လူထုစိတ်ဝင်စားမှု နည်းပါးစွာဖြင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲများ ပြီးစီး

မြတ်ကျော်သူ၊ ဆုမြတ်မွန်၊ ရဲမွန်၊ ကျော်လင်းထွန်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ရန်ကုန်မြို့တွင် ယနေ့ (မတ် ၃၁ ရက်)က ကျင်းပခဲ့ရာ စိတ်ဝင်စားသူနည်းပါးခဲ့ပြီး မဲစာရင်းတွင် အမည်မပါရှိသဖြင့် မဲပေးခွင့်မရသူများလည်းရှိခဲ့သလို မဲသွားရောက်မပေးခဲ့သူ အများအပြားရှိခဲ့သည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ ခန့်မှန်းချက်အရ မဲပေးသူအရေအတွက်မှာ ၁၀ ရာခိုင်နှုန်းအောက်သူရှိမည်ဟု ဆိုသည်။

မဲပေးခဲ့ကြသူများ

တာမွေမြို့နယ်ရှိ မဲရုံအမှတ် (၃) တွင် သမ္မတဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူတို့က နံနက်ပိုင်းတွင် လာရောက်မဲပေးခဲ့ကြသည်ကို တွေ့ရသည်။ အဆိုပါမဲရုံအနီးတွင် သမ္မတထံ တိုင်ကြားစာများ လက်ခံသည့်ဌာနကိုလည်း ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ မဲပေးအပြီးတွင် သမ္မတက မဲရုံအနီးပတ်ဝန်းကျင်ရှိ ပြည်သူများအား လက်ပြနှုတ်ဆက်သွားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကမူ မတ် ၂၃ ရက်နေ့ကတည်းက ဗဟန်းမြို့နယ်တွင် ကြိုတင်မဲပေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူတို့ကလည်း နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၌ မဲပေးခဲ့ကြသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ မဲရုံတစ်ခု၌ မဲပေးနေကြသူများ။ ဓာတ်ပုံ-သူရဇော်

ကြည့်မြင်တိုင်မြို့နယ်ရှိ မဲရုံတစ်ခု၌ မဲပေးနေကြသူများ။ ဓာတ်ပုံ-သူရဇော်

ရန်ကုန်မြို့အနှံ့ရှိ မဲရုံများကို နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း မဲရုံအများအပြားတွင် မဲပေးသူကြိုကြားကြိုကြားသာ ရှိခဲ့သည်ကို တွေ့ရသည်။

တောင်ဥက္ကလာပမြို့နယ်မှ မဲပေးခဲ့ကြသည့် ပြည်သူအချို့ကမူ မည်သူ့ကိုမဲပေးရမည်ကို ကြိုတင်မစဉ်းစားခဲ့ကြဟု ပြောကြားသည်။

အသက် ၅၀ ရှိ ဒေါ်သိန်းသိန်းဌေးက “အစကတည်းက ကောင်းပြီးသားပဲလေ၊ မဟုတ်ဘူးလား၊ လမ်းဘေးဈေးသည်တွေဆိုရင် တိုင်လို့ရတယ်။ ဖုန်းလိုင်းတွေလည်း ကောင်းလာတယ်။ ခုလည်း အဆင်ပြေနေတာပဲ” ဟု ဆိုသည်။

၎င်းမဲပေးခဲ့သည့် မြင်သာ တောင်ဥက္ကလာ၊ မဲရုံအမှတ် (၇) သည် အကျဉ်းဦးစီးဌာနတွင်တည်ရှိပြီး မဲရုံဟု သိသာမြင်သာရန် ခက်ခဲသည်။ Frontier က စောင့်ကြည့်နေချိန်တွင် မဲပေးသူ ၂ ဦးခန့်သာ မြင်တွေ့ခဲ့ရသည်။

တောင်ဥက္ကလာရှိ မဲရုံအမှတ် (၁၀) တွင် မဲပေးခဲ့သည့် အသက် ၈၅ နှစ်အရွယ် ဒေါ်ခင်သန်းက “ဘယ်သူ့ပေးရမယ်မှန်းတော့ မသိဘူး။ သမီးတွေနဲ့ တူတူလာတာ။ အထဲရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်” ဟု ဖြေကြားသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ မဲရုံအမှတ် (၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉) တို့၏ မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ဦးရေ အနည်းဆုံး ၁၀,၀၀ ကျော်ခန့်ရှိသော်လည်း မဲရုံများ မပိတ်မီ တစ်နာရီအလို ညနေ ၃ နာရီကျော်ထိ မဲရုံတရုံတွင် မဲပေးသူ ၈၀ နီးပါးခန့်သာ ရှိသေးသည်ကို တွေ့ရှိရသည်။

အသက် ၂၄ နှစ်အရွယ် ကိုဝင်းနိုင်ကလည်း “အဆင်ပြေတဲ့လူတယောက်ယောက်ကို ပေးမယ်လို့ သွားတာပဲဗျ။ တချို့က ရုပ်တွေ (မျက်နှာတွေ) မပါတော့ လူဆိုးလူကောင်း ခွဲရခက်တယ်။ အဲဒါနဲ့ နည်းနည်း ကြည့်ကောင်းတဲ့ လူကြီးတယောက်ကို ပေးခဲ့တယ်။ ကျွန်တော်တို့မြို့နယ်အတွက် ကောင်းမယ်ထင်တာပဲ” ဟု ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းပေါ်ရှိ စာသင်ကျောင်းတစ်ခု၌ ဖွင့်လှစ်ထားသော မဲရုံတွင် လာရောက်မဲပေးခဲ့သူ မဲပေးရန်တာဝန်ရှိသည်ဟု ယူဆသည့်အတွက် လာရောက်မဲပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“ကျွန်မတို့တိုးတက်အောင် လုပ်ပေးနိုင်မယ့်ကိုယ်စားလှယ်လောင်းကို ထောက်ခံရမယ်လို့ ကျွန်မယုံကြည်တယ်လေ” ဟု ၎င်းကပြောသည်။ “ကျွန်မ NLD ကိုပဲ မဲပေးခဲ့တာပါဟုလည်း ၎င်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောကြားသည်။

မနက် ၆ နာရီ ဝန်းကျင် မဲရုံစဖွင့်ချိန်ကတည်းက ဆန္ဒမဲပေးခဲ့သည့် ရှေ့နေ ဦးသန်းထွန်းက ကျောက်တံတားမြို့နယ်အတွင်းနေထိုင်သူ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၊ ယခင် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမျိုးမြင့်ကို မဲပေးခဲ့ကြောင်း Frontier ကိုပြောသည်။

သမ္မတဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူတို့သည် တာမွေမြို့နယ်၌ လာရောက်မဲပေးခဲ့ကြသည်။ ဓာတ်ပုံ-သူရဇော်

သမ္မတဦးဝင်းမြင့်နှင့် ဇနီးဖြစ်သူတို့သည် တာမွေမြို့နယ်၌ လာရောက်မဲပေးခဲ့ကြသည်။ ဓာတ်ပုံ-သူရဇော်

“ကျွန်တော် ဦးမျိုးမြင့်ကို မဲပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူကအမြဲတမ်း ကတိတွေပေးပြီး လုပ်ပါတယ်ဟု” ၎င်းက ပြောသည်။ စည်ပင်သာယာ၏ လုပ်ကိုင်ရသည့် အကျပ်အတည်းအပါအဝင်၊ လုပ်ထုံးလုပ်နည်းများကိုပါ ဖြေလျှော့သွားရန် ဦးမျိုးမြင့်က ပြောသည်ဟုလည်း ၎င်းကပြောသည်။ “ရန်ကုန်မြို့က ကိုလိုနီအောက် အင်္ဂလိပ်ခေတ် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ ကတည်းက တည်ရှိလာကာ၊ လူဦးရေပေါက်ပွားလာမှုကြောင့် သန့်ရှင်းမှုနဲ့လုပ်ကိုင်ဆောင်ရွက်မှုက လက်ရှိထက် ပိုပြီးလုပ်ဆောင်ဖို့လိုတယ်။ ရန်ကုန်ကို မန္တလေးလို စမတ်စီးတီး သို့ မီဂါစီးတီးဖြစ်စေချင်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

“စိတ်မကောင်းစရာတစ်ခုက လူတော်တော်များများက စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်မဝင်စားတာတွေ့ရပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ အင်္ဂလိပ်စာ မဟာဝိဇ္ဇာကျောင်းသူ အသက် ၂၂ နှစ်အရွယ် မနှင်းပွင့်စိုးက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏အကြောင်းကို သေသေချာချာ မသိခဲ့ရဟု ပြောကြားသည်။

“သေသေချာချာ လက်ကမ်းစာစောင်တွေ ဘာတွေနဲ့ဝေတာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ရက်ကနေပဲ ဖြစ်ဖြစ် ဒီခရိုင်၊ မြို့နယ်အတွင်းမှာ ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အကြောင်းကို မဲပေးသူတွေဆီ ရောက်အောင် သေချာလုပ်ခဲ့သင့်တယ်။ အဲဒီလို မလုပ်ခဲ့ကြတော့ တကယ်မဲပေးတဲ့အချိန်လည်း ရောက်ရော မဲပေးရဖို့ အတွက် ရွေးချယ်တဲ့အချိန်မှာ အခက်အခဲရှိတယ်။

“တချို့ဆိုရင် ပုံတောင်သေချာမမြင်ရဘူး။ ဒါပေမယ့် နိုင်ငံသားတစ်ယောက်အနေနဲ့ အော် ငါတော့ မဲပေးသင့်တယ် ဆိုပြီး ပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ပိုပြီးတော့ စည်းစနစ်ကျတဲ့ မြို့တော်ဖြစ်စေချင်တယ်။ လမ်းဘေးဈေးသည်ကိစ္စမျိုးတွေ မသန့်မရှင်း ဖြစ်နေတဲ့ဟာမျိုးတွေရောပေါ့။ ပိုပြီး သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကျွန်မတို့မြို့နယ်မှာက တခြားနာမည်ကြီးနေတဲ့ သူတွေလည်း မရှိတော့ ကျွန်မတို့မဲပေးရတာ ရွေးချယ်ရတာ ပိုခက်တာပေ့ါ”ဟု မနှင်းပွင့်စိုးက ဆက်လက်ပြောကြားသည်။

မဲပေးခွင့်မရရှိခဲ့ကြသူများ

ယနေ့ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း၌ အမည်မပါဝင်သောကြောင့် မဲမပေးဘဲ ပြန်သွားရသူများလည်း ရှိခဲ့သည်ကို တွေ့ရသည်။

ကြည့်မြင့်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးမူက ၎င်း၏အိမ်တွင် မဲပေးနိုင်သူ ၆ ဦးရှိပြီး မဲစာရင်းတွင် တစ်ဦးမျှ မပါဝင်သောကြောင့် မဲပေးခွင့် နစ်နာခဲ့ရသည်ဟု Frontier ကို ပြောသည်။ “NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကို အရမ်းထည့်ချင်တာ။ မဲစာရင်းမပါဘူးဆိုတော့ သူတို့ရော၊ ကိုယ်ရော နစ်နာတာပေါ့”ဟု ၎င်းကပြောသည်။

၎င်းတို့မိသားစုသည် အဆိုပါရပ်ကွက်တွင် သန်းခေါင်စာရင်းဖြင့် နေထိုင်နေကြသူများဖြစ်ပြီး ယခင်အထွေထွေရွေးကောက်ပွဲများတွင် မဲပေးခွင့်ရရှိခဲ့ကြသည်ဟုလည်း ဆိုသည်။

မဲစာရင်းတွင် အမည်မပါရှိသောကြောင့် မဲပေးခွင့်မရှိခဲ့ကြကြောင်းကို Facebook လူမှုကွန်ရက်ပေါ်တွင် ရေးသားထားကြသည်ကိုလည်း တွေ့ရသည်။

“နောင်ဆက်ပိုင်” ဟူသည့် Facebook အသုံးပြုသူတစ်ဦးကလည်း မဲစာရင်းမပါသဖြင့် ပြန်လည့်ခဲ့ရသည်ဟု Facebook တွင် ရေးသားထားသည်။

“ကိုယ်နဲ့အတူ မဲစာရင်းမှာမပါလို့ ပြန်လှည့်သွားရတဲ့သူ လူရေထားတာ ၅ ယောက်ရှိတယ်။ မွေးကတည်းက ဒီနေရာမှာနေလာ၊ သန်းခါင်စာရင်းလဲ ရှိရက်နဲ့ပေါ့လေ။ လမ်းမတော်မြို့နယ် မဲရုံအမှတ်(၂) ပါ” ဟု ၎င်းက ရေးသားထားသည်။

ထင်ရှားသည့် အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သူ ကိုမောင်မောင်အေးကလည်း ၎င်း၏ သန်းခေါင်စာရင်းရှိသည့် ကျောက်တံတားတွင် မဲစာရင်းမပါသောကြောင့် မဲပေးခွင့်မရရှိခဲ့ဟု ၎င်း၏ Facebook တွင် ရေးသားထားသည်။

“ကျောက်တံတားသန်းခေါင်စာရင်းအရ ၂၀၁၅ မဲပေးတုန်းကလည်း ဒီနေရာလေးမှာလာပေးခဲ့တာပါ…. အခု စည်ပင်အတွက် မဲပေးဖို့လာတော့မှ ရှိကောက်စာရင်းအရ ကိုယ့်နာမည်မပါခဲ့ပါဘူး… ကိုယ့်လိုပဲ နာမည်မပါလို့ လာပြီးမှပြန်ရသူတွေလည်း ရှိတယ် တဲ့” ဟု ၎င်းက ရေးသားထားသည်။

ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ရွေးကောက်ပွဲ စတင်မကျင်းပမီ ကော်မရှင်က သတ်မှတ်သည့် အတိုင်း ကြိုတင်၍ ကြေညာရမည်ဖြစ်ကာ “မဲစာရင်းများကြေညာပြီးနောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာမဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ၊ မရှိ ကို လာရောက် ကြည့်ရှုရန် တာဝန်ရှိသည်” ဟု ရွေးကောက်ပွဲနည်းဥပဒေများတွင် ဖော်ပြထားသည်။

သို့သော် မဲစာရင်းများ ကြေညာခဲ့စဉ်ကို သိရှိသူနည်းပါးခဲ့သလို အမည်ပါ၊ မပါ သွားရောက် စစ်ဆေးသူလည်း နည်းပါးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ မဲရုံအမှတ်(၄) ၌ ဆန္ဒမဲလာရောက်ပေးသူတစ်ဦး။ ဓာတ်ပုံ-မြတ်ကျော်သူ

တောင်ဥက္ကလာပမြို့နယ်၊ မဲရုံအမှတ်(၄) ၌ ဆန္ဒမဲလာရောက်ပေးသူတစ်ဦး။ ဓာတ်ပုံ-မြတ်ကျော်သူ

မဲစာရင်း၌ အမည်ပါဝင်ခြင်းမရှိသေးပါက အမည်ထည့်သွင်းရန်တောင်းဆိုလွှာကို သတ်မှတ်ပုံစံဖြင့် လည်းကောင်း၊ မဲစာရင်းပါ အမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာကို သတ်မှတ်ပုံစံဖြင့်လည်းကောင်း၊ ပြင်ဆင်ရန် ရှိပါက ပြင်ဆင်လွှာကိုသတ်မှတ်ပုံစံဖြင့်လည်းကောင်း တင်သွင်းနိုင်သည်ဟုလည်း နည်းဥပဒေ၌ ဖော်ပြထားသည်။

ထိုသို့ တောင်းဆိုလွှာတင်သွင်းသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက စိစစ်ပြီး ရွေးကောက်ပွဲနည်းဥပဒေများနှင့်ညီညွတ်လျှင် မဲစာရင်း၌ ဖြည့်စွက် ဖော်ပြရမည်ဖြစ်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) တွင် ဖွင့်လှစ်ထားသည့် မဲရုံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နံနက် ၆ နာရီ မဲရုံစဖွင့်ချိန်မှစတင်ကာ ၁၀ နာရီခန့်အတွင်း လာရောက်မဲပေးသူ ၁၀၀ ကျော်ခန့်အနက် ၁၀ ဦးခန့်မှာ မဲစာရင်းတွင် အမည်မပါသောကြောင့် ပြန်သွားခဲ့ရသည်ဟုဆိုသည်။

မဲပေးခွင့်မရရှိခဲ့ကြသူများထဲတွင် တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ ၂ လမ်းနေ အသက် ၃၃ နှစ်အရွက် ကိုဝေလင်းတစ်ယောက်လည်း ပါဝင်ခဲ့သည်။ သို့သော် ၎င်းက အိမ်ထောင်စုစာရင်းမရှိသောကြောင့်ဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်က မကွေးက။ ဒီမှာ ဧည့်အိမ်ထောင်စုစာရင်းမရှိဘူး။ အိမ်ထောင်စုစာရင်းက ဟိုမှာပဲ ရှိတာပေ့ါနော်။ တကယ်လို့ ကျွန်တော်က ဒီမှာ မဲပေးချင်တယ်ဆိုရင် ဧည့်အိမ်ထောင်စုစာရင်း လုပ်ထားမှ ရမှာ။ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီးလုပ်ရမှာ သိပ်ပြီး စိတ်မရှည်ဘူး။ နောက်ပြီး ဒီလိုစည်ပင် ရွေးကောက်ပွဲမျိုးကျတော့လည်း သိပ်ပြီး စိတ်မဝင်စားဘူးဖြစ်တာပေါ့” ဟု ၎င်းကပြောသည်။

ဒါပေမယ့် ကျွန်တော်ပြောချင်တာကတော့ ဘယ်သူပဲ နိုင်နိုင်ပါ။ ကျွန်တော်တို့ ဒီမြို့နယ်အတွက်ရယ် ရန်ကုန်မြို့ကြီးရယ် ပိုသာယာလှပအောင် ဖွံ့ဖြိုးအောင် ကြိုးစားလုပ်ဆောင်ပေးကြပါလို့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မဲမပေးခဲ့ကြသူများ

ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများက စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသလို စိတ်ဝင်တစားဖြင့် လာရောက်မဲပေးသူအချို့ရှိသော်လည်း လာရောက်မဲပေးသူအရေအတွက်မှာ အလွန်နည်းပါးမည်ဟု ခန့်မှန်းထားသည်။

လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ ထုတ်ပြန်ချက်အရ ယနေ့နံနက် ၁၀ နာရီခွဲခန့်အထိ မဲလာပေးသူများ မဲပေးခွင့်ရှိသူ၏ ၁၀ ရာခိုင်နှုန်းအောက်သာရှိသည်ဟု ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ်မှ မဲရုံမှူးအချို့အား မေးမြန်းကြည့်ရာတွင် ယခင်စည်ပင်သာယာ ရွေးကောက်ပွဲထက် မဲပေးမှု ပိုမိုများပြားသော်လည်း တစ်နိုင်ငံအနှံ့ကျင်းပခဲ့သည် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကဲ့သို့ လူစိတ်ဝင်စားမှု မများဟု ဆိုသည်။

သာကေတမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ဦးမောင်မောင်မြင့်က အချိန်ကုန်၊ အလုပ်ပျက်ခံကာ မဲသွားပေးရန် စိတ်မဝင်စားဟု ပြောကြားသည်။

ကားပွဲစားတစ်ဦးဖြစ်သူ၎င်း၏ အိမ်ထောင်စုစာရင်းမှာ မိဘများနေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပြီး ထိုအချက်ကလည်း ၎င်းမဲမပေးရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်အတွက် မည်သူအရွေးခံရသည်ဖြစ်စေ ၎င်း၏ မိသားစုအတွက် ပိုက်ဆံရမည်မဟုတ်သောကြောင့် စိတ်မဝင်စားဟုလည်း ၎င်းက ဆိုသေးသည်။

“မဲသွားပေးတာထက် မိသားစုအတွက် အလုပ်လုပ်ဖို့ ပိုအရေးကြီးတယ်” ဟု ဦးမောင်မောင်မြင့်က Frontier ကို ခပ်ပြတ်ပြတ်ဖြေကြားခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မဲရုံတစ်ခုအနီးတွင် ထိုင်နေကြသည့် အမျိုးသားတစ်စုအား မေးမြန်းကြည့်သည့်အခါ ရွေးကောက်ပွဲကို စိတ်မဝင်စားသောကြောင့် မဲမပေးခဲ့ကြဟု ဖြေကြားသည်။

ထိုအုပ်စုထဲမှ အမည်မဖော်လိုသူ အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက အစိုးရရာထူးရရှိသွားသူမည်သူကမှ ပြည်သူများအား အဆင်ပြေအောင် ကူညီလုပ်ဆောင်ပေးခြင်းမရှိဟု ပြောကြားသည်။ ထို့ကြောင့် ၎င်းအနေဖြင့် မဲမပေးခဲ့ဟုလည်း ပြောကြားသည်။

မြောက်ဥက္ကလာ (ဃ) ရက်ကွက်ရှိ မဲရုံတစ်ခုမှ မဲရုံစောင့်ဆရာမတစ်ဦးက “မနက် ၆ နာရီကတည်းက ခုထိ ရာမကျော်သေးလောက်ဘူး၊ လာတော့လာနေကြတာပဲ” ဟု ပြောကြားသည်။

ကိုယ်စားလှယ်လောင်တစ်ဦးဖြစ်သူ ကိုအောင်ခန့်။ ဓာတ်ပုံ-သူရဇော်

ကိုယ်စားလှယ်လောင်တစ်ဦးဖြစ်သူ ကိုအောင်ခန့်။ ဓာတ်ပုံ-သူရဇော်

၂ဝ၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ် စည်ပင်ရွေးကောက်ပွဲကျင်းပခဲ့စဉ်က တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာ မဲပေးခွင့် ရရှိခဲ့ကြရသည်။ ထိုစဉ်က မဲပေးသူ ၁ဝ၆,ဝ၈၉ ဦးရှိခဲ့ရာ မဲပေးခွင့်ရှိသူအားလုံး၏ ၂၅ ဒသမ ၈ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့ကြသည်။ တနည်းပြောရလျှင် ရန်ကုန်မြို့နေ လူဦးရေ ၅ ဒသမ ၂ သန်း၏ ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ မြို့တော်နယ်နိမိတ်အတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံ ခန့်ခွဲပိုင်ခွင့်ရှိသော ဧရိယာများတွင် အနည်းဆုံး တစ်နှစ် တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်သူဖြစ်၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွ?

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar