နေပြည်တော်၊ မတ် ၈
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဦးထင်ကျော်နှင့်အတူ ၎င်း၏ ခြံတံခါးဝတွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/စိုးသန်းဝင်း
သမ္မတနှင့် ဒုတိယသမ္မတများကို ပြည်ထောင်စုလွှတ်တော်တွင် ရွေးချယ် အတည်ပြုမှုမှာ မတ် ၁၄ ရက်ထက် စောနိုင်မည်မဟုတ်ဟု လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက Frontier ကို ပြောကြားသည်။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့သည် မတ်လ ၁၀ ရက်နေ့တွင် ဒုတိယသမ္မလောင်း တစ်ဦးစီ၏ အမည်ကို မိမိတို့ သက်ဆိုင်ရာ အစည်းအဝေးနေရာများတွင် ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ကြမည်ဖြစ်သည်။ ထို့နောက် ၎င်း အဖွဲ့သုံးဖွဲ့က ရွေးချယ်ထားသူ သုံးဦးကို သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း စိစစ်ရေးအဖွဲ့က မတ်လ ၁၁ ရက်နေ့တွင် စိစစ်ကြမည်ဖြစ်သည်။
“ပြီးရင် စနေ၊ တနင်္ဂနွေက ၁၂ နဲ့ ၁၃ ဆိုတော့ ပြည်ထောင်စု လွှတ်တော်က ၁၄ ရက်နေ့ အစောဆုံးထားပြီး ရွေးချယ် အတည်ပြု ပေးနိုင်မှာပါ။ ဒီထက်တော့ မစောနိုင်ပါဘူး” ဟု လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
လွှတ်တော်နှစ်ရပ်တွင် မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယ သမ္မတလောင်းများ ရွေးချယ်မှုကို တက်ရောက် လေ့လာရန် လူဦးရေ ၁၀၀၀ ကျော် စာရင်းပေးထားကြောင်းနှင့် သတင်းရယူရန် သတင်းထောက် ၆၆၁ ဦး စာရင်းပေးထားကြောင်း သိရသည်။
လက်ရှိအစိုးရထံမှ အာဏာ လွှဲပြောင်းရယူမည့်နေ့မှာ မတ်လကုန်တွင် ဖြစ်ရာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ ဖွဲ့စည်းခြင်းများကို မတ်လတတိယပတ်အတွင်း ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြသည်။
လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများဆုံး ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်တင်မြှောက်မည့် သမ္မတ မည်သူဖြစ်မည်ကို အများက စိတ်ဝင်စားနေကြသည်။
ပါတီတွင်းမှ နာမည်နှစ်လုံးဖြင့်ပုဂ္ဂိုလ်မှာ သမ္မတသစ် ဖြစ်လာမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်များကို မတ် ၄ ရက်နေ့က ပြောကြားထားသည်။
ပြင်ပတွင်မူ သမ္မတသစ်အဖြစ် ဦးထင်ကျော်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်လိမ့်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ စာရေးဆရာကြီး မင်းသုဝဏ်၏ သားတစ်ဦးဖြစ်သူ ဦးထင်ကျော်သည် ပါတီဝင်တစ်ဦးဖြစ်ကာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းနေဘက်တစ်ဦးလည်း ဖြစ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဦးလွင်၏ သမီးဖြစ်သူ ဒေါ်စုစုလွင်နှင့် လက်ထပ်ထားသူလည်း ဖြစ်သည်။
သတင်း- စိုးသန်းလင်း