ပင်နီတို့ရဲ့အာဏာတစ်ရပ် တစ်ပါးသူလက် အပ်နှင်းလိုက်တဲ့အခါ

နိုင်ငံတော်အင်္ဂါစဉ်မှာ နံပါတ် (၅)နေရာရှိပြီး အရေးပေါ်အခြေအနေနဲ့ကြုံလာရရင် တိုင်းပြည်စီမံ ခန့်ခွဲမှုကို အဓိကတာဝန်ယူရမယ့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို အာဏာရပါတီဝင်မဟုတ်သူတစ်ဦးထံ အပ်နှင်းလိုက်တဲ့ ကိစ္စအပေါ် ပူပန်သူတွေ ရှိနေပါတယ်။

ဉာဏ်လှိုင်လင်း

ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေပြုအာဏာကိုထိန်းကျောင်းရမယ့် ဥက္ကဋ္ဌနေရာအတွက် ပါတီဝင်မဟုတ်သူ ဦးတီခွန်မြတ်ကို အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကြီးစိုးတဲ့လွှတ်တော်က မတ် ၂၂ ရက်နေ့မှာရွေးချယ် တာဝန်ပေးလိုက်ပါတယ်။

နိုင်ငံရဲ့ ဥပဒေပြုရေးကဏ္ဍမှာ အမြင့်ဆုံးအာဏာပိုင်ဆိုင်တဲ့ ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ငါးလခန့်သာ လိုတော့တဲ့အချိန်မှာလည်း ဖြစ်ပါတယ်။

အနားယူသွားတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့နေရာမှာ အစားဝင်ဖို့ ရေပန်းစားနေတဲ့ NLD ဝါရင့် ဗဟို အလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းမြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကနေ နှုတ်ထွက်ပြီး နောက်တစ်ရက်မှာ အခုလိုရွေးချယ်ခဲ့တာပါ။

ဘယ်သူတွေလဲ

ဦးတီခွန်မြတ်ဟာ အသက် ၆၈ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ကချင်အမျိုးသားတစ်ဦးဖြစ်ပြီး အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားပြုပြီး ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှစ်ရပ်စလုံးမှာ ကွတ်ခိုင်မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသူပါ။

သူဟာ ယနေ့အချိန်မှာတော့ USDP ကနေ နှုတ်ထွက်ထားပြီပြီလို့ သိရပေမယ့် ဘယ်ကာလကတည်းက တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံအပြီး အာဏာသိမ်းအုပ်ချုပ်တဲ့တပ်မတော် စစ်အစိုးရလက်ထက်မှာ ကွတ်ခိုင်မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရှေ့နေချုပ်ရုံး၊ ဥပဒေညွှန်ကြားရေးမှူး တာဝန်တွေထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာတည်ရှိတဲ့ ကွတ်ခိုင်ပြည်သူ့စစ် (ဌာနေ)အဖွဲ့ခေါင်းဆောင်လည်းဖြစ်သလို တပ်မတော်က ကမကထပြု ရေးဆွဲခဲ့တဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မရှင်အဖွဲ့မှာလည်း ဦးတီခွန်မြတ်ဟာ တာဝန်ထမ်းဆောင်ဖူးပါတယ်။

USDP လွှတ်တော်သက်တမ်း ၂၀၁၁-၂၀၁၅ တုန်းကလည်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်မှာ အရေးပါတဲ့ အမြဲတမ်းကော်မတီတစ်ခုဖြစ်တဲ့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့ပြီးတဲ့နောက် ဦးဝင်းမြင့် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ် မတ်လအထိ ပြည်သူ့လွှတ်တော်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် NLDရဲ့ တာဝန်ပေးမှုကို ခံရသူတစ်ဦးပါ။

အာဏာရပါတီက ဒုဥက္ကဋ္ဌအဖြစ် တင်သွင်းပြီး ရွေးချယ်ခံလိုက်ရတဲ့ အသက် ၆၉ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ကတော့ တပ်မတော်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ မှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ထောင်သွင်းအကျဉ်းချခံခဲ့ရသူတစ်ဦးပါ။

NLDမှာ နှစ်ပေါင်းများစွာပါဝင်ခဲ့ပြီး လက်ရှိဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေတစ်ဦး၊ လက်ရှိ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါတယ်။

ရွေးချယ်ပွဲမှထူးခြားချက်များ

အထူးခြားဆုံးက ဒီရွေးချယ်မှုဟာ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရဲ့ တိုင်ပင်ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ပြောကြပေမယ့် ဘယ်သူ့ညွှန်ကြားချက်လည်းဆိုတာကိုတော့ NLD ဘက်က တိတိကျကျ ထုတ်ပြောတဲ့သူ မရှိတာပါပဲ။

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မုံရွာအောင်ရှင်ကတော့ ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့ တိုင်းပြည်ကောင်းစားရေး ဘယ်သူနဲ့ လုပ်ရလုပ်ရ ဆိုတဲ့မူကို အခြေခံတဲ့ ရွေးချယ်မှုလို့ Frontier ကိုရှင်းပြပါတယ်။

ဦးတီခွန်မြတ် (ယာအစွန်) အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့နှင့် အတူ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဦးတီခွန်မြတ် (ယာအစွန်) အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့နှင့် အတူ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

“သူ့ကိုလည်း အချိန်တစ်ခု စမ်းသပ်ပြီးပြီတဲ့ သဘောပေ့ါဗျာ။ လုပ်ရည်ကိုင်ရည်ကို ယုံကြည်စိတ်ချရလို့ ဒီနေရာကိုပေးတာလို့ပဲမြင်ပါတယ်”လို့ သူက ဆိုပါတယ်။ အခြားသော NLD ပြည်သူ့လွှတ်တော်အမတ်တွေရဲ့ ပြောဆိုချက်တွေအရလည်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးခွင့်ရဖို့မပြောနဲ့ တစ်ရက်တောင် ကြိုမသိခဲ့ရဘူးလို့ သိရပါတယ်။

“လုံးဝမပြောဘူးခင်ဗျ။ ဒီမနက်မှသိတာ”လို့ လှိုင်းဘွဲ့မြို့နယ် NLD အမတ် ဦးခင်ချိုက Frontier ကို ပြောပါတယ်။ အောင်မြေသာဇံမြို့နယ် NLD အမတ် ဒေါက်တာလှမိုးထံကလည်း “ဒီနေ့မနက်မှာ ပါတီကရွေးချယ်တဲ့သူကို ထောက်ခံမဲပေးပါလို့ လမ်းညွှန်ပါတယ်”လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် NLD အမတ်တွေကတော့ ပါတီရဲ့ အချိန်ကပ် ညွှန်ကြားမှုကို နာခံခဲ့ကြပါတယ်။

ဥက္ကဋ္ဌနေရာအတွက် NLD ပါတီဘက်က ကွတ်ခိုင်အမတ် ဦးတီခွန်မြတ်တစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့အခါ အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က တင်သွင်းလာတဲ့ ပျော်ဘွယ်အမတ် ဦးသောင်းအေးကို မဲအသာနဲ့အနိုင်ရခဲ့သွားခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယဥက္ကဋ္ဌနေရာကိုလည်း နောင်ချိုအမတ် ဦးထွန်းထွန်းဟိန်တစ်ဦးတည်းကိုသာ NLD ဘက်က အမည် စာရင်းတင်သွင်းခဲ့ပြီး သူကလည်း USDP က အဆိုပြုလာတဲ့ မိတ္ထီလာအမတ် ဒေါက်တာမောင်သင်းကို မဲအသာနဲ့ အနိုင်ရခဲ့ပါတယ်။

ထူးခြားချက်က ပြည်သူ့လွှတ်တော်မှာ ၂၅၅ ဦးနဲ့ အများစုဖြစ်တဲ့ NLD အမတ်အားလုံးဟာ ပါတီက အဆိုပြုတဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနှစ်ဦးကို ထောက်ခံကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ပေးအပ်မှုနဲ့ လွှတ်တော်အတွင်း ဒုတိယအကြီးဆုံးအင်အားအဖြစ် ရပ်တည်နေတဲ့ တပ်မတော်သား ၁၁၀ ဦးကလည်း USDP ဘက်ကတင် သွင်းလာသူနှစ်ဦးစလုံးကို မဲပေးခဲ့ကြောင်း ယူဆနိုင်တဲ့ မဲရလဒ်ပဲ ဖြစ်ပါတယ်။

အခြားသောပါတီအသီးသီးရဲ့ ကိုယ်စားပြုမှု ၃၀ နှင့်အောက်မှာသာရှိတဲ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲတဲ့အခါ ဦးတီခွန်မြတ်နဲ့ ဦးထွန်းထွန်းဟိန်ကို မဲပေးသူအရေအတွက်ဟာ ၂၇၀ နှင့် အထက်မှာရှိခဲ့ပြီး ကန့်ကွက်သူ အရေအတွက်ဟာ ၁၂၀ နှင့်အထက်မှာ ရှိခဲ့လို့ပါ။

ဘယ်လိုမြင်ကြသလဲ

ရွေးချယ်ပွဲအပြီးမှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ NLD အမတ်အားလုံးလိုကတော့ ဥက္ကဋ္ဌသစ်ဟာ ကိုယ့်ပါတီက မဟုတ်သူဖြစ်ပေမယ့် ကြိုဆိုကြောင်းနဲ့ လွှတ်တော်လုပ်ငန်းတွေကို အောင်မြင်စွာ ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြပါတယ်။

ဦးဝင်းမြင့် ဥက္ကဋ္ဌအဖြစ်တာဝန် ယူခဲ့တဲ့သက်တမ်းမှာ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိတဲ့ ရခိုင်အမျိုးသားပါတီဝင်အမတ် ဒေါ်ခင်စောဝေကလည်း NLD ရဲ့ ရွေးချယ်မှုကို အံ့အားသင့်မိပေမယ့် အတွေ့အကြုံရှိ တိုင်းရင်းသားတစ်ဦးကို ခန့်အပ်တာဖြစ်လို့ အထွေအထူး ပြောစရာမရှိပါဘူးလို့ Frontier ကိုပြောပါတယ်။

NLD နဲ့ နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ်ရပ်တည်လာတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် မိုင်းယောင်းအမတ် ဦးစိုင်းထွန်းအောင်ကတော့ ဖြစ်လာနိုင်ခြေတွေကို ကြိုတင်မမှန်းဆလိုဘူးလို့ ပြောပေမယ့် “ပျော့မယ်ထင်တယ်။ လွှတ်တော်ကိုထိန်းတာ ဦးဝင်းမြင့်လောက်တော့ မာမယ်မထင်ဘူး”လို့ သုံးသပ်ပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်ကတော့ “အတွေ့အကြုံတွေ လုံလောက်စွာရှိတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ပီပီပြင်ပြင် ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” သတင်းထောက်အချို့နဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။

USDP မင်းကင်းအမတ် ဦးမောင်မြင့်ကလည်း အလားတူပဲရှုမြင်သလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ နှစ်ရပ်ကို လွှတ်တော်ဘက်က အပြန်အလှန်ထိန်းကျောင်းနိုင်မှု ပိုမိုအားကောင်းလာဖို့ မျှော်လင့်တဲ့အကြောင်း သတင်းထောက်တွေကို မှတ်ချက်ပြုတယ်။

အာဏာဟာပါဝါ

ဒါပေမယ့် နိုင်ငံတော်အင်္ဂါစဉ်မှာ နံပါတ် (၅)နေရာရှိပြီး အရေးပေါ်အခြေအနေနဲ့ကြုံလာရရင် တိုင်းပြည်စီမံ ခန့်ခွဲမှုကို အဓိကတာဝန်ယူရမယ့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို အာဏာရပါတီဝင်မဟုတ်သူတစ်ဦးထံ အပ်နှင်းလိုက်တဲ့ ကိစ္စအပေါ် ပူပန်သူတွေလည်းရှိကြပါတယ်။

“NLDကို သစ္စာရှိဖို့ လိုအပ်လာလိမ့်မယ်။ လွှတ်တော်အစီအစဉ်တွေနဲ့ ပတ်သက်ရင်လည်း ပြင်ပမှာကြိုညှိနှိုင်းပြီး ချရတာမျိုး လုပ်ရလိ့မ့်မယ်ထင်တယ်”လို့ ဦးထင်ကျော်အေးက Frontier ကိုပြောတယ်။

သူဟာ ၂၀၁၃ ကတည်းက လွှတ်တော်တွေကို စောင့်ကြည့်ပြီး သုံးသပ်ချက် အစီရင်ခံစာတွေ ထုတ်ပြန်လေ့ရှိတဲ့ ပွင့်လင်း မြန်မာ့ရှေ့ဆောင် အဖွဲ့မှာ သုတေသန ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှာမှ လွှတ်တော်ဆိုင်ရာကျွမ်းကျင်သူအဖြစ် သီးသန့် ရပ်တည်နေသူတစ်ဦးပါ။

ရုတ်တရက် တက်လာမယ့် အရေးကြီးအဆိုမျိုးတွေ၊ ချက်ခြင်းထိန်းကျောင်းရမယ့် လွှတ်တော်တွင်း ဆွေးနွေးချက်မျိုးတွေရှိလာရင် ပါတီဝင် မဟုတ်သူ ဥက္ကဋ္ဌက ဆုံးဖြတ်တဲ့အခါ NLD ပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်တွေနဲ့ ကွဲလွဲမှုရှိလာမှာကို ဦးထင်ကျော်အေးက ထောက်ပြတာဖြစ်တယ်။

ဒါ့အပြင် ဦးတီခွန်မြတ်ဟာ တပ်မတော်နဲ့ ဆက်ဆံရေးမကောင်းသူ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း(အငြိမ်းစားဗိုလ်ချုပ်ကြီး)နဲ့ နီးစပ်လွန်းတယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့အတွက် လုပ်ငန်းဆောင်ရွက်မှုတွေ အကြပ်တွေ့မှာကို စိုးရိမ် ကြသူတွေလည်း ရှိနေပါတယ်။

တပ်မတော်ဖက်ကတော့ “သူရဦးရွှေမန်းနဲ့ ဆက်သွယ်မှု ဆက်ဆံမှုတွေကတော့ ကျွန်တော်တို့အနေနဲ့ မသိပါဘူး။ သူ့ (ဦးတီခွန်မြတ်)အလုပ်သူ ပီပြင်စွာ ဆောင်ရွက်နိုင်တာကိုတော့ ကျွန်တော်တို့သိပါတယ်”လို့ ဗိုလ်မှူးချုပ် မောင်မောင်က ထုတ်ဖော်ပြောဆိုထာပါးတယ်။

NLD လွှတ်တော်လုပ်ငန်းဆိုင်ရာကော်မတီဝင်ဖြစ်တဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ ဦးတီခွန်မြတ်ရဲ့ နောက်ကွယ်မှာ သူရဦးရွှေမန်းရှိမရှိနဲ့ ဒီခန့်အပ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပတ်စဉ်နီးပါး ပုံမှန်တွေ့လေ့ရှိတဲ့ သူရဦးရွှေမန်းရဲ့စိတ်ကူးစိတ်သန်း ဟုတ်မဟုတ်ဆိုတာတွေဟာ အတိအကျ အတိအကျ သက်သေပြဖို့ခက်တဲ့ကိစ္စတွေပါလို့ ဆိုပါတယ်။

“သေချာမပြောနိုင်ဘူး။ ဦးရွှေမန်းက ကျွန်မတို့လွှတ်တော်ရဲ့ ကော်မရှင်တစ်ရပ်အလုပ်ကို လုပ်နေတာပဲလေ၊ ဆက်စပ်မှုကရှိတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမိန့်နာခံမှုက လုပ်ငန်းထဲမှာမပါဘူးလို့ ကျွန်မတို့သိထားပါတယ်”လို့ သူက Frontier ကိုပြောပါတယ်။

ဒါ့အပြင် ဒေါ်ခင်စန်းလှိုင်က ဦးတီခွန်မြတ်ကို ရွေးချယ်ရတာဟာ သူ့ထက်ပိုသင့်တော်တဲ့သူမျိုးရှာဖို့ မဖြစ်နိုင်တာကြောင့်လို့ ဆိုနိုင်ပေမယ့်လို့ သူ့ရဲ့လုပ်ဆောင်မှုတွေကို ပါတီက စောင့်ကြည့်သွားမှာပါလို့ ပြောပါတယ်။

“မျှော်လင့်ထားသလိုဖြစ်မလာဘူးဆိုရင် ကျွန်မတို့ကိုယ်စားလှယ်များမှာလည်း ဥပဒေအရ ဆောင်ရွက်နိုင်ခွင့် တွေရှိပါတယ်”လို့ သူကဆိုပါတယ်။

ဆေးခါးကြီးပဲလား

ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေအရ ဥက္ကဋ္ဌကို တာဝန်ကနေရုတ်သိမ်းချင်ရင် အမတ်စုစုပေါင်းအင်အား လေးပုံတစ်ပုံအဆိုပြုရုံနဲ့ စတင်နိုင်တာမို့ အဲဒီပမာဏထက် aကျာ်လွန်အင်အားရှိနေတဲ့ NLD ဟာ ဒီနည်းလမ်းကို အချိန်မရွေးသုံးစွဲနိုင်တဲ့ အခြေအနေကိုတော့ ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် အရေးယူရန်သင့်မသင့် မဲခွဲဆုံးဖြတ်တဲ့အခါ အမတ်စုစုပေါင်း ၄၃၅(လက်ရှိ) ရှိတဲ့အနက် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲရဖို့လိုတဲ့အတွက် ၂၅၅ ဦးသာရှိတဲ့ NLD ဟာ သူ့ပါတီကမဟုတ်တဲ့ နောက်ထပ် ၃၅ ဦးရဲ့ ထောက်ခ မှုကိုရမှ ဥက္ကဋ္ဌဖြုတ်ချမှုလို လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ၁၁၀ ဦးရှိတဲ့ တပ်မတော်ကသာ ဒီကိစ္စကို ထောက်ခံမပေးရင် အခြားပါတီနှစ်ခုနဲ့အထက် ကိုယ့်ဖက်ပါ အောင် စည်းရုံးဆွဲဆောင်ပါမှ ဖြစ်လာနိုင်တဲ့အခြေအနေပါ။ အကြောင်းကတော့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ နိုင်ငံရေးပါတီတွေထဲမှာ NLD ကလွဲပြီး ကိုယ်စားပြုအမတ် ၃၀ ဦးအထက်ရှိတဲ့ပါတီတစ်ခုမှ ရှိမနေလို့ပါ။

အခြားပါတီတွေနဲ့ တပ်မတော်ကို အဲဒီလိုမစည်းရုံးနိုင်ခဲ့ရင်တော့ လိုအပ်တဲ့ ထောက်ခံမဲ ၂၉၀ ရဖို့မဖြစ်နိုင်သလို ဥက္ကဋ္ဌကို တာဝန်က ရုတ်သိမ်းလိုပါတယ်ဆိုတဲ့အဆိုပြုချက်ဟာ အရေးယူဆောင်ရွက်ရန်မရှိကြောင်း ကြေညာခံရပြီး ဒီအဆင့်မှာပဲ နိတ္ထိတံသွားမှာပါ။

ဦးတီခွန်မြတ်ကို NLD က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်တဲ့အပေါ် ဦးထင်ကျော်အေးထံက Frontier ရရှိထားတဲ့ မှတ်ချက်တစ်ခုကတော့ ဒီအခြေအနေကို မီးမောင်းထိုးပြနေသလိုပါပဲ။

“တော်တော်ရဲတဲ့လုပ်ရပ်၊ စွန့်စားမှုလို့မြင်တယ်”တဲ့။

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar