ရန်ကုန်၊ ဧပြီ ၈
ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းသွေးသစ် ယနေ့နံနက်က သာယာဝတီတရားရုံးသို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
အမျိုးသား ပညာရေးဥပဒေအား သပိတ်မှောက် ဆန္ဒပြသဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ကျောင်းသား ကျောင်းသူများနှင့် ဝန်းရံသူ ၆၀ ကျော်အား အမှုရုပ်သိမ်းလိုက်ပြီဖြစ်သဖြင့် ယနေ့ ညနေတွင် ပြန်လည် လွှတ်မြောက်လာကြပြီဖြစ်သည်။
အမှုရင်ဆိုင်ရသူ ၆၉ ဦးလုံးအား သာယာဝတီ တရားရုံးတွင် စွဲဆိုထားသည့် အမှုမှ ရုပ်သိမ်းပေးလိုက်လိုက်သည်ဟု သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်က အမိန့်ချမှတ်လိုက်သည်။ သို့သော် ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသည့် ကိုနန္ဒစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့မှာမူ ည ၁၀ ကျော်ခန့်တွင်မှ လွတ်မြောက်လာသည်။
ကျန်ရှိနေသေးသည့် အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများကိုလည်း နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးချိန်တွင် အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့ ညနေတွင် ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမှုရင်ဆိုင်လျက်ရှိသောသူများနှင့် သက်ဆိုင်သည့် ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ နှင့်အညီ အမှုရုပ်သိမ်းရေးအတွက် ဆောက်ရွက်ရာတွင် နည်းဥပဒေပါ အချက်များကို ဆောင်ရွက်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ အချက်များမှာ အမှုစစ်ဆေးရန် ချိန်းဆိုသည့် နေ့ဖြစ်ခြင်း၊ တရားလိုအဖြစ် ဆောင်ရွက်သူက အမှုကို ရုပ်သိမ်းပေးရန် လေ ျှာက်ထားခြင်း၊ သက်ဆိုင်ရာ ဥပဒေရုံးက အမှုရုပ်သိမ်းရန် ဆုံးဖြတ်ကာ သက်ဆိုင်ရာ တရားရုံးသို့ အမှုရုပ်သိမ်းပေးပါရန် လေ ျှာက်ထားခြင်းနှင့် တရားရုံးက အမှုရုပ်သိမ်းရန် ခွင့်ပြုပေးခြင်းတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။
သို့သော် ဧပြီ ၈ ရက်နေ့တွင် ရုံးချိန်းမရှိသောသူများအတွက် အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် တရားရုံးများ ပြန်လည် ဖွင့်လှစ်ချိန်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက်မည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ယနေ့အမှုရုပ်သိမ်းကာ လွှတ်ပေးလိုက်သည့် ကျောင်းသား ကျောင်းသူများသည် ပြီးခဲ့သည့် နှစ် မတ်လက လက်ပံတန်းမြို့တွင် ၎င်းတို့၏ သပိတ်စခန်းအား ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းပြီးနောက် ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
နှစ်သစ်ကူး အခါသမယတွင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ကျောင်းသား ကျောင်းသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက်က လက်မှတ်ရေးထိုး ကြေညာခဲ့ပြီးနောက် ယခုလို လွှတ်မြောက်လာခြင်း ဖြစ်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး ထုတ်ပြန်သည့် ကြေညာချက်တွင် အမှုရင်ဆိုင်နေရသည့် ကျောင်းသား ကျောင်းသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် နည်းလမ်းအဖြစ် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ မည်သည့် အစိုးရရှေ့နေမဆို စစ်ဆေး စီရင်သော အမှုများတွင် စီရင်ချက်မချမီ လူတစ်ယောက်ကို ၎င်းအပေါ် စွဲဆိုထားသော အမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်မှုအများနှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုတ်သိမ်းနိုင်သည့် နည်းလမ်းအား ဖော်ပြထားသည်။
အဆိုပါ ကြေညာချက်ကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား ယနေ့ ပြန်လည်လွှတ်ပေးဖွယ်ရှိသည်ဟူသည့် မှန်းဆချက်များလည်း ထွက်ပေါ်ခဲ့သည်။ သို့သော် သြင်္ကန်နှစ်ကူးကာလအတွင်း လွတ်ရက်စေ့မည့် အကျဉ်းသားများသာ ပြန်လည် လွတ်မြောက်လာရာ ၎င်းတို့ထဲတွင် လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
သို့သော် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီ ၈ ရက်နေ့က ဒုတိယ ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။
သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း နိုင်ငံရေး အကျဉ်းသားများ စာရင်းကို ပြန်လည် စိစစ်နေသည်ဟု ပြောကြားခဲ့သည်ဟုEleven News ကရေးသားထားသည်။
“နိုင်ငံရေး အကျဉ်းသား စာရင်းတွေကို ကျွန်တော်တို့က ပြန်ပြီး စိစစ်နေတယ်။ ဆိုလိုတာက ကျန်တဲ့ ခိုး၊ ဆိုး၊ နှိုက်တွေ မပါအောင် စာရင်းတွေ ပြန်လုပ်ခိုင်းထားတယ်။ အဲဒါတွေ အခု လုပ်နေတုန်းပဲ။ အမြန်ဆုံး လုပ်နေတယ်။ အဲဒီလို ကျွန်တော် သိထားပါတယ်” ဟု ၎င်းကပြောကြားထားသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ အဆိုအရ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၉၀ ဦး ရှိနေပြီး ဖေဖော်ဝါရီလအထိ တက်ကြွလှုပ်ရှားသူ ၄၀၀ ဦးမှာ အမှုအသီးသီးဖြင့် တရားရင်ဆိုင်နေရသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
သတင်း- Frontier