နေပြည်တော်၊ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒုတိယသမ္မတအဖြစ် ယနေ့ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းပဒေများအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမ၌ ဒုတိယသမ္မတ ရွေးချယ်ရေး အခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး စုံလင်စွာ တက်ရောက်ကြသည်ဟု မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ (အငြိမ်းစား)အား ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုတင်သွင်းပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အဆိုတင်သွင်းမှုအပေါ် ကန့်ကွက်သူမရှိသဖြင့် သဘာပတိက ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ(အငြိမ်းစား)အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးကောက်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် ရွေးချယ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေသည် အသက် ၆၅ နှစ်ရှိပြီဖြစ်ကာ တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းမှာယခင်စစ်အစိုးရ ခေါင်းဆောင်များထဲတွင် သဘောထားတင်းမာသူတစ်ဦးအဖြစ် သိထားကြသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ဒုတိယသမ္မတတစ်ဦးဖြစ်သည့် သီဟသူရဦးတင်အောင်မြင့်ဦး ကျန်းမာရေးအရ အနားယူသည့်အချိန်တွင် တပ်မတော်က ၎င်းအား ဒုတိယသမ္မအဖြစ် အဆိုပြုခဲ့ဖူးသည်။
အစိုးရသစ်အတွက် သမ္မတတစ်ဦး ရွေးချယ်ရန် ဒုတိယသမ္မတများအဖြစ် ပြည်သူ့လွှတ်တော်က ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က ဦးဟန်နရီဗန်ထီးယူတို့အား ယနေ့နံနက်တွင် ရွေးချယ်ထားပြီး ဖြစ်သည်။
ယခု ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေအပါအဝင် ဒုတိယသမ္မတလောင်း သုံးဦးအား ပြည်ထောင်စုလွှတ်တော်တွင် မတ် ၁၄ ရက်နေ့တွင် မဲခွဲကာ သမ္မတ၊ ဒုတိယသမ္မတ (၁) နှင့် ဒုတိယ သမ္မတ(၂) တို့ကို ရွေးချယ်ကြမည်ဖြစ်သည်။
သမ္မတ ရွေးချယ်ခြင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဖွဲ့စည်းခြင်းတို့ကို မတ် ၁၈ ရက်တွင် အပြီး ဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားထားသည်။
သတင်း- စိုးသန်းလင်းနှင့် ဆန်းဦး