ထွန်းခိုင် သီပေါမှ ရေးသားပေးပို့သည်။
အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တွေ၊ ကာဘိုင်သေနတ်တွေ ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်လောက်က သီပေါတရားရုံးရှေ့ကို ဇူလိုင် ၂၈ ရက်နေ့၊ နံနက် ၉ နာရီလောက်မှာ ရောက်လာခဲ့ပါတယ်။
တရားရုံးရှေ့လမ်းမပေါ်မှာလည်း လက်နှက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ တပ်မတော်သားတွေ တစ် ယောက်စ နှစ်ယောက်စ ဥဒဟိုသွားလာလျှက်ရှိပါတယ်။
မိနစ်အနည်းငယ်ကြာတော့ လက်နက်ကိုင်လုံခြုံရေး တပ်သားတွေခြံရံထားတဲ့ ကားတစ်စီး ထိုးစိုက်လာပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားကြတဲ့ တပ်မတော်အရာရှိတွေဟာ သီပေါတရားရုံးထဲကို ခပ်သွက်သွက် ဝင်သွားခဲ့ကြပါတယ်။
တပ်မတော်အရာရှိတွေရောက်လာပြီး ၁၀ မိနစ်လောက်အကြာ၊ နံနက် ၁၀ နာရီ ၁၀ မိနစ်မှာတော့ သီပေါအကျဉ်းထောင်ကနေထွက်လာတဲ့ အချုပ်ကားဟာ သီပေါတရားရုံးရှေ့ရောက်လာခဲ့ပါတယ်။
အချုပ်ကားတံခါးဖွင့်ချိန်မှာတော့“သတင်းထောက်ဖြစ်လို့ ဒါရတာသိလား။ ဒါဒီမိုကရေစီလေ။ ငါတို့နိုင်ငံရဲ့ဒီမိုကရေစီ”ဆိုပြီး အခြားလူ ငါးယောက်နဲ့အတူ ပူးခတ်ခံထားတဲ့ လက်ထိပ်ကို လက်ညှိုးထိုးရင်း ကိုလဝီဝမ်တယောက် အချုပ်ကားပေါ်ကဆင်းလာပါတယ်။
မွန်နာမည် လဝီဝမ်လို့လည်း ခေါ်ကြတဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်ဟာ မတရား အသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန် ၂၆ ရက်နေ့က စတင်ပြီး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
သူနဲ့အတူ ဒီဗွီဘီသတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်နဲ့ နောက်ထပ်အရပ်ဝတ်သုံးယောက်ဟာ ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ TNLA က ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲက အပြန်လမ်းမှာ တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
TNLA လို့ လူသိများပြီး သူတို့ကိုယ်သူတို့ တအာင်းအမျိူးသား လွတ်မြောက်ရေးတပ်မတော်လို့ခေါ်တဲ့ ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၂ ခုနှစ် ဝန်းကျင်ကစပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
နှစ်အနည်းငယ်အတွင်း အင်အား ပြန်လည်အားကောင်းလာတဲ့ TNLA ကို တပ်မတော်ဘက်က သောင်းကျန်းသူလို့ မကြာခဏသုံးနှုန်းတဲ့အထိ နှစ်ဘက်အကြား ဆက်ဆံရေး တင်းမာခဲ့ကြတာဖြစ်ပါတယ်။
တစ်လကျော် ထိန်းသိမ်းခံနေရတဲ့ သတင်းထောက်သုံးဦးကို မူလချိန်းဆိုတဲ့ရုံးချိန်းရက်ထက် အကြိမ်ကြိမ် စောပြီး တရားရုံးထုတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဒီတစ်ခေါက် ဇူလိုင် ၂၈ ရက်နေ့ ရုံးချိန်းရက်မတိုင်ခင်ကတည်းက သတင်းထောက်တွေက သီပေါမြို့မှာ ရက်အတော်ကြာ ကြိုတင်ရောက်ရှိ စုဝေးနေခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရသည့် သတင်းထောက်သုံးဦးအား ယနေ့ (ဇူလိုင် ၂၈ ရက်နေ့) တွင် သီပေါတရားရုံးသို့ တရားရင်ဆိုင်ရန် ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ
ဒါဇင်နဲ့ ချီတဲ့ လူအုပ်ကို ဖြတ်သန်းသွားပြီးတဲ့နောက်မှာ လဝီဝမ်အပါအဝင် သတင်းထောက်သုံးယောက်နဲ့ သူတို့အမှုတွဲက အခြားသူသုံးယောက်၊ စုစုပေါင်း ခြောက်ယောက်ဟာ သံကြိုးနဲ့တွဲထားတဲ့ လက်ထိပ်တန်းလန်းနဲ့ တရားခွင်ထဲမှာ သွားထိုင်နေခဲ့ကြပါတယ်။
တရားခွင်ထဲမှာတော့ တရားသူကြီးထိုင်ခုံနဲ့ တည့်တည့်မှာ ကြယ်နှစ်ပွင့်တပ်ထားတဲ့ တပ်မတော်အရာရှိငယ် တစ်ယောက်ထိုင်နေပြီး သူ့ထိုင်ခုံ တစ်ဘက်တစ်ချက်စီမှာတော့ အနက်ရောင်ဝတ်စုံတွေနဲ့ ရှေ့နေတွေ အစီအရီထိုင်နေကြပါတယ်။
နာရီလက်တံက နံနက် ၁၀ နာရီ ၂၅ မိနစ်အရောက်မှာ တရားသူကြီးမင်းက “အမှုစစ်ဆေးနေစဉ် လက်ကိုင်ဖုန်းများ ပိတ်ထားပါရန်”ဆိုတဲ့ သတိပေးစာကပ်ထားတဲ့ စင်မြင့်ပေါ်က ခုံပေါ်ကို တက်လှမ်းလိုက်ပါတယ်။
အဲဒီအချိန်ကတည်းကစပြီး သူနောက်ကကပ်ပါလာတဲ့ အမျိုးသမီးဝန်ထမ်းက ဖုန်းကိုဖွင့်ပြီး တရားခွင်တစ်ခုလုံးကို ဖုန်းကင်မရာနဲ့ ချိန်လိုက်ပါတော့တယ်။ သူ့ဘက်က မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် ဒါဟာ ရုပ်သံမှတ်တမ်းတင်နေတယ်ဆိုတာကို လာရောက်နားထောင်တဲ့သူ တော်တော်များများက သဘောပေါက်ခဲ့ကြပါတယ်။
ရဲလုံခြုံရေးတွေအပါအဝင် လူ ၅၀ လောက် တရားရုံးထဲရောက်နေပြီး အဲဒီအထဲမှာ ရင်ခွင်ပိုက်ကလေးငယ်ကို ချီ ပိုးထားတဲ့ အမျိုးသမီးတယောက်လည်း ပါဝင်ပါတယ်။
သူကတော့ သတင်းထောက်တွေနဲ့အတ ူထိန်းသိမ်းခံထားရသူတွေထဲက တစ်ယောက်ရဲ့ အမျိုးသမီးဖြစ်ပြီး သူ့ယောင်္ကျားဖြစ်တဲ့သူဆီကို သီပေါကနေ တစ်နာရီခွဲလောက် ကားမောင်းသွားရတဲ့ လားရှိုးကနေလာခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားဖြစ်ပုံရတဲ့ အဲဒီအမျိုးသမီးဟာ ကလေးငယ်ကိုကြည့်လိုက်၊ တရားခွင်ထဲက သူ့အမျိုးသားကို ကြည့်လိုက်နဲ့ အခြားသူတွေကို အာရုံမစိုက်နိုင်ခဲ့ပါဘူး။
သုံးနာရီနီးပါးကြာတဲ့ တရားခွင်အတွင်း ကြားနာမှုမှာ တပ်မတော်အရာရှိငယ်က သတင်းထောက်တွေ အပါ အဝင် လူခြောက်ယောက်ကို ဖမ်းဆီးထိန်းသိမ်းစဉ် တွေ့ခဲ့ရတဲ့ သက်သေအထောက်အထားတွေအကြောင်း အဓိက ထွက်ဆိုသွားပါတယ်။
ကြားနာမှုအတွင်းမှာ ဒီဗွီဘီ သတင်းထောက်တွေရဲ့ ရှေ့နေဦးမောင်မောင်ဝင်းက မတ်တပ်ရပ်ကန့်ကွက်မှု အချို့ကိုလည်း မကြာခဏပြုလုပ်ခဲ့ပါသေးတယ်။
သုံးနာရီကျော်ကြာတဲ့တရားခွင်အပြီးမှာ သတင်းထောက်တွေဟာ လာတုန်းကပုံစံအတိုင်း သံကြိုးတွေနဲ့ လက်ထိပ်ကို ခြောက်ယောက်တွဲ ပူးကပ်ချည်နှောင်ခံခဲ့ရပြီး တရားရုံးအပြင်ကို ထွက်လာခဲ့ကြပါတယ်။
သူတို့ကို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်ဘက်က စွပ်စွဲတဲ့အပေါ်ကိုလည်း အတော်မကျေ မနပ်ဖြစ်နေပုံရတဲ့ ဒီဗွီဘီသတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်က သူတို့ လုပ်ရပ်အတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးဆိုပြီး တရားရုံးအထွက်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါသေးတယ်။
“ဒီလူတွေ၊ ဒီလူတွေ(တပ်မတော်နှင့် TNLA) ဟာ တစ်ချိန်ကျရင် ပြန်ပြီးတည့်သွားမယ့် အဖွဲ့တွေဖြစ်တယ်။ ကျွန်တော်တို့တွေက ကြားကနေ ဝင်ဆောင်ရွက်တာ ဖြစ်တယ်။ ကျွန်တော်တို့ နောင်တရမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့လုပ်တာ မှန်တယ်။ ကျွန်တော်တို့ဟာ အားလုံးကို ရင်ဆိုင်သွားမယ်။ လုံးဝကို ဂရုလည်းမစိုက်ဘူး။ ကြောက်လည်း မကြောက်ဘူး”လို့ ဦးအေးနိုင်က ဆိုပါတယ်။
လဝီဝမ်ကတော့ သူတို့သွားခဲ့တဲ့နေရာမှာ အစိုးရအမှုထမ်းတွေကိုလည်းတွေ့ခဲ့ပြီး မူးယစ်ဆေးဝါး မီးရှို့ပွဲလုပ် တဲ့နေရာဟာ အလယ်တန်းကျောင်းတစ်ခုရဲ့ ခြံဝန်းထဲမှာလို့ ဆိုပါတယ်။
“မြို့သစ်ဆိုတဲ့နေရာက အစိုးရဝန်ထမ်းရှိတယ်။ ဆေးဆရာမရှိတယ်။ ကျောင်းအုပ်ဆရာမရှိတယ်။ အခုလုပ်တဲ့ ပွဲနေရာတောင်မှ အလယ်တန်းကျောင်းကွင်းထဲမှာလုပ်တာ။ အစိုးရဝန်ထမ်းတွေလည်း တက်တယ်။ ဒါကအဖြူရောင်နယ်မြေပဲ”လို့ လဝီဝမ်ကပြောပါတယ်။
သူတို့ အတွေ့အကြုံတွေကို လာရောက်မေးမြန်းကြတဲ့ သတင်းထောက်တွေကတော့ ဦးအေးနိုင်၊ လဝီဝမ် စတဲ့သူတွေ ပြောစကားတွေကို သူတို့ သတင်းခန်းတွေဆီကို ပေးပို့ဖို့ သေချာ လိုက်လံမှတ်သားနေကြပါတယ်။
ဒါပေမယ့် ထိန်းသိမ်းခံထားရတဲ့သတင်းထောက်အနေနဲ့တော့ သူတို့ ပြောတဲ့အကြောင်းအရာတွေကို သူတို့ ပြန်ဖတ်ခွင့်ရဖို့ မသေချာလှပါဘူး။
ဖမ်းဆီးခံရပြီး တစ်လကျော်အတွင်း သူတို့အကြောင်း ရေးသားထားတဲ့သတင်းတွေ ဖတ်ရှုခွင့်မရခဲ့ဘဲ ဧည့်တွေ့ချိန်မှာရောက်လာတဲ့ သူတို့မိသားစုဝင်တွေဆီကတဆင့်ပဲ သူတို့အမှုအကြောင်း သိခွင့်ရတယ်လို့ ဒီဗွီဘီက Planning Editor ဦးသန်းဝင်းထွဋ်က ပြောပါတယ်။
ပုဂ္ဂလိကနဲ့ အစိုးရသတင်းစာတွေက သူတို့အကြောင်း ပါဝင်တဲ့ စာမျက်နှာတွေကိုဖြုတ်ထားပြီးမှ သူတို့ ဖတ်ခွင့်ရတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူတို့အမှုနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်နေတယ်ဆိုတာ တိုက်ရိုက်သိခွင့်မရခဲ့ဘူးလို့ ဦးသန်းဝင်းထွဋ်က ပြောပါတယ်။
“အမှန်တော့ အကျဉ်းထောင်ထဲမှာ သတင်းဖတ်ခွင့်ရှိပါတယ်။ တရားဝင်ထုတ်နေတဲ့ဟာတွေကို ဖတ်ခွင့်ရှိပါတယ်။ ဒီလိုဖြတ်ပြီးမှ ပို့တယ်ဆိုတာကို ကျွန်တော်တို့ ရှေ့နေများအဖွဲ့ကနေ သက်ဆိုင်ရာအကျဉ်းထောင်နဲ့ ညှိပါ့မယ်။ ကျွန်တော်တို့ တောင်းဆိုပါ့မယ်”လို့ ဒီဗွီဘီ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောပါတယ်။
တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေနဲ့ သုံးမိနစ်လောက် တွေ့ဆုံစကားပြောဆိုအပြီးမှာတော့ စွပ်စွဲခံရသူ သတင်းထောက်တွေကို ရဲတွေက အချုပ်ကားတွေပေါ်တင်ပြီး တရားရုံးကနေ ကားနဲ့ ၁၀ မိနစ်လောက်သွားရတဲ့ သီပေါထောင်ဆီကို ပြန်လည် ခေါ်ဆောင်သွားပါတော့တယ်။
သြဂုတ် ၈ ရက်နေ့မှာ ဒီအမှုကို ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။