နေပြည်တော်၊ မတ် ၃၀
သမ္မတသစ် ဦးထင်ကျော်နှင့် ဒုတိယသမ္မသစ်များ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုနေကြစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ရွေးချယ်ခံထားရသူများက ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ကတိသစ္စာပြုခဲ့ကြပြီးနောက် သမ္မတသစ် ဦးထင်ကျော်က မိန့်ခွန်းပြောကြားခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်အရ ဖြစ်ထွန်းလာသည့် လွှတ်တော်များနှင့် အစိုးရအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများနှင့် ကိုက်ညီစွာ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သား သမ္မတဖြစ်သည့် ၎င်းက သမ္မတအဖြစ် ပထမဆုံး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထုအများစု၏ လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားလာရေးတို့အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
“နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒိမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာရေးအတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ပါတယ်” ဟု ဦးထင်ကျော်က ပြောကြားသည်။
ပြောကြားချိန် ၂ မိနစ်နှင့် စက္ကန့် ၂၀ သာ ကြာမြင့်သည့် မိန့်ခွန်းတွင် ယခုပေါ်ပေါက်လာသည့် အစိုးရအဖွဲ့သည် ပြည်သူလူထု၏ မေ ျှာ်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုသည်ဟု ဦးထင်ကျော်က ပြောကြားကာ နိဂုံးချုပ်ခဲ့သည်။
ယနေ့နံနက် ပြည်ထောင်စုလွှတ်တော် စတင်ချိန်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်နှင့် ဒုတိယသမ္မတများအဖြစ် တင်မြှောက်ခံထားရသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ဦးစွာ ကတိသစ္စာပြုခဲ့ကြသည်။
ထို့နောက် ဦးမန်းဝင်းခိုင်သန်းက ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး ခံထားရသူများက တာဝန်ယူမည့် ဝန်ကြီးဌာနများအား ကြေညာခဲ့ရာ မူလက ထွက်ပေါ်နေသည့် သတင်းများအတိုင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊ လ ျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာနလေးခုအား တာဝန်ယူသွားမည်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေး ခံထားရသူများ၏ အမည်စာရင်းကိုလည်း ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေး ခံထားရသူများကလည်း ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။
မိန့်ခွန်းပြောကြားအပြီးတွင် သမ္မတသစ် ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတအိမ်တော်သို့ ဆက်လက်သွားရောက်ကာ ဦးသိန်းစိန်ထံမှ တာဝန်များနှင့် သမ္မတ အဆောင်အယောင်များ လွှဲပြောင်းရယူခဲ့သည်။
သတင်း-ဆန်းဦး