နေပြည်တော်၊ မတ် ၃၀
ဦးထင်ကျော်ထံ ဦးသိန်းစိန်က သမ္မတတာဝန်နှင့် လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးအပ်နေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
သမ္မတသစ်ဦးထင်ကျော်ထံ သမ္မတဦးသိန်းစိန်က နိုင်ငံတော်သမ္မအ၏ တာဝန်များနှင့်လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ အဆောင်အေယောင် ရွှေစလွယ်ကို နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ထံ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် ဦးသိန်းစိန်နှင့် ဦးထင်ကျော်တို့ ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းနှင့် တက်ရောက်လာကြသူများက ဒုတိယသမ္မတသစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတသစ် ဦးဟင်နရီဗန်ထီးယူနှင့် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးသစ်များအား နှုတ်ဆက်ခဲ့ကြသည်။
သမ္မတသစ် ဦးထင်ကျော်နှင့် ပြည်ထောင်စုဝန်ကြီးသစ်များသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ဂတိသစ္စာ ပြုခဲ့ကြပြီးဖြစ်သည်။
အခမ်းအနားအပြီးတွင် ဦးထင်ကျော်နှင့် ဦးသိန်းစိန်တို့ နှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း