လေယာဉ်ပျက်အား တတိယမြောက်နေ့အဖြစ် ဆက်လက်ရှာဖွေနေ

ရန်ကုန်၊ ဇွန် ၉

မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီး ပျက်ကျသွားခဲ့သည့် လေယာဉ်ပျက်အား ရှာဖွေမှုမှာ ယနေ့တွင် တတိယမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေတွေ့ရှိနိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်နေပြီဖြစ်သည်။ ယမန်နေ့ကအထိ သေဆုံးသူ ၃၁ ဦး၏ ရုပ်အလောင်းများကို ပင်လယ်ပြင်မှ ရှာဖွေတွေ့ရှိထားသည်။

မိုးလေကြမ်းတမ်းနေသည့်ကြားတွင် တပ်မတော်ရေယာဉ်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒေသခံ ငါးဖမ်းလှေများ ပူးပေါင်းဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွင်း မုတ္တမပင်လယ်ထဲမှ ဆယ်ယူရရှိသည့် ရုပ်အလောင်းအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ယနေ့အထိ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ရှစ်လောင်းနှင့် အမျိုးသားရုပ်အလောင်း နှစ်လောင်းတို့ကို ရှာဖွေတွေ့ရှိထားပြီး တပ်မတော် ကုန်တင်လေယာဉ်၏ အပိုင်းအစအချို့ကိုလည်း တွေ့ရှိဆယ်ယူနိုင်ခဲ့သည်။

လူ ၁၂၂ ဦးကို တင်ဆောင်ထားသည့် တရုတ်နိုင်ငံထုတ် Shaanxi Y8 တပ်မတော် ကုန်တင်လေယာဉ်သည် ဇွန် ၇ ရက်နေ့တွင် မြိတ်မြို့လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာ၌ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

ခရီးသည်များ၏ ထက်ဝက်ကျော်မှာ စစ်သည်များ၏ မိသားဝင်များဖြစ်ကြကာ ထိုအထဲတွင် ကလေးငယ် ၁၅ ဦးလည်း ပါဝင်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျန်သူများမှာ စစ်သည်များနှင့် လေယာဉ်အမှုထမ်းများ ဖြစ်ကြသည်။

ဇွန် ၈ ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်သားများက ရုပ်အလောင်းများကို ကမ်းခြေသို့ သယ်ဆောင်လာခဲ့ချိန်တွင် မိုးမှောင်ကျနေသည့် ကောင်းကင်အောက်၌ ဒေသခံများနှင့် ဆွေမျိုးများက တိတ်ဆိတ်စွာ စောင့်ကြိုနေခဲ့ကြသည်။

“ကျွန်တော်တို့ ငါးဖမ်းလှေသုံးစင်းက ရုပ်အလောင်းတွေကို ရေတပ်သင်္ဘောပေါ်ကနေ သယ်လာခဲ့တာပါ။ (ရုပ်အလောင်းထည့်တဲ့)အိတ်တွေကို မြင်ရတာ စိတ်မကောင်းဘူး။ ကျွန်တော့မှာလဲ မိသားစုရှိတယ်လေ” ဟု ငါးဖမ်းသမား ကိုမင်းဦးကပြောသည်။

အဖြူရောင် ပလပ်စတစ်များဖြင့် ဖုံးအုပ်ထုပ်ပိုးထားသည့် ရုပ်အလောင်းများကို ထားဝယ်မြို့ရှိ စစ်ဆေးရုံသို့ ယူဆောင်သွားခဲ့သည်။

ပင်လယ်ပြင်အတွင်းမှ ဆယ်ယူရရှိသော ရုပ်အလောင်းများအား တပ်မတော်စစ်ရေယာဉ်များဖြင့် လောင်းလုံမြို့နယ်အတွင်းရှိ စန်းလန်းကျေးရွာသို ပို့ဆောင်ပေးခဲ့ပြီးနောက် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ဆက်လက်သယ်ယူခဲ့ပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့သတင်းထုတ်ပြန်သည်။

ပင်လယ်ပြင်မှ တွေ့ရှိသည့် ရုပ်အလောင်းများအား ဇွန် ၈ ရက်နေ့ ညနေပိုင်းက စန်းလန်းကမ်းခြေသို့ သယ်ဆောင်လာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ

ပင်လယ်ပြင်မှ တွေ့ရှိသည့် ရုပ်အလောင်းများအား ဇွန် ၈ ရက်နေ့ ညနေပိုင်းက စန်းလန်းကမ်းခြေသို့ သယ်ဆောင်လာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ

အဆိုပါ ရုပ်အလောင်းများအား ဥပဒေရေးရာ ဆေးပညာကျွမ်းကျင်သူများက ဆေးဘက်ဆိုင်ရာ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မိသားစုများက ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ရုပ်အလောင်း ၁၆ လောင်းအား ရုပ်မည် အတည်ပြုနိုင်ခဲ့သည်ဟုဆိုသည်။

ထို့ပြင် သက်ဆိုင်ရာ မိသားစုဝင်များအား ထားဝယ်မြို့သို့ ထပ်မံပို့ဆောင်ပေးလျက်ရှိပြီး ရောက်ရှိပါက ရုပ်မည် အတည်ပြုနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကာ အမျိုးအမည်ခွဲခြားပြီး ရုပ်အလောင်းများကိုလည်း သက်ဆိုင်ရာမိသားစုများ ရောက်ရှိချိန်တွင် နာရေးကိစ္စများ ဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။

ယနေ့တွင် မိုးများရွာသွန်းနေကာ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးရွားနေပြီး ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၂ ဒသမ ၅ မီတာ ရှိနေသော်လည်း ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ် ရှစ်စီးနှင့် ဒေသခံငါးဖမ်းစက်လှေ ၂၀ စီးတို့ ပူးပေါင်း၍ ဆိုနာစနစ်ဖြင့်လည်းကောင်း၊ ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေခြင်းဖြင့် လည်းကောင်း၊ ကျွမ်းကျင်ရေငုပ် စစ်သည်များဖြင့်လည်းကောင်း ရှာဖွေခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

လေယာဉ်ပျက်ကျမှု အကြောင်းအရင်းနှင့် ပတ်သက်ပြီး တစုံတရာ မသိရှိရသေးပဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုသာ တပ်မတော်က ပြောကြားထားသည်။

လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လေယာဉ်ပျက်ကျမှုအား စစ်ဆေး ဖော်ထုတ်သွားမည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်အား မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် တရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည့် China National Aero-Technology Import and Export ကလည်း လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံထုတ် Y8 လေယာဉ်များမှာ စစ်ဘက်နှင့် အရပ်ဘက်သုံး ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ကာ တာဘိုအင်ဂျင်လေးလုံး တပ်ဆင်ထားပြီး မြန်မာ့လေတပ်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် အသုံးပြုနေသည်။

ယခုပျက်ကျခဲ့သည့် လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီသာ ပျံသန်း အသုံးပြုရသေးသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုခရီးစဉ်တွင် မောင်းနှင့်သည့် လေယာဉ်မှူးမှာ အတွေ့အကြုံရှိ လေယာဉ်မှူးဖြစ်ကာ လေယာဉ်မောင်းနှင်ပျံသန်းချိန် ၃၁၆၂ နာရီ အတွေ့အကြုံရှိထားသည်ဟုလည်း ဖော်ပြထားသည်။

လေယာဉ်မှာ အမြင့်ပေ ၁၈,၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက် ဆက်သွယ်မှုပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့အဆက်အသွယ်ပြတ်တောက်ပြီးနောက် မွန်းလွဲ ၂ နာရီမှစတင်၍ တပ်မတော်(လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ)မှ ရေယာဉ်များ၊ မြေပြင်တပ်များဖြင့် အဆိုပါလေယာဉ်နှင့် နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သည့် နေရာတစ်ဝိုက်နှင့် လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး ရုပ်အလောင်းများနှင့် လေယာဉ်အပိုင်းအစများဖြစ်သည့် လေယာဉ်ဘီးတစ်ခု၊ အသက်ကယ်ဝတ်စုံများနှင့် အဝတ်အစားထည့်သည့်အိတ်များအား ပင်လယ်ပြင်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတင်း- အေအက်ဖ်ပီနှင့် Frontier

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar