွားမယ်။ ကြီးမားတဲ့အမှုတွေကို ကိုယ်တိုင်ကိုင်တွယ်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ချင်ပါတယ်။

ကော်မရှင်ရဲ့ ဥပဒေမှာ မတွေ့တာက တပ်မတော်ပိုင်းမှာ အရာရှိသာမက အားလုံး အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေကို လုပ်ပိုင်ခွင့်ရှိလား။ တိုင်ကြားတယ်ဆိုရင် ဗိုလ်မှူးကြီးအဆင့်လောက်ထိကို အမှန်တကယ်စစ်ဆေးနိုင်လား။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ(၂၉၁)မှာ ထင်တယ်။ သေချာ အလွတ်မရဘူး။ အဲဒီမှာတပ်မတော်သားတွေဟာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုထားတယ်။ ဒါပေမယ့်လည်း ထူးခြားတာဝန်ဝတ္တရားတွေ ထမ်းဆောင်နေရတာ ဖြစ်တဲ့အတွက် တပ်မတော်ဥပဒေနဲ့သာလျှင် အရေးယူဆောင်ရွက်သွားမယ်ဆိုတာ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ထင်ပါတယ်။ တပ်မတော်မှာလည်း ကျွန်တော်တို့အရပ်ဖက်မှာသာ အခုလို အဂတိလိုက်စားမှုကို ထိရောက်အောင်လုပ်ပြသွားရင်၊ လုပ်နိုင်သွားရင် တပ်မတော်ကလည်း နေမှာမဟုတ်ပါဘူး။ သူ့ဥပဒေနဲ့သူ လုပ်နိုင်တာတွေ အများကြိးရှိပါတယ်။ အနည်းဆုံးအားဖြင့် တပ်မတော်ကျင့်ဝတ် ၆ဝ ရှိတယ်။ ငယ်ငယ်လေးတွေ အလွတ်ကျက်ဖြေထားတဲ့ Code of Conducts ရှိတယ်။ အဲဒီမှာ အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ အချက်တွေ ပါပါတယ်။ ဥပမာအားဖြင့် လာဘ်ပေးလာဘ်ယူမှုဆိုရင် မစင်ကဲ့သို့ ရွံရှာရမယ်။ စွန့်လွှတ်ရမယ်ဆိုတာမျိုးထိ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့လည်း သူ့ရဲ့တာဝန်ရှိမှုအပိုင်းမှာ သူ့အနေနဲ့ ဆောင်ရွက်နိုင်ခြင်းရှိတယ်။ သူလုပ်သွားလိမ့်မယ်လို့ ကျွန်တော် လုံးဝယုံကြည်ပါတယ။် ပြီးတော့ ကျွန်တော်တို့ထက်တောင် ပိုပြိးတိကျတဲ့ ပြင်းထန်တဲ့ ဥပဒေတွေ သူ့မှာရှိတယ်။ ကျွန်တော်တို့ထက်တောင်မှ လျှင်မြန်တဲ့ တရားစီရင်ရေးနဲ့ စုံစမ်းစစ်ဆေးရေး နည်းစနစ်တွေရှိတယ်။ ဒါကြောင့်မို့ သူတို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကျွန်တော်တို့ အရပ်ဖက်မှာလုပ်နေသကဲ့သို့ သူကိုယ်တိုင် သေချာပေါက်လုပ်သွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar