နေပြည်တော်၊ ဧပြီ ၂၁
ပြီးခဲ့သည့်လက သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေသည့် ဦးဖေမြင့်။ ဓာတ်ပုံ- အောင်ရှိုင်းဦး
ေနပြည်တော်မှာ အခြေစိုက်တဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ ပုဂ္ဂလိက မီဒီယာတွေ ပုံမှန် တွေ့ဆုံနိုင်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က Frontier ကို ပြောပါ တယ်။
“ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုပ်ရမှာေပ့ါ။ သတင်းရယူခွင့်ကတော့ တိုးတက်လာမယ်လို့ မြင်တယ်” လို့ သူကဆိုပါတယ်။ အဲဒီလိုတွေ့ဆုံမှုတွေ ဖြစ်ထွန်းလာရင် မီဒီယာနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ဆက်သွယ်မှု ပိုမိုမြန်ဆန်စေမှာြဖစ်ပြီး သတင်းစီးဆင်းမှု ပိုမိုမြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးဖေမြင့်က ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ သမ္မတရုံးဝန်ကြီးဌာနအနေနဲ့ နှစ်ပတ်တစ်ကြိမ် ရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“နှစ်ပတ်တစ်ကြိမ် ရှင်းလင်းပွဲပေ့ါ။ သမ္မတအိမ်တော် သတင်းထောက်တွေချည်းပဲ” လို့ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ သူက ပြောပါတယ်။
ယခင်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကတော့ အစိုးရတစ်ဖွဲ့လုံးအနေနဲ့ရော၊ ဝန်ကြီးဌာန တစ်ခုချင်းအလိုက်ရော တိကျတဲ့ သတင်းထုတ်ပြန်ရေးမူဝါဒတွေ ချမှတ်ထားနိုင်မှ သတင်းစီးဆင်းမှု ပိုကောင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် သတင်းထုတ်ပြန်ဖို့ တာဝန်ပေးအပ်ထားတဲ့သူတွေကိုလည်း လိုအပ်တဲ့ သတင်းအချက်အလက်တွေ တစ်ပြေးညီ ပေးထားနိုင်မှ ဖြစ်မယ်လို့လည်း သူက အကြံပြုပါတယ်။
“ကျွန်တော်တို့တုန်းကတော့ တိကျတဲ့မူဝါဒမရှိတော့ တစ်ခါတစ်လေ ဘာပြောလို့ ပြောရမှန်းမသိဘူးပေ့ါဗျာ” လို့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်က ဆိုပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးသီဟစောကတော့ နေပြည်တော်မှာ မီဒီယာတွေ့ဆုံပွဲတွေ လုပ်ဖို့ စီစဉ်တာကောင်းတယ်လို့ ဆိုနိုင်ပေမယ့် သတင်းရယူခွင့် တိုးတက်ရေးအတွက် အဖြေမှန်တော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ နေပြည်တော်မှာရှိတဲ့ အစိုးရဌာနတွေရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဌာနဆိုင်ရာတွေမှာပါ အချိန်နဲ့ တစ်ပြေးညီ သတင်းယူခွင့်ရဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။
“အဲဒါမျိုးတွေ ဖော်ဆောင်တာ ရေရှည်မှာ ပိုအဓိပ္ပာယ်ရှိလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာရှင်းလင်းပွဲရှိတဲ့ အချိန်တော့ မေးရတာပေ့ါ။ ဒါပေမဲ့ ကိစ္စပေါ်တဲ့အချိန်မှာ ဖြေဖို့လူတွေ ရှိဖို့လိုတယ်။ တစ်နေရာတည်းကပဲ ထိုင်ဖြေဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး” လို့ ဦးသီဟစောက ပြောပါတယ်။
ဒါ့အပြင် တပ်မတော်ပိုင်းဆိုင်ရာ သတင်းရယူခွင့် ပိုမိုတိုးတက်လာဖို့ကိုလည်း စီစဉ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ သူ တာဝန်ယူနေတဲ့ စာနယ်ဇင်းကောင်စီအနေနဲ့ကတော့ မကြာမီကာလအတွင်း တပ်နဲ့ မီဒီယာသမားတွေ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ထပ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဦးသီဟစောက အသိပေးပါတယ်။
ဦးသိန်းစိန် အစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၁ – ၂၀၁၅ ကာလအတွင်း ထုတ်ဝေစာတွေကို ကြိုတင်စိစစ်ဖြတ်တောက်တဲ့ လုပ်ငန်းစဉ်တွေ ဖြေလျှော့ပေးတာ၊ မီဒီယာဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းပြီး စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းခွင့်ပြုတာ၊ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုတာတွေ လုပ်ခဲ့ပေမဲ့ သတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာညွှန်းကိန်းတွေမှာတော့ မြန်မာနိုင်ငံရဲ့ အဆင့်က အောက်ဆုံးရဲ့ အထက်နားမှာရှိဆဲဖြစ်ပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်ပြီး နိုင်ငံပေါင်း ၁၈၀ ပါဝင်တဲ့ 2016 World Press Freedom Index မှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၁၄၃ မှာ ရပ်တည်နေပါတယ်။
သတင်း- ဉာဏ်လှိုင်လင်း