နေပြည်တော်၊ မေ ၂၄
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအား ယနေ့စတင်ဖွင့်လှစ်ခဲ့ရာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ရာပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ ပြီးဆုံးသွားစေရေးအတွက် လက်တွဲလုပ်ဆောင်ကြရန် တက်ရောက်လာကြသူများနှင့် ပြည်သူများကို တိုက်တွန်းခဲ့သည်။
“ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးညီလာခံကြီးဟာ အခုဆိုရင် နိုင်ငံအတွက်၊ ပြည်သူအတွက် အရေးကြီးလှတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးနိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်” ဟု တိုင်းရင်းသားလူနည်းစုများ၊ သံတမန်များနှင့် တပ်မတော်အရာရှိများအပါအဝင် တက်ရောက်လာသူများကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“အနှစ်နှစ်အလလ မျှော်လင့်ခဲ့ကြတဲ့ သမိုင်းတွင်မယ့် အချိန်သမယ၊ နိုင်ငံရေးဆွေးနွေးမှုသမိုင်းသစ်ကို ကျွန်မတို့အားလုံး အတူတကွ စတင်ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများအားလုံးနီးပါက လက်ခံထားသည့်အချက်မှာ “အားလုံးသဘောတူ လက်ခံနိုင်သည့် ဖက်ဒရယ်စနစ်ဖြစ်သည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ရည်မှန်းချက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။
“နိုင်ငံရေးပြဿနာတွေရဲ့ ဖြေရှင်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးဟာ ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
၂၁ ရာစု ပင်လုံညီလာခံကို ယနေ့မှ စတင်ကာ ငါးရက်ကြာကျင်းပသွားရန် စီစဉ်ထားပြီး ပြီးခဲ့သည့်နှစ် သြဂုတ်နှင့် စက်တင်ဘာလများက ကျင်းပခဲ့သည့် ပထမအကြိမ်ညီလာခံကထက် ဆွေးနွေးမှုများ ပိုမိုများပြားမည်ဟု မျှော်လင့်ထားသည်။
မူလစီစဉ်ထားသည်ထက် လပေါင်းများစွာ နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့သည့် ယခုညီလာခံကြီးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး စုံညီစွာ တက်ရောက်မည်ဟု မျှော်မှန်းခဲ့သော်လည်း တိုင်းရင်းသား အဖွဲ့ ခုနစ်ဖွဲ့ကို ကိုယ်စားပြုသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ညီလာခံတက်ရောက်တော့မည်မဟုတ်ဟု ယမန်နေ့ ညဦးပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ညီလာခံသို့ ဆွေးနွေးဆုံးဖြတ်ခွင့်မရှိသည့် အထူးဖိတ်ကြားသူအနေဖြင့်သာ ပါဝင်ခွင့်ရမည်ဖြစ်သည့်အတွက် မတက်ရောက်ခြင်းဖြစ်သည်ဟု UNFC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ပြီးခဲ့သည့်လများအတွင်း အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ စုစည်းထားသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ခေါင်းဆောင်များက ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာတွင် NCA မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့် စာချုပ်မဟုတ်ဟု အသိပေး ပြောကြားခဲ့သည်။
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
တပ်မတော်၏ ငြိမ်းချမ်းရေးရပ်တည်ချက်မှာ NCA လမ်းကြောင်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပျက်စီးအောင်လုပ်ကိုင်နေသူများလည်း ရှိနေသည်ဟု ၎င်းကပြောကြားသည်။
“အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြရာမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဆိုပြီး NCA မှာ သဘောတူညီခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒါဟာ NCA လမ်းကြောင်းရဲ့ ပန်းတိုင်ပဲဖြစ်ပြီး တိုင်းရင်းသားများ ယနေ့တောင်းဆိုနေတဲ့ အချက်အားလုံးအတွက် ခြုံငုံမိပြီးဖြစ်တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။
“ဒါကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေး လမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
“ဒီလို ဆောင်ရွက်ချက်မျိုးတွေဟာ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်ကြီးမားစွာထားရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေခြင်းသာဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် မိမိတို့ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသွားသည်။
သတင်း-အိုလီဗာဆလိုး