ရန်ကုန်၊ ဧပြီ ၉
သာယာဝတီ တရားရုံးက ပြန်လွှတ်ပေးလိုက်သည့် ကျောင်းသားတစ်ဦးအား ကြိုဆိုနေသည့် မိဘတစ်ဦး။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ထုတ်ပြန်ပြီးနောက် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသူ ၁၃၈ ဦးအား ဧပြီ ၈ ရက်နေ့တွင် အမှုများ ရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
နှစ်သစ်ကူး အခါသမယတွင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ကျောင်းသား ကျောင်းသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက်က လက်မှတ်ရေးထိုး ကြေညာခဲ့ပြီးနောက် ယခုလို လွှတ်မြောက်လာကြခြင်း ဖြစ်သည်။
ဧပြီ ၈ ရက်နေ့၊ ည ၈ နာရီအထိ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးများရှိ တရားရုံးများတွင် အမှုရင်ဆိုင်နေကြရသူ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေးနှစ်ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ အမှုများ ရုပ်သိမ်းကာ လွှတ်ပေးခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
ပြန်လည် လွတ်မြောက်လာသူများထဲတွင် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မမီးမီး၊ မနီလာသိန်းတို့အပြင် လက်ပံတန်းကျောင်းသား သပိတ်တွင် အဖမ်းခံရကာ သာယာဝတီ တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ကျောင်းသားကျောင်းသူများလည်း ပါဝင်သည်။
အမှုရင်ဆိုင်လျက်ရှိသောသူများနှင့် သက်ဆိုင်သည့် ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ နှင့်အညီ အမှုရုပ်သိမ်းရေးအတွက် ဆောက်ရွက်ရာတွင် နည်းဥပဒေပါ အချက်များအတိုင်း ဆောင်ရွက်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီ ၈ ရက်နေ့က ဒုတိယမြောက် ကြေညာချက်တွင် ဖော်ပြထားသည်။
အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၉၀ ဦး ရှိနေပြီး ဖေဖော်ဝါရီလအထိ တက်ကြွလှုပ်ရှားသူ ၄၀၀ ဦးမှာ အမှုအသီးသီးဖြင့် တရားရင်ဆိုင်နေရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကို ကိုးကားပြီး အေအက်ဖ်ပီက ဧပြီ ၈ ရက်နေ့က ရေးသားထားသည်။
ထို့ကြောင့် ကျန်ရှိနေသေးသည့် အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများကိုလည်း နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်ဆုံးချိန်တွင် အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့ ညနေတွင် ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီ ၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
သတင်း- Frontier