တိုင်းရင်းသား လက်နက်ကိုင်များ တပ်မတော်သို့ ဝင်လိုပါက ဖိတ်ခေါ်ကြိုဆိုမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်းနေပြည်တော်၊ ဇန်နဝါရီ ၁၂

ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲတွင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်နှင့်အတူ ပါဝင်ထမ်းဆောင်လိုပါက လက်ကမ်းကြိုဆိုလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ စတင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိနိုင်ငံ ကာကွယ်ရေးအတွက် တပ်မတော်တစ်ရပ်သာ ရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။ မိမိတို့ နိုင်ငံအနေနဲ့လည်း ဒီမူဝါဒအတိုင်းကျင့်သုံးဆောင်ရွက်ပြီးတော့မှ မြန်မာ့တပ်မတော် စွမ်းရည် မြင့်မားရေးအတွက် အဘက်ဘက်က တည်ဆောက်လျက်ရှိပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ ပါဝင်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

“လက်မှတ်ရေးထိုးဖို့ ကျန်ရှိသေးတဲ့ အဖွဲ့များအပေါ်မှာ တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ မိမိတို့ စိတ်ဆန္ဒအတိုင်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တံခါးဖွင့်ထားသလိုပဲ နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒအမှန်ကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံကြီးဟာ နှစ်ပေါင်း ၆၀ ကျော် ကြာရှည်နေပြီဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့အတွက် ပါဝင်ပတ်သက်နေတဲ့ stakeholders တွေရဲ့ စိတ်ရင်းစေတနာကောင်းတွေနဲ့ မဆုတ်မနစ် ကြိုးပမ်းခဲ့တဲ့ ရလဒ်ကောင်း ဖြစ်ပါတယ်။ ဒီရလဒ်ကောင်းကို ပိုင်နိုင်စွာ ဆုပ်ကိုင်ပြီးတော့မှ တိုင်းရင်းသား ပြည်သူတို့ လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ဖြစ်ပေါ်ရေးကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အားလုံးနဲ့ ကိုက်ညီမယ့် ပုံသေနည်းဆန်ဆန် ဒီမိုကရေစီစနစ်ဆိုတာ မရှိတဲ့အတွက် ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ပုံစံကိုပဲ ပုံဖော်နိုင်မှသာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

“ဒီမိုကရေစီနဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးတဲ့အခါမှာ လက်နက်ကိုင်ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို ဆွေးနွေးလို့ မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ဆောင်ရွက်ပြီးမှ ဆက်လုပ်ကြတဲ့ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ယနေ့တွေ့ဆုံ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ အနာဂတ် နိုင်ငံတော်အတွက်၊ အနာဂတ် မြန်မာလူမျိုးတွေအတွက်ဆိုတာ လေးလေးနက်နက် ခံယူပြီး အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားပေး ထောက်ခံ ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ဗိုလ်ချုပ်မှုးကြီး မင်းအေင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၂ မှ ၁၆ ရက်အထိ ငါးရက်ကြာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ အစုအဖွဲ့ပေါင်း ခုနစ်ဖွဲ့တို့မှ ကိုယ်စားလှယ် ၇၀၀ ဦးတို့တက်ရောက်နေကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာ ယခင်က ပြောဖူးသည့် “အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များအကြား အထင်အမြင် လွဲမှားခြင်း၊ စိတ်ဝမ်းကွဲပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခြင်းတို့ မဖြစ်စေလိုပါ” ဟူသည့် စကားကို ထပ်မံ ပြောကြားခဲ့သည်။

ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးဆေးဖောက စစ်မှန်သည့် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် ပြည်နယ်နှင့် ပြည်မ တန်းတူ ညီမျှရေး ဖက်ဒရယ်မူကို အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- စိုးသန်းလင်းအဆိုပါ ညီလာခံတွင် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများမှ ပြည်တွင်းနေရပ် စွန့်ခွာ တိမ်းရှောင်သူများအတွက် လူမှုရေး၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်းဆိုင်ရာ စီးပွားရေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများပါဝင်သည့် လုံခြုံရေး၊ သဘာဝ သယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းမူဝါဒများ စသည်တို့ကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တို့သည် အင်န်စီအေကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) – The Framework for Political Dialogue ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့ကြသည်။ အဆိုပါ မူဘောင်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ အင်န်စီအေအရ ၎င်းမူဘောင်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည်ဖြစ်ရာ ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပရန် သမ္မတက သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဖွဲ့စည်းပြီးနောက် လေးလ တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။

သို့သော်လည်း ယခုကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် ယခင် စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်အတွက် ရက်ရှည်လများ ကျင်းပခဲ့သည့် ညောင်နှစ်ပင် ညီလာခံအသေးစားလေးကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်တို့က ဝေဖန်ထားမှုများလည်း ရှိနေသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ်ယူရန် ကြေညာလိုက်ခြင်းသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို လှစ်လျူရှုလိုက်ခြင်းဖြစ်သည်ဟု အရပ်ဖက် လူထုအဖွဲ့အစည်း ၁၄၀ ကျော်ကလည်း ဇန်နဝါရီ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အေအေအဖွဲ့အား အပြီးတိုင် ချေမှုန်းသွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်၏ နယ်မြေရှင်းလင်းမှုများကြောင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သည် အဖွဲ့ငယ်များကွဲကာ ဆုတ်ခွာထွက်ပြေးပြီး အကြမ်းဖက်မှုများ ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နယ်မြေခံ လူထုနှင့် ပူးပေါင်းကာ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခဲ့ခြင်းကြောင့် အေအေအဖွဲ့သည် အဖွဲ့ငယ်များ ပြန့်ကွဲကာ ဆုတ်ခွာထွက်ပြေးပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများ ၌ အရပ်သားအသွင်ဖြင့် ခိုအောင်း၍ မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမည့် အဖွဲ့များဖြင့် ပူးပေါင်းကာ အကြမ်းဖက်မှုများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်ဟု တပ်မတော်က ဇန်နဝါရီ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ တိုက်ပွဲများ ၁၅ ကြိမ် ဖြစ်ပွားခဲ့ရာတွင် လက်ဖြောင့်သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး တစ်ဦးအပါအဝင် အရာရှိ စစ်သည်အချို့ ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ တိုက်ပွဲများတွင် အေအေအဖွဲ့ထံမှ အလောင်းသုံးလောင်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် အေအေအဖွဲ့အား အပြီးတိုင် ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမည်ဟု ဖော်ပြထားသည်။

သတင်း- စိုးသန်းလင်း

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar