နေပြည်တော်၊ ဧပြီ ၃
ဧပြီ ၁ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရုံးစတင်တက်ရောက်သည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- အေအက်ဖ်ပီ
ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ဝန်ကြီးဌာန လေးခုအနက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စုဝန်ကြီးသစ် နှစ်ဦးအား ထပ်မံခန့်အပ်မည်ဖြစ်သည်။
သမ္မတ ဦးထင်ကျော်က အဆိုပါဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်သင့်သူများ၏ အမည်စာရင်းကို ဧပြီ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ဖော်ပြထားသည်။
”လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအတွက် ဦးဖေဇင်ထွန်းပါ။ ပညာရေးဌာနအတွက် ဦးမျိုးသိန်းကြီးပါ။ သူတို့ နှစ်ဦးလုံးက ပညာရှင်တွေပါ။ ဦးမျိုးသိန်းကြီးဆိုရင် ပညာရေးဌာနမှာ ပါချုပ်တို့ ညွှန်ချုပ်တို့ လုပ်ခဲ့သူပါ။ ဦးဖေဇင်ထွန်းကတော့ စွမ်းအင်ဝန်ကြီးဌာနမှာ အတွင်းဝန်အဖြစ် လုပ်ခဲ့ပြီး အဲဒီက နှုတ်ထွက်ပြီးမှ အခု သူ့ကို ဝန်ကြီး ခန့်လိုက်တာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က Frontier ကို ယနေ့ ညနေပိုင်းက ပြောသည်။
”ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်တော့မှာကြောင့် အခုလို ဝန်ကြီးအင်အား ဖြည့်လိုက်တာပါ” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ လ ျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အတွက် ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဖြစ်သည့်အတွက် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင် ပါဝင်ခွင့်ရရှိခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေကြမ်းကိုလည်း အမျိုးသားလွှတ်တော်က ဧပြီ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီးဖြစ်ကာ ဧပြီ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းအား အတည်ပြုနိုင်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့အား တရားဝင် ဦးဆောင်ခွင့်ရရှိလာမည်ဖြစ်သည်။
သတင်း – စိုးသန်းလင်း