တရားသူကြီး နေမကောင်းဟုဆိုကာ ရိုက်တာအမှု အမိန့်ချရန် ရက်ရွှေ့ဆိုင်း

ရဲမွန်

လျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိတယ်လို့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့၊ သြဂုတ်၂၇ ရက်နေ့မှာ အမိန့်ချဖို့ သတ်မှတ်ထားပေမယ့် တရားသူကြီးဖြစ်သူ ဦးရဲလွင်နေမကောင်းတာကြောင့် စက်တင်ဘာ ၃ ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

သတင်းထောက်နှစ်ဦးကို ဝန်းရံအားပေးတဲ့သူ အများအပြားလာရောက်ကြတဲ့ အပြီးသတ်အမိန့်ချမှတ်မယ့်နေ့မှာတော့ ကိုဝလုံးရဲ့ မိသားစုဝင်တွေ လာရောက်ပေမယ့် ဇနီး မပန်းအိမွန်က သမီးလေးမွေးထားတာ ရက်ပိုင်းပဲရှိသေးတဲ့ သွေးနုသားနု အချိန်ဖြစ်တာကြောင့် ကိုဝလုံးကိုယ်တိုင် မလာခိုင်းထားသလို သူကိုယ်တိုင်လည်း လာရောက်ခဲ့ခြင်း မရှိပါဘူး။

ကိုကျော်စိုးဦးဘက်ကတော့ သမီးငယ်အပါအဝင် ဇနီးသည်မချစ်စုတို့ လာရောက်ခဲ့ပြီး နိုင်ငံတကာသံတမန်တွေနဲ့ ဝန်းရံသူတွေလည်း တရားရုံးကို လာရောက်ခဲ့ကြပါတယ်။

ကိုဝလုံးကတော့ “ကျွန်တော်တို့ မကြောက်ပါဘူး။ အမှန်တရား ရှိပါတယ်”လို့ တရားခွင်ထဲမဝင်ခင် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယနေ့ တရားရုံးသို့ ရောက်ရှိလာသည့် အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ယနေ့ တရားရုံးသို့ ရောက်ရှိလာသည့် အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရတာ ၂၅၈ ရက်ကြာရှိနေပြီဖြစ်ပြီး တရားရင်ဆိုင်နေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာက ရိုဟင်ဂျာရွာသား ၁ဝ ဦး တရားမဲ့သတ်ဖြတ်ခံရတဲ့သတင်းအတွက် အချက်အလက်စုဆောင်းရင်း ဒီဇင်ဘာ ၁၂ ရက်မှာတော့ ရဲအရာရှိထံကနေ စာရွက်စာတမ်းတွေ ယူပြီးနောက် ချက်ခြင်းအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းထောက်နှစ်ဦးရဲ့ မိသားစုအပါအဝင် ရိုက်တာသတင်းဌာနဟာ ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းတွေ့ရှိမှသာ သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရတာကို သေချာစွာ သိရှိခဲ့ရခြင်းဖြစ်ပြီး လူပျောက်တိုင်ကြားခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။

ထို့ပြင် ရက်သတ္တပတ် နှစ်ပတ်အကြာ ဒီဇင်ဘာ၂၇ ရက်နေ့ ရောက်မှသာ ရမန်ယူဖို့ မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး အဲဒီနေ့ရောက်မှသာ မိသားစုဝင်တွေနဲ့ သူတို့နှစ်ဦးရဲ့ ရှေ့နေတွေလည်း သူတို့နဲ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက်နှစ်ဦးလက်ထဲမှာ တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေဟာ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပြီးသား အကြောင်းအရာတွေဖြစ်တယ်လို့ တရားလိုရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပြီး စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေကလည်း တရားရုံးကို တင်ပြခဲ့ပါသေးတယ်။

သတင်းထောက်ကိုကျော်စိုးဦးကတော့ သူတို့နှစ်ဦးကို သုံးရက်ကြာ အိပ်ခွင့်မပေးခဲ့တဲ့အပြင် စစ်ကြောရေးကာလမှာလည်း စစ်ကြောရေးအရာရှိ ဦးစိန်လှှိုင်ဝင်းဆိုသူက သူ့ကို ကြမ်းပြင်ပေါ်မှာ လေးနာရီလောက် ဒူးထောက်ခိုင်းခဲ့တယ်လို့ ဇူလိုင် ၂၄ ရက်ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။

သတင်းသမားပီပီ သတင်းစုံးစမ်းဖော်ထုတ်ရင်း ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို လွှတ်ပေးဖို့ ပြည်တွင်းကသတင်းမီဒီယာအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောက်လျှောက် တောင်းဆိုခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းထောက်နှစ်ဦးလုံးဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက် အခုလို ဖမ်းဆီးခံထားရတာဖြစ်ပြီး အပြစ်ရှိ၊ မရှိကို ဆုံးဖြတ်ဖို့တာဝန်က တရားရုံးမှာရှိတယ်လို့ ဂျပန်သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါသေးတယ်။