တနင်္သာရီအပတ်စဉ်ဂျာနယ်အမှုက စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဆုတ်ယုတ်မှုတစ်ခုဖြစ်

လက်ရှိ NLD အစိုးရလက်ထက် ပုံနှိပ်မီဒီယာ လွတ်လပ်၍ တိုးတက်စည်ပင်လာမည်ဟု မျှော်လင့်နေခဲ့ကြသည့် ဂျာနယ်လစ်များအတွက် ထားဝယ်၌ ချမှတ်ခဲ့သည့် တရားရုံးအမိန့်တစ်ခုက နောက်ထပ်စိတ်ပျက်စရာတစ်ခု ဖြစ်လာသည်။

ရဲမွန် ရေးသားသည်။

၂ဝ၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရချိန်တွင်၌ စစ်တပ်ကျောထောက်နောက်ခံပြု သမ္မတဦးသိန်းစိန်လက်ထက်ကထက် မီဒီယာလွတ်လပ်ခွင့် ပိုမိုကြီးမားစွာ ရရှိလိမ့်မည်ဟု ဂျာနယ်လစ်များက ယုံကြည်ခဲ့ကြသည်။

ထိုကဲ့သို့ ယုံကြည်ခဲ့ကြသူများတွင် တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော် ထားဝယ်တွင် အခြေစိုက်သည့် တနင်္သာရီအပတ်စဉ် (Tanintharyi Weekly) သတင်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုမျိုးအောင်လည်း ပါဝင်ခဲ့သည်။ ဒေသတွင်း သတင်းမီဒီယာများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် NLD အစိုးရက ပံ့ပိုးပေးလိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့သည်။

၂ဝဝ၉ ခုနှစ်ကတည်းက ဂျာနယ်လစ်တစ်ဦးဖြစ်လာခဲ့သော ကိုမျိုးအောင်သည် ပြည်တွင်းဂျာနယ်တစ်ခုဖြစ်သည့် Trust Weekly တွင် လုပ်ကိုင်ခဲ့ပြီး The Voice Weekly အတွက်လည်း အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပျက်သည့်သတင်းများကို အရည်အသွေးကောင်းကောင်းနှင့် လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ရေးအတွက် အာရုံစူးစိုက်နိုင်ရန် ၂ဝ၁၂ ခုနှစ်တွင် မိတ်ဆွေများနှင့်အတူ Dawei Watch သတင်းအေဂျင်စီကို တည်ထောင်ခဲ့သည်။ ၎င်းအေဂျင်စီက ၂ဝ၁၃ ခုနှစ်တွင် တနင်္သာရီအပတ်စဉ်သတင်းဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။

၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်နေ့ထုတ် ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကာတွန်းနှင့် ပူးတွဲပါ သရော်စာတစ်ပုဒ်နှင့် ပတ်သက်၍ ကိုမျိုးအောင်ကို ထားဝယ်မြို့နယ်တရားရုံးက ၂ဝ၁၄ သတင်းမီဒီယာဥပဒေအရ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဒဏ်ငွေ ကျပ်ငါးသိန်းချမှတ်ခဲ့သည်။ အဆိုပါသရော်စာသည် NLD ပါတီဝင်တစ်ဦးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၏ ဂုဏ်သရေကို ထိခိုက်စေသည်ဟု ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တိုင်တန်းခံရပြီးနောက် ဒဏ်ငွေချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်လဲ့လဲ့မော်က ခန့်အပ်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒု-ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးအေးလူက တိုင်တန်းခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ဆ) အရ ကိုမျိုးအောင်တွင် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထိုပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ကျပ်တစ်သန်းဖြစ်သည်။

ထိုကိစ္စကို ဒေါ်လဲ့လဲ့မော်က အဘယ့်ကြောင့် သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်း မရှိသည်ကိုမူ မသိရပေ။ သတင်းမီဒီယာကောင်စီကို သတင်းမီဒီယာဥပဒေအရ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တရားရုံးရောက်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အငြင်းပွားမှုများကို ကောင်စီက ဖြေရှင်းပေးနိုင်သည်။

အပြုံးနဲ့ သရော်စာ

ဝန်ကြီးချုပ်ဖြစ်သည့် ဒေါ်လဲ့လဲ့မော်နှင့် ပတ်သက်ပြီးလည်း အငြင်းပွားဖွယ်များ ပေါ်ပေါက်နေသည်။ ပြီးခဲ့သည့်လက တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့များသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ် ဒေသခံအချို့က ဝန်ကြီးချုပ်နှင့် ပတ်သက်ပြီး တိုင်ကြားမှုများရှိခဲ့သည်။ ဒေါ်လဲ့လဲ့မော်၏ မှားယွင်းသည့် စီမံခန့်ခွဲမှုများနှင့် ဆွေမျိုးကောင်းစားရေးဝါဒကြောင့် ၎င်းအား ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုမှုများပင် ရှိခဲ့သည်။

ဒေသတွင်း ကျောက်ကျင်းတူးဖော်မှုနှင့် ကြီးမားသည့် အခြေခံအဆောက်အအုံများနှင့် သက်ဆိုင်နေသည့် သဘာဝပတ်ဝန်းကျင်ယိုးယွင်းမှု၊ မြေယာပဋိပက္ခဖြစ်မှုတို့အပါအဝင် အတိမ်းအစောင်းမခံသည့် ပြဿနာများအကြောင်း တနင်္သာရီအပတ်စဉ်ဂျာနယ်က မကြာခဏဆိုသလို ဝေဖန်ရေးသားမှုများရှိခဲ့သော်လည်း ယခုကဲ့သို့ တရားစွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“တိုင်းဒေသကြီးအစိုးရက အရေးယူမယ်ဆိုတော့ ကျွန်တော် အံ့အားသင့်သွားတယ်” ဟု ကိုမျိုးအောင်က ဆိုသည်။ မဲဆွယ်အပြုံး ဟု ခေါင်းစဉ်တပ်ထားသည့် သရော်စာဆောင်းပါးကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းဆောင်းပါးကို မူးဆေးအိုး ဟူသည့် ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ကာ ကလောင်ရှင် မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ပြောကြားရန် ကိုမျိုးအောင်က ငြင်းဆိုခဲ့သည်။

ပြန်လည်ရွေးကောက်ခံရေးအတွက် လှုပ်ရှားနေသည့် စိတ်ကြီးဝင်နေသော၊ ကျွမ်းကျင်မှုမရှိသော အမျိုးသမီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်အကြောင်း ဆောင်းပါးထဲတွင် ဇာတ်လမ်းဖွဲ့ ပြောကြားထားခြင်းဖြစ်သည်။ ဇာတ်ကောင်အကြောင်း အသေးစိတ်အချက်အလက်များ၊ ၎င်း၏ မကောင်းမှုများအကြောင်းကို ဖော်ပြထားမှုများနှင့် ပူးတွဲပါကာတွန်းတို့က ဝန်ကြီးချုပ်နှင့် ၎င်း၏ ရုံးတွင် လုပ်ဆောင်မှုတို့နှင့် နီးနီးစပ်စပ်တူဟန်ရှိသော်လည်း ဆောင်းပါးထဲတွင် ဝန်ကြီးချုပ်၏ အမည်ပါဝင်ခြင်းမရှိပေ။

ဆောင်းပါးက သရော်စာအဖြစ်ရည်ရွယ်သည်ကို တိုင်းဒေသကြီးအစိုးရက နားလည်မှုလွဲဟန်ရှိသည်ဟု ကိုမျိုးအောင်က ပြောသည်။

“ဆောင်းပါးက သရော်စာပါ။ ဒီဆောင်းပါးက ဘာအမျိုးအစားလဲဆိုတာကိုသာ ဒီအစိုးရအဖွဲ့က နားလည့်ခဲ့ရင် သူတို့ ကျွန်တော်တို့ကို တရားစွဲမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။ တရားစွဲမှုရုပ်သိမ်းစေရန် တိုင်းဒေသကြီး တရားလွှတ်တော်နှင့် ပြည်ထောင်စုတရားရုံးချုပ်တို့တွင် ၎င်းက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ကိုမျိုးအောင်က ပြောသည်။

မဲဆွယ်အပြုံးဟူသည့် ဆောင်းပါးကြောင့် ကိုမျိုးအောင်အား တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုခဲ့သည်။ ဓာတ်ပုံ-supply

မဲဆွယ်အပြုံးဟူသည့် ဆောင်းပါးကြောင့် ကိုမျိုးအောင်အား တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုခဲ့သည်။ ဓာတ်ပုံ-supply

NLD အစိုးရလက်ထက်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် လျော့ပါးလာခြင်းက ဂျာနယ်လစ်များအတွက် စိတ်ဓါတ်ကျစရာ ဖြစ်နေသည်။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီက ဂျာနယ်လစ်များ၏ အခွင့်အရေးကို ကာကွယ်ပြီး မီဒီယာလွတ်လပ်ခွင့် မြင့်တင်ပေးမည်ဟု NLD က ကတိပေးခဲ့သည်ကို ကိုမျိုးအောင်က ပြန်ပြောင်းသတိရနေသည်။ မနှစ်မြို့ဖွယ်ရာ အမှန်တရားများက NLD ၏ကတိများ မတည်သည်ကို ပြသနေသည်ဆိုသည်။

NLD အစိုးရတက်လာပြီးနောက်ပိုင်း ဥပဒေအမျိုးမျိုးဖြင့် တရားစွဲခံရသည့် ဂျာနယ်လစ် ၄၄ ဦးရှိသည်ဟု လွတ်လပ်စွာရေးသားပြောဆိုခွင့်အတွက် လှုံ့ဆော်သည့် အရပ်ဘက်လူငယ်အဖွဲ့တစ်ခုဖြစ်သည့် အသံ (Voice) က ပြောကြားသည်။

တရားစွဲခံရသူများတွင် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပါဝင်ခဲ့ပြီး ၎င်းတို့မှာ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံသည်။ ၂ဝ၁၇ ခုနှစ် နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာအမျိုးသား ၁၀ ဦးကို စစ်သားများနှင့် ဒေသခံအချို့က သတ်ဖြတ်၊ ဖျောက်ဖျက်ခဲ့မှုကို ယင်းသတင်းထောက်များက ဖော်ထုတ်ခဲ့မှုကြောင့်ဖြစ်သည်။

၎င်းသတင်းထောက်နှစ်ဦးမှာ ထောင်ချောက်ဆင် အဖမ်းခံရခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ထွက်ဆိုခဲ့သည့် တရားခွင်စစ်ဆေးမှုအပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရခြင်းဖြစ်သည်။ “သူတို့မှ ထောင်ထဲ ရောက်သွားတာမဟုတ်ပါဘူး။ နိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း ထောင်ထဲရောက်သွားတာပါပဲ” ဟု ကဗျာဆရာနှင့် အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကိုဆောင်းခက ပြောကြားသည်။

“NLD က ရွေးကောက်ခံရပြီးတော့ သူ့ကတိတွေ မတည်တော့ဘူး” ဟုလည်း ကိုမျိုးအောင်က ပြောသည်။

၎င်းအပေါ်ချမှတ်လိုက်သော ပြစ်ဒဏ်စီရင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် မီဒီယာအဖွဲ့များက ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် သတင်းထောက်များ၏ အခွင့်အရေးကို ကာကွယ်ရန်ပျက်ကွက်သောကြောင့် ရှုံ့ချကြောင်းနှင့် ထိုစီရင်ချက်သည် သတင်းစာလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းစာလွတ်လပ်ခွင့် တိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့ဟု ပြောကြားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က နှစ်စဉ်ထုတ်ပြန်သော သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ရည်ညွှန်းလျှက် ဦးမြင့်ကျော်က “မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအဆင့် တိုးတက်လာအောင်ကြိုးပမ်းရာမှာ ပြန်ကြားရေးဝန်ကြီးဌာနက အထောက်အကူဖြစ်သင့်တာပေါ့” ဟု ပြောသည်။

ပဲရစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က နောက်ဆုံးထုတ်ပြန်သော ‘ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း’တွင် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ပိုင်နက်နယ်မြေ ၁၈ဝ အနက် မြန်မာနိုင်ငံက အဆင့် ၁၃၇ တွင် ရပ်တည်နေရာ ၂ဝ၁၇ ခုနှစ်က ရှိနေခဲ့သော အဆင့် ၁၃၁ မှ ကျဆင်းသွားခြင်းဖြစ်သည်။ ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ကြိုတင်ခွင့်ပြုချက် တင်ရသည့်စနစ်ကို ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရက ၂ဝ၁၂ ခုနှစ်တွင် ဖျက်သိမ်းပစ်ခဲ့သည်။ ထိုအချိန်မတိုင်မီက မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့်သည် ၁၇၄ တွင်ရှိနေခဲ့သည်။

ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သော မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ထိုအညွှန်းကိန်းသည် ထိုအဖွဲ့ကို ရံပုံငွေထောက်ပံ့နေသော ပြင်သစ်အဖွဲ့အစည်းများ၏ အကျိုးစီးပွားဘက်မှ မျက်နှာလိုက်သော အညွှန်းကိန်းသာ ဖြစ်သည်ဟု မှတ်ချက်ချပြောဆိုခဲ့သည်။ မီဒီယာလွတ်လပ်ခွင့် ပို၍ ဆိုးဝါးသွားသည်ဆိုသည်ကို ၎င်းကငြင်းပယ်ပြီး “မီဒီယာတွေအနေနဲ့ အစိုးရကို လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြပါတယ်” ဟုပြောကြားခဲ့သည်။

ငွေကြေးအခက်အခဲပြဿနာ

ယခင် USDP အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးရဲထွဋ်က ကြော်ငြာနှင့် သတင်းများ မျှဝေရေးကိစ္စကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မီဒီယာများနှင့် ဆွေးနွေးခဲ့ဖူးကြောင်း၊ သို့သော် ၂ဝ၁၆ ခုနှစ်ကတည်းက ပြန်ကြားရေးဝန်ကြီးဖြစ်လာခဲ့သော ဦးဖေမြင့်လက်ထက်တွင် ဤကိစ္စအပြင် အခြားကိစ္စများတွင်ပါ မည်သည့်တိုးတက်မှုမှ မရှိခဲ့ဟု ကိုမျိုးအောင်က ပြောသည်။

ရန်ကုန်ပြင်ပမှ မီဒီယာအဖွဲ့အစည်းများအနေဖြင့် အစိုးရ၏ ရန်လိုသည့်သဘောထားသာမက ငွေရေးကြေးရေးအခက်အခဲနှင့်ပါ ကြုံတွေ့ရုန်းကန်နေကြရကြောင်း၊ အစိုးရအနေနှင့် ၎င်း၏ ကျယ်ပြန့်လှသော မီဒီယာကွန်ယက်မှတဆင့် ကြော်ငြာဝင်ငွေ အများအပြား ရရှိနေသဖြင့် ပုဂ္ဂလိက မီဒီယာများကိုလည်း ကြော်ငြာများ မျှဝေပေးသင့်ပါကြောင်းနှင့် ပုဂ္ဂလိကမီဒီယာများမှာ ကြော်ငြာငတ်မွတ်နေကြရကြောင်း ကိုမျိုးအောင်က ဆက်လက်ပြောကြားသည်။ Dawei Watch က ဗီဒီယိုသတင်းထုတ်လွှင့်မှုကိုပါ တိုးချဲ့လုပ်ကိုင်လိုသော်လည်း ငွေကြေးမလုံလောက်ဖြစ်နေကြောင်းလည်း ၎င်းက ပြောသည်။ သို့သော် Dawei Watch အနေဖြင့် စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရသည့်တိုင် လက်လျော့အရှုံးပေးမည်မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့ မီဒီယာအေဂျင်စီကို ပိတ်ပစ်လိုက်ပြီး ကျွန်တော်တို့ အိပ်မက်တွေကို ဘယ်တော့မှ အဆုံးသတ်လိုက်မှာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ဘဏ္ဍာရေးအကြပ်အတည်းက ထွက်ပေါက်တစ်ခုခုတော့ မလွဲမသွေ တွေ့မှာပါ” ဟု ၎င်းက ဆိုသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar