ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအစည်းအဝေးကို သူ မတက်ဖြစ်လိုက်တဲ့အတွက် ဒီနေ့ပွဲမှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေ၊ သံတမန်တွေကို ဖိတ်ခေါ်ပြောကြားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လူတွေအားလုံးက လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဖြစ်နိုင်သမျှအချိန်တိုအတွင်းမှာ ကျော်လွှားသွားဖို့ မျှော်လင့်နေကြပြီးတော့ အစိုးရသစ်အနေနဲ့လည်း သက်တမ်း ၁၈ လဆိုတဲ့အချိန်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ အဆင်သင့်မဖြစ်ဘူးလို့ မဆိုလိုပါဘူးလို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
မြတ်ကျော်သူ ရေးသားသည်။
နေပြည်တော်မှာ ယနေ့နံနက်ပိုင်းက ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိနစ် ၃၀ ကြာ မိန့်ခွန်းထဲက အဓိကအချက် ၉ ချက်ကို Frontier က ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။
၁။ “မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စစ်ဆေး၊ စိစစ်ခြင်းတွေကို မကြောက်ပါဘူး”
ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အချက်အလက်ရှာဖွေတဲ့ အဖွဲ့အစည်းတွေ လွှတ်ခဲ့တာကို မြန်မာအစိုးရက ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုပဲ ကုလအပါအဝင် နိုင်ငံတကာက မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေမှုတွေကို ရပ်တန့်ဖို့ ဆက်တိုက်ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။
၂။ “ယမန်နှစ်က တိုက်ခိုက်ခံရပြီးနောက်ပိုင်း တတ်နိုင်သမျှကြိုးစားခဲ့ပေမယ့်လည်း နောက်ထပ်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေကို မကာကွယ်နိုင်ခဲ့ဘူး။“
၂၀၁၆ ခုနှစ်၊ အောက်တိုဘာတုန်းက နယ်ခြားစောင့်ရဲတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ လက်နက်တွေ ပါသွားပေမယ့် ယခုနှစ်သြဂုတ်မှာ ထပ်မံ မတိုက်ခိုက်ခံရခင်အချိန်ထိ ဒီလက်နက်တွေအားလုံးကို ပြန်လည် မသိမ်းဆည်းနိုင်ခဲ့သလို ဆက်စပ်တရားခံတွေကိုလည်း လုံခြုံရေးရဲတပ်ဖွဲ့တွေအနေနဲ့ မဖမ်းဆီးနိုင်ခဲ့ပါဘူး။ ယခုတကြိမ် တိုက်ခိုက်ခံရပြီးနောက်မှာ သတင်းထုတ်ပြန်ရေးကော်မတီက ထပ်မံတိုက်ခိုက်ခံရနိုင်ချေရှိတယ်ဆိုတာကို သိထားပြီး တာဝန်ရှိသူတွေကို သတိပေးပြောကြားထားပြီးလည်း ဖြစ်တယ်လို့ ထုတ်ပြန်ပါသေးတယ်။ ဒါပေမယ့် မကာကွယ်နိုင်ခဲ့ပါဘူး။
၃။ “လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဥပဒေနဲ့ဆန့်ကျင်တဲ့ အကြမ်းဖက်မှုအားလုံး ရှုံ့ချပါတယ်။”
တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီဆိုတဲ့ အမည်ကနေ သတင်းထုတ်ပြန်ရေးကော်မတီအဖြစ် အမည်ပြောင်းပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေထဲမှာ ဒီလို ရှုံ့ချမှုတွေ ပါခဲ့ပေမယ့် တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါဟာ ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ ရှုံ့ချပြောဆိုမှုပါ။
၄။ “ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုထောက်ပြမှုတွေကို ဖြစ်နိုင်သမျှ အချိန်တိုအတွင်းမှာ အကောင်အထည် ဖော်သွားမယ်။”
ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်တဲ့နေ့မှာပဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြု ထောက်ပြချက်တွေထဲက အချက်တချို့ကို စတင်အကောင်အထည်ဖော်နေပြီလို့ ယုံကြည်ရပါတယ်။ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တွေအရ မေယုတောင်တန်းစီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့အတွက် ဘတ်ဂျက်ကိုလည်း လက်ငင်းချထားပေးပြီးဖြစ်သလို တဖက်မှာလည်း စီပွားရေးဇုန်တွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
၅။ “များပြားလှတဲ့ မူဆလင်တွေဟာ တဖက်နိုင်ငံထဲကို စွန့်ခွာထွက်ပြေးနေကြတာကိုလည်း အစိုးရအနေနဲ့ စိုးရိမ်မိတယ်။ ဒီလို ထွက်ပြေးတိမ်းရှောင်မှုတွေ ဘာကြောင့် ဖြစ်ပွားသလဲဆိုတာကို ရှာဖွေဖော်ထုတ်ချင်တယ်။”
ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာထွက်ပြေးနေတဲ့ မူဆလင်တွေနဲ့ ပတ်သက်လို့ ရခိုင်ကိစ္စကို တောက်လျှောက် ထုတ်ပြန်နေတဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို ထည့်သွင်းပြောသွားပါတယ်။ အရေအတွက်အတိအကျ ပြောသွားတာမျိုး မဟုတ်ဘဲ “များပြားလှတဲ့ မူဆလင်တွေ” လို့သာ သုံးနှုန်းသွားပါတယ်။ ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကို ကိုးကားရေးသားထားတဲ့ သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားသူဟာ လေးသိန်းကျော် ရှိသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီလို ထွက်ပြေးမှုတွေ ဖြစ်ပွားသလဲဆိုတာနဲ့ ပတ်သက်ပြီး ထွက်ပြေးသွားတဲ့သူတွေနဲ့ တွေ့ဆုံပြောဆိုချင်သလို နေထိုင်ကျန်ရစ်ခဲ့သူတွေနဲ့လည်း ပြောချင်ပါသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ မွတ်ဆလင်အများစုကတော့ ထွက်မပြေးဘဲ ခုချိန်ထိ သူတို့နေရာမှာ နေထိုင်နေပါပဲလို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုကို တိုက်ရိုက်ပြသနေသည့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လာရောက်ကြည့်ရှုနားထောင်ကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)
၆။ ပြဿနာဖြစ်နေတာကိုတင် မကြည့်ဘဲ ပြဿနာမဖြစ်ဘဲရှိနေတဲ့ကိစ္စတွေကိုလည်း ကြည့်ရှုဖို့လိုပြီး ဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာ သံတမန်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီဒေသမှနေထိုင်တဲ့ မူဆလင်တွေကလည်း (အစိုးရနဲ့အတူ) ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါတယ်။
ဒီဒေသမှာကျန်ရစ်နေထိုင်ခဲ့တဲ့ မူဆလင်တွေကို ကိုယ်တိုင်မေးမြန်းနိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဘာကြောင့် မထွက်ပြေးဘဲ နေခဲ့သလဲ၊ ထွက်ပြေးတဲ့သူတွေကရော ဘာကြောင့် ထွက်ပြေးတာလဲ စတဲ့ကိစ္စတွေကို နိုင်ငံတကာသံတမန်တွေအနေနဲ့ မေးမြန်းနိုင်ပါတယ်လို့ ဆိုပါတယ်။
၇။ “နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အားလုံးပူးပေါင်းပါဝင်ကြဖို့ လိုပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံသားစိစစ်ရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းနဲ့ တော်တော်များများ ပြောသွားတာ တွေ့ရပါတယ်။ တချို့နေရာတွေမှာတော့ မူဆလင်ခေါင်းဆောင်အချို့က ဒီလုပ်ငန်းစဉ်မှာ မပါဝင်ဖို့ ဆုံးဖြတ်ကြတာ တွေ့ရပါတယ်လို့ သူက ဆိုပါတယ်။ သူတို့အနေနဲ့ ဒီလုပ်ငန်းစဉ်မှာပါဝင်ဖို့ စည်းရုံးပေးကြရင် အသိအမှတ်ပြုရပါမယ်။ သူတို့အနေနဲ့ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူးလို့ ပြောသွားပါတယ်။
၈။ “မြန်မာနိုင်ငံကို ဘာသာရေးယုံကြည်မှု၊ တိုင်းရင်းသားလူမျိုး၊ နိုင်ငံရေးအယူအဆပေါ်မှာ အခြေခံပြီး ခွဲခြမ်းထားတဲ့ နိုင်ငံတခု မဖြစ်ချင်ပါဘူး။”
၉။ ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့တဲ့ စကားလုံးတွေနဲ့ မသုံးခဲ့တဲ့ စကားလုံးတွေ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိလွယ်ရှလွယ်စကားလုံးတွေကို သူ့မိန့်ခွန်းထဲမှာ မသုံးခဲ့သလို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေကို လက်နက်ကိုင် မူဆလင်အုပ်စုများ (Armed Muslims Groups)၊ လက်နက်ကိုင် အုပ်စုများ (Armed Groups) လို့ သုံးခဲ့ပါတယ်။ ဒီလိုပဲ ထိလွယ်ရှလွယ်စကားလုံးဖြစ်တဲ့ ရိုဟင်ဂျာဆိုတာကိုလည်း ထည့်မသုံးခဲ့ပါဘူး။ ဘင်္ဂါလီ (Bengali) လို့ တခါသုံးခဲ့ပြီး ရေဒီယိုအစီအစဉ်တခုထုတ်လွှင့်ရာမှာ ထည့်သွင်းတဲ့ ဘာသာစကားကို ရည်ညွှန်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူ့မိန့်ခွန်းထဲမှာ တပ်မတော်ကို ထည့်သွင်းပြောဆိုသွားခြင်းလည်း မရှိပါဘူး။