နေပြည်တော်၊ မတ် ၃၁
မတ် ၃၀ ရက်နေ့က ကျင်းပသည့် သမ္မတတာဝန်လွှဲပြောင်းပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်သား ပြည်ထောင်စုဝန်ကြီးသုံးဦနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
အစိုးရအဖွဲ့သစ်တွင် ပြည်ထောင်စုဝန်ကြီးဌာနလေးခုအား တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ ယနေ့ တင်သွင်းလိုက်ရာ လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ပြီး ဧပြီ ၁ ရက်နေ့တွင် စတင်ဆွေးနွေးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ခန့်အပ်နိုင်ရေး ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ရာ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၇ မှ ဒေါ်ကျင်ငိုက်မန်က ထောက်ခံပြီးနောက် အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို ဧပြီ ၁ ရက်နေ့တွင် စတင်ဆွေးနွေးမည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
အခန်း ငါးခန်းနှင့် ပုဒ်မ ရှစ်ခု ပါဝင်သည့် အဆိုပါဥပဒေကြမ်းကို အတည်ပြုပြီးပါက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကြံပြုခွင့်အပြင် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံခွင့်၊ အစိုးရအဖွဲ့ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်တို့ ရရှိမည်ဖြစ်ကာ အစိုးရအဖွဲ့ကို ခေါင်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။
”မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခုလို ဥပဒေပြဌာန်းပြီး ဆောင်ရွက်ရမှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က Frontier ကို ယနေ့ ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် တခဲနက်အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) ၏ ကန့်သတ်ချက်ကြောင့် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မရှိခဲ့သော်လည်း သမ္မတအထက်တွင် နေမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအပြီးတွင် သတင်းဌာနများကို ထပ်တလဲလဲ ပြောကြားခဲ့သည်။
”ဘယ်နေ့လောက် အတည်ပြုနိုင်မလဲဆိုတာကတော့ လွှတ်တော်ရဲ့ လုပ်ငန်းစဉ် အတိုင်းပေါ့ဗျာ။ အမျိုးသားမှာ ဆွေးနွေးပြီးရင် ပြည်သူ့လွှတ်တော်၊ ပြီးရင် ပြည်ထောင်စုလွှတ်တော်ပေါ့” ဟု ဦးဝင်းထိန်က ပြောသည်။
သို့သော် ဥပဒေအား ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ အတည်ပြုနိုင်မည်ဟု မျှော်လင့်ထားကြသည်။
“နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ဟု အမည်ပေးထားသည့် အဆိုပါ ဥပဒေကြမ်းတွင် “၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်” ဟု ဖော်ပြထားသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်လျင်စေပဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်ဖြစ်သလို အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်ဟု ဖော်ပြထားသည်။
ဥပဒေ၏ ရည်ရွယ်ချက်များမှာ ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ထောင်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းကို နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း သတ်မှတ်ထားကာ ဥပဒေမှာလည်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးထင်ကျော်၏ အစိုးရသစ်တွင် နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေးအပြင် စွမ်းအင်နှင့် လ ျှပ်စစ်ဝန်ကြီးဌာနများအား ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ခဲ့ရသလို ပါတီ၏ လုပ်ငန်းများတွင်လည်း ဝင်ရောက်ဆောင်ရွက်ခွင့် မရှိတော့ပေ။
သတင်း- စိုးသန်းလင်း