နေပြည်တော်၊ ဧပြီ ၁၄
ဧပြီ ၁၄ ရက်နေ့က ရုံးတက်နေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်လုံး ခွဲစိတ်ထားမှုမှာ အခြေအနေကောင်းမွန်ပြီး ဧပြီ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရုံးတက်ကာ အရေးကြီး ကိစ္စများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဟာသြင်္ကန်နှစ်သစ်ကူး ရုံးပိတ်ရက်စတင်သည့် ဧပြီ ၉ ရက်နေ့က နေပြည်တော်ရှိ မျက်စိ၊ နှား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကု ဆေးရုံကြီးတွင် ညာဘက် မျက်လုံး ခွဲစိတ်မှုကုသမှု ခံယူခဲ့သည်။
ယခုအခါ ခွဲစိတ်ထားမှု အခြေအနေ ကောင်းမွန်ပြီး အလင်းရောင် အနည်းငယ် စူးရှသည်မှအပ စာများ ကောင်းမွန်စွာ ဖတ်ရှုနိုင်ကာ လက်ရှိအချိန်တွင် ရုံးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ဖေ့ဘုတ်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည် ရုံးတက် အလုပ်လုပ်နေသည့် ပုံများဖြင့် ယနေ့ညနေက ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နှစ်သစ်ကူး ရုံးပိတ်ရက် မတိုင်မီတွင် နိုင်ငံရေးနှင့် ဆက်နွယ်သောအမှုများဖြင့် တရားရင်ဆိုင်နေရသူ ၂၀၀ ခန့်အား စွဲချက်များ ရုပ်သိမ်းပြီး အမှုများမှ လွတ်မြောက်လာအောင် ဧပြီ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ကျန်ရှိနေသေးသည့် အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများကိုလည်း နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးချိန်တွင် အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့ ညနေတွင် ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်း- Frontier