အေအက်ဖ်ပီ
နဂါးများနှင့် မှော်ဆရာစုန်းထီးများကို ကိုယ်စားပြုနေသော အသေးစိတ်ပြင်ဆင်ထားသည့် ခေါင်းဝတ်အစွပ်များ ဝတ်ဆင်ထားသည့် ပအို့ဝ်တိုင်းရင်းသားများက ကြီးမားသော အိမ်လုပ် ဒုံးပျံများကို ကောင်းကင်ထဲသို့ ပစ်လွှတ်နေကြသည်။ ယင်းသို့ ပစ်လွှတ်မှုမှာ မိုးကောင်း၍ ငွေပေါစေရန် နှစ်စဉ်ပြုလုပ်သည့် တောင်းဆို ဆုတောင်းပွဲဖြစ်သည်။ ထိုပွဲတော်ကို မီးလုံးပွဲတော်ဟု ခေါ်ဝေါ်ကြသည်။
ပအို့ဝ်တိုင်းရင်းသားများမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများတွင် အကြီးမားဆုံးအုပ်စုတစ်ခုဖြစ်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းရှိကာ အများအားဖြင့် ရှမ်းပြည်နယ်၏ တောင်တန်းများပေါ်တွင် နေထိုင်ကြသည်။
၎င်းတို့က ဗုဒ္ဓဘာသာကိုင်းရှိုင်းသူများဖြစ်သော်လည်း အများအပြားမှာ ဘာသာရေးယုံကြည်ချက်နှင့် နတ်ကိုးကွယ်မှုမှာ ဒွေးရောယှက်တင်ဖြစ်နေသည်။ ၎င်းတို့မှာ ဝေဇ ဟုခေါ်သည့် ထူးခြားဆန်းကျယ်သည့် တန်ခိုးစွမ်းအားများရှိသော မှော်ဆရာတစ်ဦးနှင့် နဂါးမတစ်ဦးတို့မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။
မြန်မာနှစ်သစ်ကူးပွဲများအပြီး ၁၂ ရက်အကြာ အပူချိန်မှာလည်း ၄ဝ ဒီဂရီစင်တီဂရိတ်ကို ကျော်လာပြီဖြစ်ရာ ပအို့ဝ်တိုင်းရင်းသား အသိုင်းအဝိုင်းမှာ နှစ်စဉ်ကျင်းပသည့် မီးလုံးပြိုင်ပွဲအတွက် နန်တာရွာသို့ ခရီးထွက်ခွာခဲ့ကြသည်။ ပြိုင်ပွဲမှာ မေ ၁ ရက်နေ့တွင် ပြီးဆုံးသည်။
“နှစ်တိုင်း ဒီလိုမိုးခေါ်တာက ကျွန်တော်တို့ ဆန်ရေစပါးတွေ အားရကျေနပ်တဲ့အထိ များများရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ” ဟု ပွဲကို ပူးတွဲစီစဉ်သူ ရိုက်ခမ်က ပွဲလုဖိုင်ပွဲတော်၏ ၁၄၄ ကြိမ်မြောက်အစီအစဉ်တွင် အေအက်ဖ်ပီကို ပြောကြားသည်။
နဂါးများနှင့် မှော်ဆရာများ
ပအို့ဝ်တိုင်းရင်းသားများက ၎င်းတို့၏အကောင်းဆုံးအဝတ်အစားများကို ဝတ်ဆင်ကြပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁,ဝဝဝ နီးပါးက ဗမာဘုရင်များထံတွင် ဆုံးရှုံးခဲ့သော ၎င်းတို့၏ ဘုရင့်နိုင်ငံအတွက် ကြေကွဲသည့်အနေဖြင့် အနက်ရောင်သင်တိုင်းနှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ကြသည်။ သို့သော် ၎င်းတို့၏ မှိုင်းမှုန်သော အဝတ်အစားများအတွက် ၎င်းတို့၏ ဦးခေါင်းဝတ်များက ထေမိစေပါသည်။ အမျိုးသမီးအများအပြားက နဂါးကို သင်္ကေတပြုရန် တောက်ပသောလိမ္မော်ရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ကြသည်။
အသက် ၂၁ အရွယ် နန်းပြုံးခါချိုကဲ့သို့ အခြားသူများကမူ ပိုမိုခေတ်မီသည့် နည်းလမ်းကို ရွေးချယ်ကြပြီး ကြက်သွေးရောင်၊ ရွှေရောင် သို့မဟုတ် ငွေရောင် ခေါင်းပေါင်းများကို ဆင်မြန်းကြသည်။ ရွှေဖြင့်လုပ်ထားသည့် ဆံထိုးတစ်ချောင်းသည် မိခင်နဂါးမကြီး၏ အစွယ်ဖြစ်သည်ဟု သူမက ရှင်းပြသည်။
မီးလုံးပွဲတော်တွင် အမျိုးသမီးများလည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ကြလေ့ရှိသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အမျိုးသားများက အိမ်လုပ် မီးလုံးများကို လေထဲမှာကိုင်မြောက်ရင်း သီချင်းဆိုကခုန်ကာ ရွာထဲကို ဝင်သည့်အခါ ဝေဇ၏ ပုံရိပ်အဖြစ် ၎င်းတို့ခေါင်းပေါ်တွင် အရောင်အမျိုးမျိုးနှင့် ပိတ်စများကို ဆင်ယင်ထားကြသည်။
အန္တရာယ်ကင်းရှင်းရေးသည် ပထမ
ယခင်က ထိုမီးလုံးများကို ဝါးဖြင့်သာပြုလုပ်ခဲ့ပြီး ပေါက်ကွဲပစ္စည်း ၄ဝ ကီလိုဂရမ်အထိ သယ်ယူနိုင်သည်။ သို့သော်လည်း ယခုအခါ ဝါးဖြင့်ပတ်ထားသည့် သတ္တုများဖြင့် ပြုလုပ်ကာ ယမ်းမှုန့်ငါးမျိုးကို သယ်ဆောင်သည်။ အန္တရာယ်ကင်းရှင်းရေးအတွက် အရှည်ဆုံးဆုံးအလျားမှာ သုံးပေ (ဝဒသမ၉မီတာ) သာရှိပြီး အချင်းမှာလည်း သုံးလက်မ (ရှစ်စင်တီမီတာ) ထက် မပိုရပေ။
ဘုန်းကြီးတစ်ပါးက မီးလုံးတစ်ခုချင်းဆီကို သိဒ္ဓိတင်ပေးပြီး အန္တရာယ်ကင်းကင်းနှင့် ဝေးဝေးပျံစေရန် ဆုတောင်းပေးသည်။ ထို့နောက် အဖွဲ့များကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြီး ၁ဝ မီတာမြင့်သည့် ဝါးဖြင့်ပြုလုပ်ထားသည့် ပစ်စင်ဆီသို့ လာရန် ခေါ်ယူလိုက်သည်။ မီးလုံးကို နေရာတကျချထားပြီး လမ်းကြောင်းကို ဂရုတစိုက်ချိန်ညှိကြသည်။ ထို့နောက် အဖွ့ဲခေါင်းဆောင်က စီးကရက်တစ်လိပ်ကို ဖွာရှိုက်လိုက်ပြီးနောက် စနက်တံကြိုးကို မီးရှို့ရာတွင် အသုံးပြုလိုက်သည်။ ထို့နောက် မီးလုံးက ကျယ်လောင်စွာမြည်ဟိန်းပြီးနောက် လေထဲသို့ ပျံတက်သွားလေတော့သည်။
မီးလုံးများက ၇ ကီလိုမီတာမှ ၈ ကီလိုမီတာအထိပျံသန်းသွားပြီး ကျရောက်သည့် ကွင်းပြင်များတွင် ၁ ဒသမ ၅ မီတာနက်သည့် ကျင်းများကို ဖြစ်ပေါ်စေနိုင်သည်။ စည်းကျပ်ဒိုင်အဖွဲ့တစ်ခုက မီးလုံးဆင်းသက်သည့်နေရာများကို အသိပေးပြီးမှသာ နောက်ပိုင်းတွင် ၎င်းတို့ကို ပြန်လည်ကောက်ယူနိုင်မည်ဖြစ်သည်။
မြင့်မားသည့်ဆုငွေ
မတော်တဆမှုများမှာ ရှားပါးသည်ဟု ရိုက်ခမ်က ဆိုသည်။ ယမ်းမှုန့်ရောစပ်မှု မှားယွင်းခဲ့သည့်အတွက် လွန်ခဲ့သည့် ၁ဝ နှစ်က လူနှစ်ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း ၂ဝ၁၆ ခုနှစ်က ကံမကောင်းသည့် ရေကျွဲတစ်ကောင်ကို ထိမှန်ခဲ့သည်မှအပ ထိခိုက်မှု မရှိသေးကြောင်းသိရသည်။
တစ်ရွာလုံး မီးလုံးပွဲကို ပျော်ရွှင်စွာဆင်နွှဲကြလေ့ရှိပြီး အမေရိကန်ဒေါ်လာ ၁၇ဝ ကုန်ကျသော ရှူးဒိုင်းများအတွက် အားလုံးက ရန်ပုံငွေထည့်ဝင်ကြသည်။ အကွာအဝေးကို ဆုံးဖြတ်ပြီးနောက် ထိပ်ဆုံးသုံးနေရာရရှိသော ရွာများက အခြားရွာများအားလုံး ထည့်ဝင်သော ဝင်ကြေး၏ ရှယ်ယာတစ်ခုကို ရရှိသည်။
ယခုနှစ်ပြိုင်ပွဲတွင် ရှူးဒိုင်း ၇၅ ခုပါဝင်ပြီး ဆုကြေးငွေမှာ ဒေါ်လာ ၄,ဝဝဝ ခန့်ရှိသည်။ ယင်းငွေပမာဏမှာ လမ်းတစ်ခုကို အဆင့်မြင့်ရန်၊ တံတားတစ်ခုတည်ဆောက်ရန်၊ နောက်ထပ်နေအိမ်များကို အမျိုးသားဓါတ်အားလိုင်းနှင့် ချိတ်ဆက်ရန် လုံလောက်သောငွေပမာဏ ဖြစ်သည်။
အမျိုးသမီးလေးတို့၏ မီးလုံးအင်အား
အမျိုးသမီးအုပ်စုတစ်ခုကလည်း ရိုးရာအစဉ်အလာအရ ယောင်္ကျားလေးများသာ ပြုလုပ်သော ပွဲများကို စိန်ခေါ်နေကြသည်။ သူတို့က ဒုတိယမြောက်နှစ်အတွက် ၎င်းတို့၏ကိုယ်ပိုင် မီးလုံးကြီးကို ကိုင်မြောက်ကာ ကခုန်လျှက်ရွာထဲသို့ ဝင်လာကြသည်။ သူတို့က ယမ်းမှုန့်ထက် အလှူငွေက အပြည့်အဝရထားသည်။
သို့သော်လည်း နောက်နှစ်တွင် မီးလုံးအစစ်များဖြင့် ပါဝင်မည်ဟု အသက် ၆၇ နှစ်အရွယ် ဟွန်ယေးက ပြုံးကာပြောပြသည်။ ထို့အပြင် တခြားရွာများမှ အမျိုးသမီးများလည်း ၎င်းတို့၏ ဦးဆောင်မှုနောက်မှ လိုက်ပါမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
နေဝင်ချိန်နှင့် မီးလုံးပစ်လွှတ်သံများ တိတ်ဆိတ်သွားသောအခါ နောက်မျိုးဆက်များက လေ့ကျင့်မှုပြုလုပ်နေသည်။
ယောင်္ကျားလေးအုပ်စုများက အောင်ပွဲကျင်းပသည့်အနေဖြင့် ပျော်ရွှင်စွာဆူညံရင်း မီးရှူးမီးပန်းပစ်လွှတ်ခြင်း ကစားစရာသေနတ်များ လေထဲသို့ ပစ်ဖောက်ခြင်းတို့ ပြုလုပ်နေကြသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။