မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတပစ္စည်း အလွန်ပေါ်ကြွယ်ဝသည်ဟု ချီးမွမ်းနေကြသော်လည်း အမှန်တကယ်တွင် ချီးမွမ်းစရာကိစ္စမဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပစ္စည်း အင်မတန်မှ ပေါကြွယ်တယ်ဆိုပြီးတော့ ချီးမွမ်းကြပါတယ်။ ဒါတော့ ကျွန်မအနေနဲ့တော့ ချီးမွမ်းစရာ ကိစ္စမဟုတ်ဘူးလို့ဘဲ ထင်ပါတယ်။ ဒါသဘာဝအရ ဖြစ်လာတာပဲ။ ပထဝီအနေအထားအရ ဖြစ်လာတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
“ပြည်သူပြည်သားတွေရဲ့ အစွမ်းအစနဲ့ ထူထောင်တဲ့ သယံဇာတ ရတနာပစ္စည်းများဟာသာ တကယ်တန်ဖိုး ရှိတာပါ။ ဒါကြောင့်မို့လို့ ကျွန်မတို့ ပညာရေးစနစ်ကို အင်မတန်မှ အလေးထားတယ်ဆိုတာ ဒါပါပဲ။ ပညာရေးစနစ်ကနေပြီးတော့တစ်ဆင့် ကျွန်မတို့ရဲ့ ပြည်သူပြည်သားများဟာ ပြည်သူပြည်သားများရဲ့ တာဝန်ကို ပြည့်ပြည့်ဝဝ ထိထိရောက်ရောက် ထမ်းဆောင်နိုင်အောင်လို့ ကျွန်မတို့ အလေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ တရားဝင် သုံးရက်ကြာခရီးစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့က စတင်ရောက်ရှိနေခြင်း ဖြစ်သည်။
၎င်းက နိုင်ငံတစ်နိုင်ငံ၏ သယံဇာတ ရတနာဆိုသည်မှာ ပြည်သူပြည်သားများသာ ဖြစ်သည်ဟု ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ အောင်မြင်မှုရရှိစေရန် ပြည်သူပြည်သားများအားလုံးက ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ပြောကြားလိုက်သည်။
“(အစိုးရသက်တမ်း) ကိုးလအတွင်းမှာ ကျွန်မတို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ မလွယ်လည်း မလွယ်ပါဘူး။ ပြည်သူ ပြည်သားတွေ အများစုကတော့ နားလည်မှုပေးပါတယ်။ ပြောင်းစရာတွေက အများကြီးရှိတယ်။ လုပ်စရာတွေက အများကြီးရှိတယ်။ အားလုံးကိုယ့်နေရာကနေ ကိုယ့်တာဝန်ကိုယ် ကျေအောင်လို့ လုပ်တယ်ဆိုရင် အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိကြလို့ ကျွန်မ အင်မတန်မှ အားတက်ပါတယ်။
“ကျွန်မတို့ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ဆိုလို့ရှိရင် အရင် လေးငါးခြောက်နှစ်လောက်တုန်းကပေါ့နော်။ ကျွန်မတို့ ပြည်သူပြည်သားတွေနဲ့ တွေ့တဲ့အခါမှာ စကားပြောတဲ့အခါမှာ တစ်ချို့ကမေးကြတယ်။ ဒီမိုကရေစီ ဘယ်တော့ရမလဲတဲ့။ အဲ့တော့ ကျွန်မက အမြဲပြောတယ်။ ဒီမိုကရေစီဘယ်တော့ရမလဲဆိုတာ သိချင်ရင် ကိုယ်တိုင် ဒီမိုကရေစီအတွက် ဘာလုပ်နေလဲဆိုတာ ပြန်မေးလိုက်။ ကိုယ်လုပ်နေတဲ့ အတိုင်းအတာအထိဘဲ ပြန်ရမယ်လို့ဘဲ ကျွန်မအမြဲဖြေခဲ့တယ်။ အဲ့တော့ အခုဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ပြည်သူပြည်သားများက မြန်မာနိုင်ငံ ဘယ်တော့ ဘယ်လောက်မြန်မြန် တိုးတက်မလဲဆိုပြီးတော့ မေးရင် ကျွန်မ ဒီတိုင်းဘဲဖြေမယ်။ ကိုယ့်ကိုကိုယ် ပြန်မေးပါ။ ငါ့နိုင်ငံတိုးတက်ရေးအတွက် ငါဘယ်လောက်ထိလုပ်နေလဲဆိုတာမေး။ အဲ့ဒီအပေါ်မှာ မေးပြီးတော့မှ အဖြေရှာပါ။
“တခြားသူတွေ ဘာလုပ်နေတယ်ဆိုတာကို ကြည့်မယ့်အစား ကိုယ်ဘာလုပ်နေလဲ ဆိုတာကို ပထမဆုံး ပြန်ကြည့်ဖို့လိုပါတယ်လို့ သတိပေးပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ ထိပ်တန်းရောက်ရှိစေရန်အတွက် ပြည်သူများ၏ အင်အားဖြင့်သာ လုပ်ဆောင်သွားရမည်ဟု ၎င်းကပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် စင်ကာပူရောက် မြန်မာများ။ ဓာတ်ပုံ-အေအက်ဖ်ပီ
“ကျွန်မတို့ဟာ နိုင်ငံအတွက် တစိုက်မတ်မတ် အားလုံး စုစုစည်းစည်းနဲ့ ရှိမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တချိန်တခါတုန်းကလို အရှေ့တောင်အာရှမှာ လျှမ်းလျှမ်းတောက် ထိပ်တန်းကပြေးမယ့် နိုင်ငံဖြစ်မယ်ဆိုတာကို ကျွန်မ အာမခံတယ်။ ပြည်သူတွေရဲ့ အင်အားနဲ့ဘဲ ကျွန်မတို့ အလုပ်လုပ်လို့ ရမှာပါ။ တခြားဘယ်အင်အားကိုမှ အားကိုးလို့မရပါဘူး” ဟု ၎င်းကပြောကြားသည်။
ထို့ပြင် လက်ရှိအချိန်တွင် ပြည်သူပြည်သားများ ပိုမိုညီညွတ်ရန် လိုအပ်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
“သမိုင်းတစ်လျှောက်မှာ ကျွန်မတို့ တကယ်ပဲ အတူလက်တွဲပြီးတော့ ညီညီညွတ်ညွတ်လုပ်တယ် ဆိုလို့ရှိရင် အောင်မြင်မှုကိုသာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုလည်း ပိုပြီးတော့ ညီညွတ်ဖို့လိုတဲ့ အချိန်ဆိုတာကို သတိပြုစေချင်ပါတယ်။ ရွေးကောက်ပွဲမှာတော့ မဲထည့်ပြီးပြီ၊ ငါတို့တာဝန်တော့ပြီးပြီ ဆိုပြီးတော့ မှတ်မနေပါနဲ့။ မဲထည့်ပြီးတော့ မဲထည့်ခဲ့ရကျိုးနပ်အောင်လို့ ထပ်ပြီးတော့ လုပ်စရာတွေ ရှိပါသေးတယ်လို့ ပြောပါရစေ” ဟု ၎င်းကပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါတွေ့ဆုံပွဲတွင် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ မေးမြန်းသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားခဲ့သည်။