နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
မီးလောင်နေသည့် လေယာဉ်အပျက်အစီးများအား မီးသတ်သမားများက မိးငြှိမ်းသတ်နေကြစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/အောင်ထက်
တပ်မတော်ပိုင် လေယာဉ်တစ်စီး လယ်ဝေးမြို့နယ်တွင် ယနေ့ ပျက်ကျသွားရာ လိုက်ပါလာသူ တပ်မတော်သား ငါးဦးလုံး သေဆုံးသွားသည်ဟု သိရသည်။
နေပြည်တော်လေဆိပ်မှ ထွက်ခွာလာသည့် တပ်မတော် (လေ) ပိုင် Beechcraft 1900 လေယာဉ်သည် ယနေ့ နံနက် ၉ နာရီ ၄၁ မိနစ်ခန့်တွင် လယ်ဝေးမြို့နယ်၊ ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက်ရှိ မတ်ပဲစိုက်ခင်းအတွင်းသို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လေယာဉ်ပေါ်လိုက်ပါလာသူ တပ်မတော်သား ငါးဦးအနက် တပ်မတော် (လေ)မှ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးနှင့် ဒုတပ်ကြပ်တပ်ဦး၊ စုစုပေါင်းလေးဦး သေဆုံးသွားခဲ့ပြီး ဒုတပ်ကြပ်တစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။ ၎င်းဒုတပ်ကြပ်အား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ သို့သော် ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အဆိုပါ ဒုတပ်ကြပ်မှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားသည်။
တပ်မတော် (လေ)မှ အဆိုပါ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်သည် နေပြည်တော်လေဆိပ်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်မှ ပေ ၂,၀၀၀ အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက် လေသူရဲများ ဖြစ်ကြသော ဗိုလ်ကြီး ထင်ကျော်စိုးနှင့် ဗိုလ်ကြီး အောင်ပိုင်စိုး၊ လေယာဉ်အဖွဲ့သားဖြစ်သူ အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေးတို့သည် လေယာဉ်ပျက်ကျသည့် နေရာတွင် သေဆုံးခဲ့ပြီး ဒုတပ်ကြပ် လှဝင်းထွန်းမှာ နေပြည်တော် တပ်မတော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် နေ့လည် ၁၂ နာရီခန့်၌ သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကျမှု အခြေအနေအသေးစိတ်ကို တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်နေသည်ဟုလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ခရီးသည် ၁၉ ဦး တင်ဆောင်နိုင်သည့် Beechcraft 1900 လေယာဉ်အမျိုးအစားကို အမေရိကန်နိုင်ငံ Beechcraft ကော်ပိုရေးရှင်းက ထုတ်လုပ်ထားခြင်းဖြစ်ကာ တပ်မတော် (လေ)တွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရန် Beechcraft 1900 လေယာဉ် သုံးစီးအသုံးပြုနေသည်။
ထို့အပြင် မြန်မာအမျိုးသားလေကြောင်းလိုင်းတွင်လည်း Beechcraft 1900 လေယာဉ် နှစ်စီးအား ခရီးသည်တင်လေယာဉ်အဖြစ် အသုံးပြုနေသည်။
Last Updated: 3:00 PM
သတင်း- Frontier သတင်းအဖွဲ့