ဆုမြတ်မွန်
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည့် ရိုက်တာသတင်းသမားနှစ်ဦးအား လွှတ်ပေးရန် ၎င်းတို့၏ ရှေ့နေများက ယနေ့ တင်ပြမှုကို တရားသူကြီးက ပယ်ချလိုက်သည်။
ကျင့်ထုံးဥပဒေပုဒ်မ ၁၆၂ အရ သက်သေခံ ရှစ်ဦးအား ဆက်လက်စစ်ဆေးရန် ကျန်ရှိသေးသောကြောင့် ပြစ်မှု မကျူးလွန်သေးကြောင်း ဆုံးဖြတ်၍ မရသေးဟုဆိုကာ တရားသူကြီ ဦးရဲလွင်က ရှေ့နေ၏ တင်ပြမှုကို ပလပ်လိုက်ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရန်ကုန်မြို့စွန်တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုအား မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသည်မှာ သုံးလကျော် ကြာမြင့်သွားပြီဖြစ်ပြီး သက်သေ ၁၇ ဦးကို စစ်ဆေးပြီးဖြစ်သည်။ သို့သော် ပြစ်မှု မပေါ်လွင်သောကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၂) အရ စွဲချက်မတင်မီ လွှတ်ပေးသင့်သည်ဟု ရှေ့နေများက လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ယနေ့သည် ကိုဝလုံး၏ အသက် ၃၂ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။ တရားရုံးသို့ ယနေ့ နံနက်ပိုင်းက ၎င်းတို့ ရောက်ရှိလာချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက မွေးနေ့ကိတ်များဖြင့် ကြိုဆိုခဲ့ကြသည်။
တရားရုံးသို့ ရောက်ရှိလာသည့် ကိုကျော်စိုးဦးအား သူ၏ ဇနီးနှင့် သမီးဖြစ်သူက ကြိုဆိုနေစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့နှစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သည့်အား သတင်းလိုက်နေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးပြီးနောက် အဆိုပါလူသတ်မှု ဖြစ်ပွားခဲ့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့မှုကို တပ်မတော်က ဝန်ခံခဲ့သည်။
ထို့နောက် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်သားခုနစ်ဦးအား တပ်မတော်မှ ထုတ်ပယ်ကာ အရပ်ဖက်ထောင်တွင် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု တပ်မတော်က ဧပြီ ၁၀ ရက်နေ့ညက သတင်း ထုတ်ပြန်ခဲ့သည်။
“အင်းဒင်ကိစ္စနဲ့ ပတ်သက်လို့ အစိုးရက မနက်က ထုတ်ပြန်တယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ လူတွေကိုကျတော့ ၁၀ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ၁၄ နှစ်ကျခံရနိုင်တဲ့ အမှုနဲ့ စွဲချက်တင်ခံထားရတယ်ဆိုတော့ အစိုးရကို ကျွန်တော် မေးချင်ပါတယ်…။ ဘယ်မှာလဲ အမှန်တရား၊ တရားမျှတမှုဆိုတာ ဘယ်မှာလဲ။ ဒီမိုကရေစီနဲ့ တရားလွတ်လပ်ခွင့်ဆိုတာ ဘယ်မှာလဲ” ဟု ကိုဝလုံးက ယနေ့ရုံးချိန်းအပြီးတွင် သတင်းထောက်များအား ရဲကားပေါ်မှ အော်ပြောခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး စိတ်ပျက်မိသည်ဟု ရိုက်တာ၏ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် စတိဗ်အက်ဒလာက ပြောကြားသည်။
“တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အလွန်အမင်းကို စိတ်ပျက်မိပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
“တရားရုံးအနေနဲ့ ကျွန်တော်တို့ရဲ့သတင်းထောက်တွေကို လွတ်ပေးဖို့အတွက် ဒီအမှုကိုပယ်ဖျက်ဖို့ ခိုင်မာတဲ့ အထောက်အထား အချက်အလက်တွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ဘက်မလိုက်ပဲ လွတ်လပ်စွာ သတင်းလိုက်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ဟာ သတင်းရယူတာနဲ့ ပတ်သက်ပြီး ဘယ်ဥပဒေကိုမှ ချိုးဖောက်ခဲ့ခြင်း မရှိပါဘူး။ သူတို့အနေနဲ့ သူတို့အလုပ်ကိုပဲ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားပါမယ်” ဟု ၎င်းက ပြောကြားသည်။