ရဲဘော်ကျမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ဟိန္ဒူတွေ

ရဲစခန်းလည်းရှိတဲ့ ရဲဘော်ကျရွာမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုကြီးကို ဘာကြောင့် မတားဆီးနိုင်ခဲ့ရသလဲဆိုတာနဲ့ ရှာဖွေမှုတွေ ဘာကြောင့်နောက်ကျခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေမရသေးပါဘူး။

ဉာဏ်လှိုင်လင်း ရေးသားသည်။

သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေနဲ့ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ အတောမသတ်နိုင်သေးတဲ့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဟာ လူများစု မူဆလင်တွေရော၊ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေအတွက်ပါ ဘယ်သူ့ဘယ်သူ့ရဲ့ အသက်ကိုမှ အာမခံချက် မပေးနိုင်သေးပါဘူး။

အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက သတ်မှတ် ကြေညာထားတဲ့ Arakan Salvation Army (ARSA) အဖွဲ့က လုံခြုံရေးစခန်း ၃၀ ကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်းမှာ ပိုပြီး ဆိုးရွားလာနေပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေအရ ဒီဒေသမှာ လူများစုဖြစ်တဲ့ မူဆလင်တွေထဲက လူလေးသိန်းကျော်လောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးရောက်ရှိနေကြပါတယ်။ ဒါ့အပြင် အစိုးရရဲ့ စာရင်းတွေအရ ဒီဒေသမှာ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေထဲက နှစ်သောင်းကျော်ဟာ မူရင်းနေရပ်တွေကို စွန့်ခွာနေကြပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့မှာ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တစ်လအတွင်းမှာ လူပေါင်း ၈၄ ယောက် သတ်ဖြတ်ခံရပြီး ၅၄ ဦးကတော့ ပျောက်ဆုံးနေပါတယ်။ ဒီအခြေအနေရောက်တဲ့အထိ မောင်တောဟာ ဘယ်လောက်တောင် လုံခြုံမှုမဲ့ခဲ့တယ်ဆိုတာကို ဖြစ်ရပ်ဆိုးကြီးတစ်ခုက သက်သေထူ ပြနေပါတယ်။

“ညနေလောက်ကတည်းက မူဆလင်တွေက လူစုလူဝေးနဲ့ အော်ဟစ်နေကြပြီ”လို့ မရီလ်ခါးက ပြောပါတယ်။ သြဂုတ် ၂၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရ်ှနဲ့ ၁၀ မိုင်ခန့် (ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ) သာဝေးတဲ့ ရဲဘော်ကျားမှာနေထိုင်တဲ့ ဟိန္ဒူတွေ ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို သူက ပြန်ပြောင်းပြောပြနေတာဖြစ်ပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ကျေးရွာကို ရောက်နေတဲ့ မရီလ်ခါးကို Frontier က တယ်လီဖုန်းနဲ့ မေးမြန်းခွင့်ရခဲ့တာဖြစ်ပြီး သူမဟာ ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံခဲ့ရသူဖြစ်တဲ့အကြောင်း စစ်တွေမြို့ပေါ်မှာ ဟိန္ဒူတွေအတွက် ဖွင့်လှစ်ထားတဲ့ ဓညဝတီ ဒုက္ခသည်စခန်းက တာဝန်ခံ ဘုလှရွှေက အာမခံချက်ပေးပါတယ်။

လူအင်အား ၅၀၀ လောက်(အစိုးရထုတ်ပြန်ချက်မှာ ၃၀၀) က သူတို့ကို လာဝိုင်းပြီး ဟိန္ဒူ အမျိုးသားအများစုရဲ့ မျက်နှာတွေကို အဝတ်တွေနဲ့အုပ်ကာ ရွာရှိလူအကုန် (အစိုးရက ၁၀၀ ဦးခန့်ဟု ထုတ်ပြန်ထား) ကို တောထဲကို ဆွဲခေါ်သွားတယ်လို့ မရီလ်ခါးက ဆက်ပြောပါတယ်။

အကြမ်းဖက်သမားတွေကို ပြန်လည်ခုခံတာမျိုးမလုပ်ဖူးလားလို့ Frontier ကမေးတဲ့အခါမှာတော့ “ကျွန်မတို့မှာ လက်နက်မရှိပါ”လို့ သူက ပြန်ဖြေပါတယ်။ အဲဒီနောက် ငွေ၊ လက်ဝတ်လက်စားနဲ့ အဖိုးတန်ပစ္စည်းတွေကို တောင်းယူပြီးတဲ့အခါ အကြမ်းဖက်သမားတွေက သူတို့ရဲ့ လူသတ်ပွဲကြီးကို စတင်ပါတော့တယ်လို့ မရီလ်ခါးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ယောင်္ကျားတွေကို ပထမတွန်းလိုက်ပါတယ်။ အရင်ခုတ်ပါတယ်။ နောက်တစ်ခါ မိန်းမကြီးကို ခုတ်ပါတယ်။ တတိယမှာ ကလေးတွေကို ခုတ်ပါတယ်။ ကလေးအများကြီး ရှိပါတယ်။ အားလုံးသတ်ပစ်လိုက်ပါတယ်။ အားလုံး သူတို့မှာ သေနတ်ရှိပါတယ်၊ ဓားရှိပါတယ်၊ ဗုံးရှိပါတယ်။ တစ်ယောက်မှ ပစ္စည်းမပါတဲ့သူမရှိပါ”လို့ သူက ဆိုပါတယ်။

အဲဒီထဲကမှ သူအပါအဝင် အမျိုးသမီးခြောက်ဦးနဲ့ ကလေးငယ်သုံးဦးဟာ ကံကောင်းခဲ့ပြီး “အစ္စလာမ်ဘာသာကို ကူးပြောင်းပါ့မယ်၊ သားမယားအဖြစ်အလုပ်အကျွေးပြုပါ့မယ်”ဆိုတဲ့ ကတိနဲ့ အသက်ဘေးက ချမ်းသာရာရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သမားတွေဟာ တောထဲမှာ သူတို့ကို သုံးရက်ခန့်ထားပြီးနောက် သြဂုတ် ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေ လာရောက်စစ်ဆေးတဲ့အချိန် ဟိန္ဒူဘာသာဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ကူညီမှုနဲ့ လွတ်မြောက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေနေထိုင်တဲ့ ကူတူပါလောင်ကျေးရွာကို ရွှေ့ပြောင်းခွင့်ရခဲ့တာလို့ မရီလ်ခါးက ရှင်းပြပါတယ်။

ရဲဘော်ကျကျေးရွာရဲ့ အနောက်မြာက်ဘက် မီတာ ၁,၂၀၀ ခန့်အကွာမှာ မြေကျင်းတွေတူးပြီး မြုပ်နှံထားတဲ့ ကလေးနဲ့ လူငယ် ရှစ်ဦးအပါအဝင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၂၀ ဦးတို့ရဲ့ အလောင်းတွေကို စတင်တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ရဲဘော်ကျကျေးရွာရဲ့ အနောက်မြာက်ဘက် မီတာ ၁,၂၀၀ ခန့်အကွာမှာ မြေကျင်းတွေတူးပြီး မြုပ်နှံထားတဲ့ ကလေးနဲ့ လူငယ် ရှစ်ဦးအပါအဝင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၂၀ ဦးတို့ရဲ့ အလောင်းတွေကို စတင်တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

မောင်တောနဲ့ စစ်တွေမှာရှိနေတဲ့ ဟိန္ဒူဘာသာရေးနဲ့ လူမှုရေးခေါင်းဆောင်အချို့ကတော့ တယ်လီဖုန်း အဆက်အသွယ်ရတဲ့အတွက် ဒီအဖြစ်ဆိုးကို သြဂုတ် ၂၉ ရက်နေ့ကတည်းက သိပေမယ့် သိသိချင်းမှာ အာဏာပိုင်တွေဖက်က အကူအညီ တစ်စုံတစ်ရာမရခဲ့ဖူးလို့ ဆိုပါတယ်။

“စိတ်ဝင်စားတဲ့သူကလည်း စိတ်ဝင်စားတယ်။ တစ်ခါတစ်တစ်လေကျတော့ ဖုန်းဆက်ရင် မအားဘူး ဖြစ်နေတယ်။ အဲဒီလိုဖြစ်ရင်းဖြစ်ရင်းနဲ့ ရက်ပေါင်း ၂၀ ကျော်လောက် ဖြစ်သွားတယ်”လို့ မောင်တောမြို့ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ ဦးနီမောလ်က ဆိုပါတယ်။

သူကတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ပါသွားသူအမျိုးသမီးတွေနဲ့ ပထမဆုံး ဖုန်းအဆက်အသွယ်ရခဲ့သူဖြစ်ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့မှာ အစိုးရအစီအစဉ်နဲ့ Frontier အပါအဝင် မီဒီယာအချို့ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိစဉ် ဦးနီမောလ်နဲ့ တွေ့ဆုံခွင့်ရခဲ့တာပါ။

အကြမ်းဖက်မှုဖြစ်ပွားအပြီး တစ်လခန့်အကြာရောက်မှ အစိုးရဖက်က ရှာဖွေမှုတွေစတင်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ ရဲဘော်ကျကျေးရွာရဲ့ အနောက်မြာက်ဘက် မီတာ ၁,၂၀၀ ခန့်အကွာမှာ မြေကျင်းတွေတူးပြီး မြုပ်နှံထားတဲ့ ကလေးနဲ့ လူငယ် ရှစ်ဦးအပါအဝင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၂၀ ဦးတို့ရဲ့ အလောင်းတွေကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒီကနေ့အထိ စုစုပေါင်း ၅၂ လောင်းရှာဖွေတွေ့ရှိပြီးဖြစ်ကာ ရှာဖွေမှုတွေဆက်လုပ်နေတယ်လို့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါပေမယ့် ရဲစခန်းလည်းရှိတဲ့ ဒီရွာမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုကြီးကို ဘာကြောင့် မတားဆီးနိုင်ခဲ့ရသလဲဆိုတာနဲ့ ရှာဖွေမှုတွေ ဘာကြောင့်နောက်ကျခဲ့ရသလဲဆိုတဲ့ Frontier က မေးမြန်းမှုအတွက် တိကျတဲ့ အဖြေမရခဲ့ပါဘူး။