UPDATED:
ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲ ယနေ့နံနက်ပိုင်းက ပဲ့ကျမှုကြောင့် ရေများလျှံထွက်ပြီး ပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်း နှင့် ဆွာမြို့အပါအဝင် ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။
ရေလှောင်တမံ၏ ဘဲနှုတ်သီးပုံသဏ္ဍာန် ရေပိုလွှဲ၏ ယာဘက်အခြမ်း ပဲ့ကျကာ ရေထွက်မှုများလာပြီး မူလချောင်း ရေပြည့်ရေလျှံမှု ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနက ပြောကြားသည်။ နံနက် ၉ နာရီကျော်ခန့်တွင် ရေပိုလွှဲမှ ရေများတစ်ပေခွဲကျော်ခန့် စီးထွက်နေသည်ဟုဆိုသည်။
ထိုသို့ တမံဘက်မှ လျှံထွက် စီးဆင်းလာသည့် ရေများကြောင့် နံနက် ၇ နာရီခန့်မှ စတင်ကာ ရန်ကုန်-မန္တလေးအမြန်လမ်း၏ ရန်ကုန်-နေပြည်တော်လမ်းအပိုင်း မိုင်တိုင်အမှတ် (၁၆၅/၄) နှင့် (၁၆၆/ဝ) ကြား လေးဖါလုံခန့်တွင် လမ်းပေါ် နှစ်ပေခန့် ရေကျော်မှုဖြစ်ပေါ်နေပြီး ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင်နှစ်ခုလည်း တစ်ပေခွဲခန့် နိမ့်ကျသွားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) တွင်လည်း အလားတူအချိန်ခန့်မှစပြီး ရေလေးပေခန့် ကျော်လျှက်ရှိသည်ဟု ဖော်ပြထားသည်။
အမြန်လမ်းပေါ်၌ ရေလျံနေစဉ်။ ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန
လက်ရှိအချိန်တွင် ရေကျော်နေသည့် လမ်းပိုင်းအား ယနေ့နံနက်ပိုင်းက စတင်ကာ ခေတ္တလမ်းပိတ်ထားခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ယာဉ်ငယ်များအား ပြန်လည်ဖြတ်သန်းခွင့်ပေးနေပြီဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဆွာတံတား၏ နေပြည်တော်- ရန်ကုန်ဘက်အခြမ်းအား နှစ်လမ်းမောင်းပြုလုပ်ပြီး မောင်းနှင့်ခွင့်ပေးထားခြင်းဖြစ်သည်။ သို့သော် နေပြည်တော်- ရန်ကုန် ကားလမ်းဟောင်းကိုမူ မွန်းတည့်ချိန်အထိ ပိတ်ထားဆဲဖြစ်သည်။
ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဆွာချောင်းတံတားသို့ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့သည်။ ထို့ပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ရေကြီးမှုများဖြစ်ပေါ်နေသည့် ကျေးရွာများအတွက် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသည်ဟုဆိုသည်။
အဆိုပါနေရာသို့ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဂရုဏာကမ်းလက်အသင်းမှ ဒုက္ကဋ္ဌ ကိုတင်မောင်ဝင်းက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြောကြားချက်အရ ရေနှစ်ပေခန့် ကျဆင်းသွားပြီဖြစ်သော်လည်း ညနေပိုင်းတွင် မိုးထပ်မံ ရွာသွန်းပါက အခြေအနေများ ပြန်လည်ဆိုးရွားလာနိုင်သည်ဟု ဆိုသည်။
အမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတား၏ တိုင်နှစ်ခု တစ်ပေခွဲခန့် နိမ့်ကျသွားသည်။ ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန
မီးသတ်ဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ပြောကြားချက်အရ အမြန်လမ်းမကြီးဘေးရှိ တမံဆည်ရွာနှင့် လှည်းလမ်းကူးရွာတို့တွင် ရေဝင်ရောက်မှုဖြစ်ပွားပြီး ဆွာမြို့ပေါ်ရှိ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့တွင် ရေသုံးပေခန့် ဝင်ရောက်လျက်ရှိသည်ဟုဆိုသည်။
လူမှုကွန်ယက်ပေါ်တွင် ယနေ့နံနက်ပိုင်းက ပေါ်ထွက်ခဲ့သည့် သတင်းများအရ ဆွာမြို့ပေါ်တွင် အနီးဝန်းကျင်ကျေးရွာများမှာ ထွက်ပြေးလာသူ ထောင်နှင့်ချီကာ ရောက်ရှိနေကြောင်း သိရသည်။