နေပြည်တော်၊ မတ် ၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည့် ပြေးလမ်းကျော်သွားသော တိုက်လေယာဉ်၏ ဓာတ်ပုံ။
နေပြည်တော်လေဆိပ်တွင် တပ်မတော်(လေ) မှ လေယာဉ်တစ်စီး ယနေ့ ဆင်းသက်စဉ် ပြေးလမ်းကျော်သွားကာ လေယာဉ်ပျက်စီးခဲ့သော်လည်း လေသူရဲ ထိခိုက်မှုမရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဖေ့ဘုတ်စာမျက်နှာတွင် တင်ထားသော ဓာတ်ပုံအရ အဆိုပါ လေယာဉ်မှာ တရုတ်နိုင်ငံထုတ် အင်ဂျင်တစ်လုံးတပ် J-7 တိုက်လေယာဉ်ဖြစ်သည်။
တပ်မတော်လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းလေ့ကျင့်ရန်အတွက် တောင်ငူလေတပ်စခန်း ဌာနချုပ်မှ နေပြည်တော်သို့ လေယာဉ်များ ပြောင်းရွှေ့စဉ် နံနက် ၁၁ နာရီ ၅၄ မိနစ်တွင် လေယာဉ်ပြေးလမ်းကျော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ဆင်းသက်စဉ် စက်မှုဆိုင်ရာ ချို့ယွင်းမှုကြောင့် အရှိန်ထိန်း လေထီးကြိုး ပြုတ်ထွက်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်မှ ပေ ၃၃၀ ခန့် ကျော်ထွက်ကာ ပြေးလမ်း မီးတိုင် သုံးတိုင်အား တိုက်မိပြီးမှ ရပ်တန့်သွားခဲ့သည်ဟု ဖော်ပြထားသည်။ လေယာဉ်၏ ဘီးများ၊ ဆီတိုင်ကီနှင့် လေယာဉ်ဦးပိုင်းတို့ ပျက်စီးခဲ့သော်လည်း လေသူရဲ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဟု သိရသည်။
J-7 တိုက်လေယာဉ်များကို ရုရှားမှ Mig-21 လေယာဉ်ဒီဇိုင်းပေါ်တွင် အခြေခံကာ တရုတ်နိုင်ငံ Chengdu Aircraft Corporation က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်။
The Diplomat မဂ္ဂဇင်းက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် တပ်မတော် (လေ)က F-7M Airguard တိုက်လေယာဉ် ၅၂ စီး ပိုင်ဆိုင်ထားသည်ဟု ဖော်ပြထားသည်။
ယခုဖြစ်ပွားခဲ့သည့် လေယာဉ် ပြေးလမ်းကျော်မှုသည် ယခုနှစ်အတွင်း တပ်မတော်(လေ)အတွက် ဒုတိယမြောက် မတော်တဆမှု ဖြစ်သည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း တပ်မတော်(လေ)၏ Beechcraft သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး နေပြည်တော်လေဆိပ်အနီးတွင် ပျက်ကျကာ မီးလောင် ပေါက်ကွဲခဲ့မှုကြောင့် လေယာဉ်ပေါ်တွင် ပါရှိသူ တပ်မတော်သား ငါးဦးသေဆုံးခဲ့ရသည်။ အဆိုပါလေယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို တပ်မတော်က စုံစမ်းစစ်ဆေးနေပြီး ယနေ့အချိန်အထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
သတင်း- ဆန်းဦး