မောင်တော၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စတင်ကာ တပ်မတော်သားများ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်မြှင့်တင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။
မောင်တောသို့ လာရောက်သည့် တပ်မတော် စစ်ကြောင်းကားများ ဘူးသီးတောင် မောင်တောလမ်း၊ မောင်တောမြို့အဝင် နှစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည့် မြို့သူကြီးကျေးရွာအနီးသို့ ရောက်ရှိချိန်တွင်ပစ်ခတ်မှု ယမန်နေ့ညက ဖြစ်ပွားခဲ့သည်။
ကျေးရွာအတွင်းမှ သေနတ်များဖြင့် ပစ်ခတ်သဖြင့် တပ်မတော်က ပြန်လည်ပစ်ခတ်ကာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်သူ လေးဦးအား အသေဖမ်းဆီးရမိခဲ့သည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင် လက်နက်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
တပ်မတော် စစ်ကြောင်းအား ပစ်ခတ်သူများမှာ အဆိုပါ ကျေးရွာသားများ၊ သို့မဟုတ် ယမန်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့သူများဖြစ်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဟု ဆိုသည်။
မြို့သူကြီးရွာသည် ဘင်္ဂလီများသာ နေထိုင်သည့် ရွာကြီတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ပဋ္ဋိပက္ခကာလက ပြဿနာများ အဓိက ဖြစ်ပေါ်ခဲ့သည့် ရွာလည်းဖြစ်သည်။ အဆိုပါ ရွာထဲတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ စခန်းတစ်ခုလည်း တည်ရှိသည်။
ယခုအခါ တပ်မတော်က အဆိုပါ ရွာအပြင် ဒေသတွင်းရှိ အခြားရွာများအားလုံးသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။
ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်နေသည်ဟုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
“ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ အစီအမံတွေ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ရဲချုပ် ဇော်ဝင်းက ဆိုသည်။ ထို့ပြင် လတ်တလောတွင်လည်း တပ်မတော်နှင့် ပူးပေါင်းကာ ရဟတ်ယာဉ်များ အသုံးပြု၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော်တပ်ဖွဲ့များ ရွေ့ပြောင်းခြင်း၊ အင်အားဖြည့်ခြင်းများ ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။
နယ်မြေလုံခြုံရေးဆောင်ရွက်နေကြသည့် တပ်မတော်သားအချို့အား အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်
မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်၊ ငခူရစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းများအား အမည်မသိ လက်နက်ကိုင် ၉၀ ကျော်က အောက်တိုဘာ ၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ရာ ရဲအရာရှိ တစ်ဦးအပါအဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရကာ အရာရှိ တစ်ဦးပျောက်ဆုံးနေသည်ဟု အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
စီးနင်းမှုမှာ မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော် မပြောသေးဘဲ တရားဥပဒေနည်းလမ်းများအရ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ထို့ပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လက်နက်မျိုးစုံ ၅၁ လက်၊ ခဲယမ်း ၁၀,၁၄၀ တောင့်နှင့် စကားပြောစက် နှစ်လုံးတို့ကို ဆုံးရှုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများအပြီးတွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ရှစ်ဦး၏ ရုပ်အလောင်းများကို ရရှိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း-မြတ်ကျော်သူ