နေပြည်တော်၊ မတ် ၁၁
ရခိုင်အမျိုးသားပါတီက အောက်တိုဘာ ၂၅ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က ကမ်းလှမ်းလာလ ျှင် ပါတီ၏ မူဝါဒကို ဆန့်ကျင်ပြီး ပူးပေါင်းဆောင်ရွက်သွားရန် ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (စီအီးစီ) ဝင် ခြောက်ဦးအား ပါတီက မတ် ၁၂ နှင့် ၁၃ ရက်နေ့များတွင် တွေ့ဆုံကာ ခုံဖွဲ့စစ်ဆေး အရေးယူသွားရန် စီစဉ်ထားသည်ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ANP က ဦးဆောင်ခွင့် မရရင် ပြည်နယ် အဆင့်မှာရော၊ ပြည်ထောင်စုအဆင့်မှာပါ အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတာ ပါတီရဲ့ မူဝါဒပါ။ တကယ်လို့များ အဲဒီ ရာထူးတွေမှာ ANP ပါတီကလူကို အင်န်အယ်လ်ဒီက ရွေးနှုတ်ပြီး ဝန်ကြီးနေရာတွေ ပေးလာလို့ ပါတီရဲ့ သဘောတူညီမှု မရှိဘဲ လက်ခံတာမျိုးတွေရှိလာရင် အဲဒီလူကို ပါတီက အရေးယူမှာပါ။ ဒီလို အရေးယူခြင်းဟာ ပါတီရဲ့ မူဝါဒကို ဆန့်ကျင်လို့ အရေးယူရတာဖြစ်လို့ အမတ်တချို့ ပြောသလို ဖြုတ်ထုတ်သတ် လမ်းစဉ်ကို သွားနေတာ မဟုတ်ပါဘူး” ဟု ရခိုင်ပြည်နယ် တိုင်းဒေသကြီးလွှတ်တော်၊ စစ်တွေ မဲဆန္ဒနယ်ကိုယ်စားလှယ်ဖြစ်သည့် ANP အတွင်းရေးမှူး ဦးကျော်ဇောဦးက Frontier ပြောသည်။
ရခိုင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော်လည်း ANP ပါတီဝင်မဟုတ်ပဲ အင်န်အယ်လ်ဒီပါတီဝင်ဖြစ်သည့် ဦးညီပုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဟု အင်န်အယ်လ်ဒီက အတိအလင်း ပြောကြားပြီးနောက် ပြည်နယ်အဆင့်တွင်သာမက ပြည်ထောင်စု အဆင့်တွင်ပါ အင်န်အယ်လ်ဒီ နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ANP က ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်များသည် လက်တွေ့မကျကြောင်းနှင့် ANP ၏ စီအီးစီ ခြောက်ဦးတို့အား အရေးယူမည့်ကိစ္စမှာ ဖြုတ်ထုတ်သတ် လမ်းစဉ်သို့ အရောက်သွားနေခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က မီဒီယာသို့ ပြောကြားခဲ့သည်ကို ဦးကျော်ဇောဦးက တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ANP ပါတီဟာ ပြည်နယ်လွှတ်တော်မှာ အမတ်နေရာအများဆုံး ရထားလို့ လွှတ်တော်ဥက္ကဌ နေရာတွေ ရထားပြီးပြီ။ အမတ်ဦးရေ အများဆုံးရတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်နေရာကိုပါ လိုချင်တာကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက် ခန့်ခွင့် ရှိနေတယ်။ ဝန်ကြီးချုပ် မဖြစ်ရရင် မပူးပေါင်းနိုင်ဘူး ဆိုတာကျတော့ ဒါဟာ ရခိုင်ပြည်နယ် အကျိုးအတွက်၊ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက်တော့ လက်တွေ့မကျတဲ့ ကြေညာချက်ပဲ။ အခု သတင်းစာ ရှင်းလင်းပွဲက အင်န်အယ်လ်ဒီက တာဝန်ပေးလာရင် ပူးပေါင်း ဆောင်ရွက်မယ့် သဘောပါ။ ဒါကို အရေးယူမှုတွေ လုပ်တာဟာ ပါတီတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်အထိ သွားနေတာဖြစ်လို့ ပြည်နယ် ဖွံ့ဖြိုးရေး၊ အမျိုးသားရေးကို ကြည့်ရာ မရောက်ပါဘူး” ဟု ဦးဘရှိန်က ဝေဖန် ထောက်ပြခဲ့သည်။
ANP ၏ ကြေညာချက်နှင့် ပတ်သက်ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကို လိုလားကြသည့် အမျိုးသားရေးဝါဒီများအကြားတွင်လည်း သဘောထား အမျိုးမျိုး ကွဲပြားလျက်ရှိကြသည်။
ရခိုင်ပါတီနှစ်ခုအား ANP အဖြစ် မပေါင်းစည်းခင်က ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးမြင့်ဇော်က “အခုလို ခုံဖွဲ့ စစ်ဆေး အရေးယူမယ်ဆိုတာက ပါတီရဲ့ လတ်တလော ဆုံးဖြတ်လိုက်မှုလို့ပဲ မြင်ပါတယ်။ တကယ်တမ်းမှာ အင်န်အယ်လ်ဒီအစိုးရနဲ့ ထိတ်တိုက်တွေ့မယ် ဆိုတာလည်း လက်တွေ့မှာ ခက်ခဲလိမ့်မယ် ထင်ပါတယ်။ ANP ရဲ့ ဆုံးဖြတ်ချက်ကို ရခိုင်ပြည်သူတွေကို ချပြပြီး ပြည်သူ့ထောက်ခံမှုရမှသာ ဒါကို လုပ်သင့်ပါတယ်။ ပါတီ စီအီးစီတွေလောက်နဲ့ ဆုံးဖြတ်ရင်၊ ပြည်သူ မပါဝင်ရင် မအောင်မြင်နိုင်ပါဘူး” ဟု Frontier ကို ပြောကြားသည်။
ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ANP ၏ ထုတ်ပြန်ချက်သည် စီအီးစီများအကြား စိတ်ဝမ်းကွဲစေသည့်အပြင် ANP ပါတီသည် ပြည်နယ် လွှတ်တော်ကို လွှမ်းမိုးလိုမှု၊ ပြည်နယ်အစိုးရအဖွဲ့ကိုပါ ချုပ်ကိုင်လိုပြီး ပြည်နယ်အကျိုး မကြည့်ပဲ ပါတီအကျိုး ပိုကြည့်သည်ကို ဖော်ပြနေကြောင်း ဝေဖန်ထောက်ပြကြသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် စီအီးစီအဖွဲ့ဝင်ခြောက်ဦးအား ပါတီက ထုတ်ပယ်သည်အထိ အမြင့်ဆုံး အရေးယူနိုင်သည်ဟု ဦးကျော်ဇောဦးကပြောသည်။
“အမြင့်ဆုံးကတော့ ပါတီက ထုတ်တဲ့ အဆင့်ပါ။ ဖြုတ်ထုတ်သတ် လမ်းစဉ် အထိ သွားဖို့ စိတ်ကူးမရှိပေမယ့် တချို့ ဖြစ်ရပ်တွေက ဒီလို အခြေအနေမျိုးအထိ တွန်းပို့လာပေမယ့် ကျွန်တော်တို့ စိတ်ရှည် သည်းခံခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
သတင်း- စိုးသန်းလင်း