ကရင်ပြည်နယ်အစိုးရ၊စောညီညီနှင့်ရွှေမြစန္ဒီ

အိမ်ယာစီမံကိန်းဖော်ဆောင်သူ ဒီကေဘီအေအရာရှိလည်းအဖမ်းခံရပြီး ရွှေမြစန္ဒီအိမ်ယာတွင်နောက်ဆက်တွဲပြဿနာများစွာတက်ခဲ့ကာ ကရင်ပြည်နယ်အစိုးရပါခေါင်းကိုက်ခဲ့ရသည်။

နော်ဘတ်တီဟန်ရေးသည်။
ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ယာယီနေရာချထားပေးသဖြင့် တာလပတ်အမိုးအကာနှင့်ဖြစ်နေသည့် နေအိမ်ရှေ့တွင် ဦးခင်မောင်ထွေးတစ်ယောက် ဆိုလာပြားများပြင်ရင်းအလုပ်ရှုပ်နေသည်။ အိမ်ကိုကတိုက်ကရိုက် နေရာပြောင်းခဲ့ရသဖြင့် လျှပ်စစ်မီးကိစ္စအဆင်ပြေစေရန် ဆိုလာပြားများတပ်ဆင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခင်အိမ်ကိုအစိုးရအဖွဲ့ကတရားမဝင်ဘူးဟုဆိုကာဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိနေရာသို့ ပြောင်းရွှေ့နေရာချပေးခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာခင် ဒီအိမ်နေရာကိုတရားဝင်ပိုင်ဆိုင်တော့မည်ဟု ကြားသိရသဖြင့် သူပိုက်ဆံစုနေသည်။

“အရင်ကလည်းဈေးနည်းနည်းနဲ့ အိမ်လေးပိုင်မယ်ကြားလို့ ရှိတာလေးထုခွဲပြီးဒီဘက်အပြီးရွှေ့လာတယ်။ နှစ်နှစ်လောက်ကြာပြီးအဖျက်ခံရတော့ ဆုံးရှုံးသွားမှာကိုကြောက်မိတာပေါ့။ အခုတော့ အစိုးရဘက်ကမြေရောင်းတဲ့ ချလံနဲ့ တရားဝင်ပြန်ပေးမယ်လို့ ကြားတော့လည်းအတိုင်းမသိဝမ်းသာရတာပဲ”ဟုဦးခင်မောင်ထွေးကဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမကွေးမြို့မှ ဦးခင်မောင်ထွေးသည်ကရင်ပြည်နယ်သို့အလုပ်လာလုပ်သူဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင်ကာအငြင်းပွားမှုများမကြာခဏရှိခဲ့သည့် မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာရှိ ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအတွင်းသူနေထိုင်သည်။ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သောဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (ဒီကေဘီအေ)က ဦးဆောင်ကာတန်ဖိုးနည်းအိမ်ယာစီမံကိန်းကို မြဝတီမြို့နယ်တွင် အကောင်အထည်ဖော်နေသည်ဟုကြားသိသဖြင့် မြေတစ်နေရာဝယ်ယူကာနေထိုင်ခဲ့ခြင်းဖြစ်သည်။

မဲကနယ်ကျေးရွာမှာ ငြိမ်းချမ်းရေးရယူထားသည့် ဒီကေဘီအေတပ်ဖွဲ့များနှင့် မိသားစုဝင်များနေထိုင်ရန်ပေးခဲ့သည့် မြေနေရာဖြစ်သည်။ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မဲကနယ်ကျေးရွာမှာ ငြိမ်းချမ်းရေးရယူထားသည့် ဒီကေဘီအေတပ်ဖွဲ့များနှင့် မိသားစုဝင်များနေထိုင်ရန်ပေးခဲ့သည့် မြေနေရာဖြစ်သည်။ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒီကေဘီအေသည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီချက်ကို ၂၀၁၅ခုနှစ်ကလက်မှတ်ရေးထိုးထားခဲ့သည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မြဝတီ၊ ကော့ကရိတ်အပါအဝင် ကရင်ပြည်နယ်ရှိမြို့နယ်အများစုတွင် လှုပ်ရှားနေသည်။

အဆိုပါ ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကိုစတင်ဦးဆောင်ဦးရွက်ပြုကာအကောင်အထည်ဖော်ခဲ့သူမှာဒီကေဘီအေတပ်ဖွဲ့မှ တပ်ခွဲမှူး စောညီညီဆိုသူပင်ဖြစ်သည်။ အိမ်ရာစီမံကိန်းလုပ်ဆောင်သည့် မူလနေရာသည် မဲကနယ်ကျေးရွာဟုအမည်ထွင်ထားပြီးအစိုးရဘက်မှ ငြိမ်းချမ်းရေးရယူသည့် ဒီကေဘီအေတပ်ဖွဲ့များနှင့် မိသားစုဝင်များနေထိုင်ရန်ပေးခဲ့သည့် မြေနေရာဖြစ်သည်။

လက်ရှိတွင် အိမ်ယာစီမံကိန်းကိုဦးစီးဦးဆောင်ပြုခဲ့သည့် တပ်ခွဲမှူး စောညီညီကိုတပ်မတော်ကဖမ်းဆီးခဲ့ကာအရပ်ဘက်တရားရုံးသို့ပို့ဆောင်ထားပြီး ၎င်းတာဝန်ခံရောင်းချခဲ့သည့် မြေနေရာများမှ အစိုးရပိုင်မြေအတွင်း ကျရောက်နေသည့် အိမ်များကိုလည်းအစိုးရဘက်ကဖျက်သိမ်းခဲ့သည်။

တပ်ခွဲမှူး စောညီညီကို တပ်မတော်က ယခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအပြီးတွင် အရပ်ဖက် တရားရုံးသို့လွှဲပြောင်းပေးခဲ့ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က သြဂုတ်လ ၂၀ရက်နေ့တွင် Frontier သို့ အတည်ပြုပြောကြားသည်။

“ကျမသိရသလောက်တော့ သူအထိန်းသိမ်းခံရတယ်ဆိုတာက ဒီအိမ်ယာကိစ္စတစ်ခုတည်းကြောင့် မဟုတ်ဘူး။ သူအရင်က ဒီကေဘီအေကို မဝင်ခင်မှာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ အဲ့ဒီကနေ တိမ်းရှောင်လာပြီး ဒီကေဘီအေအဖွဲ့မှာ တာဝန်ထမ်းဆောင်တာကြောင့် အခုလို ထိန်းသိမ်းခံရတာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ အိမ်ယာကိစ္စနဲ့ပတ်သတ်ပြီး အရပ်ဖက်တရားရုံးကနေ တရားစွဲတာမျိုးတွေ ဆက်လုပ်နေတယ်”ဟုဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

စောညီညီသည် အစိုးရက ထုတ်ပေးလေ့ရှိသည့် မြေချလံ စာရွက်စာတမ်းများပုံစံတူလုပ်ခဲ့ခြင်း၊ မြေယာများကို တရားမဝင် အကွက်ချခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ခဲ့သဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဒေါ်နန်းခင်ထွေးမြင့်က ရှင်းပြသည်။

အိမ်ရာစီမံကိန်းစတင်ဖြစ်ပေါ်လာပုံ

မြဝတီမြို့မှ မိနစ်နှစ်ဆယ်ခန့်ကားဖြင့် သွားလိုက်သည်နှင့် မဲကနယ်ကျေးရွာအုပ်စုသို့ရောက်ရှိမည် ဖြစ်သည်။ အတွင်းမဲကနယ်၊ အပြင် မဲကနယ်ဟူ၍ ကျေးရွာနှစ်ခြမ်းရှိရာအတွင်းမဲကနယ်ဘက်ခြမ်းရှိမြေဧက ၂၀ကျော်တွင် အဆိုပါ အိမ်ရာစီမံကိန်းကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းကို ၂၀၁၆ခုနှစ်ကုန်လောက်ကတည်းကစတင်ခဲ့ပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင်မြေနေရာများကိုရောင်းချပေးကာပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်။ ပေ ၄၀× ၆၀ အကျယ်အဝန်းရှိမြေကွက်ပေါင်း ၁၅၀ ချကာတစ်ကွက်လျှင် မြန်မာငွေ ကျပ် ၁သိန်းခွဲနှုန်းဖြင့် တပ်ခွဲမှူး စောညီညီမှ တာဝန်ခံကာရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချပေးရာတွင် ဒီကေဘီအေတပ်ဖွဲ့မှ ထုတ်ပေးသည့် ချလံပုံစံများ ဖြင့် မြေကွက်ပိုင်ဆိုင်မှုပုံစံကိုလွှဲပြောင်းရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ရောင်းချသည်ဟုသုံးနှုန်းကြသော်လည်းချလံစာရွက်တွင်မူမြေကွက်ငှားရမ်းသည့် အလှူငွေဟုသုံးနှုန်းထားသည်။

မြေကွက်များစတင်ရောင်းချကာလူသစ်များပြောင်းရွှေ့လာသည့်အချိန်မှစတင်ကာမဲကနယ်ကျေးရွာအတွင်းဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ကျေးရွာတွင် မူလနေထိုင်သူများ၏ မြေနေရာများ၊ လယ်ယာများနှင့် အစိုးရပိုင်မြေများလည်းစီမံကိန်းချသည့်မြေဧရိယာအတွင်းပါဝင် နေခြင်းကြောင့် ဖြစ်သည်။

အစိုးရပိုင်မြေများတွင် ကရင်ပြည်နယ်အစိုးရပိုင်မြေများ၊ သစ်တောဦးစီးဌာနပိုင်မြေများနှင့် အသုံးမပြုရသေးသည့် မြေလွတ်မြေရိုင်းများပါဝင်သည်။ မဲကနယ်တွင်မူလနေထိုင်သူဒေသခံများကစုပေါင်းလက်မှတ်ရေးထိုးကာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လယ်ယာမြေများသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးကော်မတီသို့ တိုင်ကြားခဲ့ပြီးအစိုးရအဖွဲ့က ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးပါရန် တောင်းဆိုခဲ့ကြသည်။

ရွှေမြစန္ဒီစီမံကိန်းနှင့်ပတ်သက်ပြီးကန့်ကွက်ကြောင်းမူလမြေပိုင်ရှင်များက၂၀၁၇၊ ဇွန် ၆ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြပြီးမြေပိုင်ရှင်များကိုမြေပြန်ပေးရန်နှင့် စီမံကိန်းကိုဖျက်သိမ်းရန် လူဦးရေ ၅၀ဝ ခန့်က တောင်းဆိုခဲ့ကြသည်။

တစ်ချိန်တည်းတွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအတွင်းနေထိုင်သူပေါင်း ၁,ဝဝဝ ကျော်ကလည်းအစိုးရ၏ မြေယာများမတရားသိမ်းယူခြင်းကိုကန့်ကွက်ကြောင်းတန်ပြန်ဆန္ဒပြခဲ့ကြရာ ၎င်းတို့နှင့် မူလမြေပိုင်ရှင်များအကြားတင်းမာမှုဖြစ်ပွားခဲ့သည်။

ကျူးကျော်ပြဿနာများအပြင်အခြားအငြင်းပွားမှုများလည်းရှိနေသည်။ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကျူးကျော်ပြဿနာများအပြင်အခြားအငြင်းပွားမှုများလည်းရှိနေသည်။ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ထို့နောက် ၂၀၁၇ခုနှစ် မတ်လ ၁၅ရက်နေ့တွင်ကရင်ပြည်နယ်အစိုးရအဖွဲ့ကအိမ်ယာစီမံကိန်းတာဝန်ခံတပ်ခွဲမှူးစောညီညီကိုမြေကွက်ရောင်းချခြင်းများကိုရပ်ဆိုင်းထားရန်နှင့် ဆောက်လုပ်ဆဲဖြစ်သောအိမ်များကိုလည်းခေတ္တရပ်ဆိုင်းပေးရန် အကြောင်းကြားစာပေးပို့ခဲ့သည်။

ဧပြီလ၁၀ရက်တွင်ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်ခင်ထွေးမြင့်ကိုယ်တိုင် စီမံကိန်းနေရာကိုစစ်ဆေးခဲ့ပြီးမြေကွက်ဝယ်ယူပြီးပြောင်းရွှေ့နေထိုင်သူများကိုမြေယာပိုင်ဆိုင်မှုသည် အစိုးရကအသိမှတ်ပြုထားသည့် တရားဝင် ပိုင်ဆိုင်မှုမဟုတ်ကြောင်းသတိပေးခဲ့သည်။ သို့သော် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ဒေသခံတို့၏ ဆက်လက်သတင်းပေးပို့ချက်အရ၂၀၁၇ခုနှစ် ဇွန်လတွင်အိမ်ခြေပေါင်း ၅၀၀၀ခန့်အထိရောင်းချကာတိုးချဲ့နေထိုင်နေကြကြောင်းသိရသည်။

အစိုးရအဖွဲ့ကမြေကွက်များဝယ်ယူဆောက်လုပ်နေသူများကိုထပ်မံသွားရောက်တွေ့ဆုံကာမြေယာများဝယ်ယူနေထိုင်နေခြင်းသည် တရားမဝင်ကြောင်း၊ မကြာခင်တွင် အစိုးရဘက်မှ စီမံချက်ဖြင့် ပြန်လည်ရပ်ဆိုင်းမည်ဖြစ်ကြောင်းရှင်းပြခဲ့သော်လည်းမြေကွက်ဝယ်ယူနေထိုင်သူတို့ကဒီကေဘီအေအဖွဲ့မှ တာဝန်ခံနှင့်သာတိုက်ရိုက်ပြောဆိုရန် ပြန်လည်တုံ့ပြန်ခဲ့သည်။

အစိုးရကအရေးယူဆောင်ရွက်

အိမ်ရာစီမံကိန်းစတင်ပြီး နှစ်နှစ်ကျော်ခန့်အကြာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေအိမ်များကိုတရားဝင် ဖျက်သိမ်းရန် စတင်လုပ်ဆောင်လာတော့သည်။ သစ်တောဦးစီးဌာနပိုင်မြေများပေါ်တွင် ကျူးကျော်ရောက်ရှိနေသည့် အိမ်များကိုဖယ်ရှားရန် ၂၀၁၈ခုနှစ် ဇွန်လကတည်းကသတိပေးစာများကိုတာဝန်ရှိသူများကစီမံကိန်းဧရိယာအတွင်းကပ်ခဲ့ကြသည်။ သို့သော် သတိပေးစာသွားကပ်သည့် သစ်တောဝန်ထမ်းများကိုမြေယာဝယ်ယူထားသူများကစုပေါင်းရန်ရှာကြသဖြင့် ဖျက်သိမ်းရေးကိစ္စများကိုကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ရကြောင်း မြဝတီမြို့နယ် သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဦးကျော်မျိုးသူကရှင်းပြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်သည့် အိမ်ရာဖျက်သိမ်းရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အစိုးရပိုင်မြေပေါ်ရှိအိမ် အလုံး ၃၀ ကျော်ကိုကနဦးဖျက်သိမ်းရှင်းလင်းခဲ့သည်။

“သစ်တောကြိုးဝိုင်းနေရာတွေကိုမူလအတိုင်း ပြန်ရှင်းလင်းပြီးဖယ်ထားမယ်။ အစိုးရပိုင်မြေတွေကိုလည်း ပြန်ရှင်းလင်းရမယ်။ အဲ့ဒီနေရာကဝယ်ယူထားတဲ့လူတွေကိုတော့ ကရင်ပြည်နယ်အစိုးရကတစ်ဖက်ရွာထဲမှာပဲ ပြန်နေရာချပေးမယ်လို့သိရတယ်။ မြေကွက်တန်ဖိုးကိုတော့ အစိုးရဘက်ကို ပြန်လည် ပေးသွင်းရပါမယ်”ဟုဦးကျော်မျိုးသူကရှင်းပြသည်။

ဒီကေဘီအေမှ တပ်ခွဲမှူး စောညီညီကိုမူ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် တပ်မတော်ကဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လိုအပ်သည်များကိုစစ်ဆေးပြီးနောက် အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်းကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က Frontier ကို သြဂုတ်လ ၂၀ရက်က ပြောခဲ့သည်။

“အန်တီတို့ ကြားသိရတာကတော့ တပ်မတော်ကဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာကသူကဒီကေဘီအေတပ်ဖွဲ့ထဲကိုမဝင်ခင်မှာတပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တယ်။ အဲ့ဒီကနေမှ တိမ်းရှောင်လာပြီးဒီကေဘီအေဘက်မှာအဖွဲ့ဝင်လာလုပ်နေတာကြောင့်လို့ သိရတယ်။”ဟုဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

တပ်မတော်ကဖမ်းဆီးထိန်းသိမ်းပြီးနောက် တပ်ခွဲမှူး စောညီညီကိုတရားမဝင် မြေယာဖော်ဆောင်မှု၊ မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းအတု ပြုလုပ်မှု စသည့် အမှုပေါင်းများစွာတို့ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ကတရားစွဲထားသဖြင့် တပ်မတော်ကအရပ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

တပ်ခွဲမှူးစောညီညီကိုဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းကိုကရင်ပြည်နယ်ဝန်ကြီးချုပ်ကယခုနှစ် မတ်လ ၅ရက်တွင် စီမံကိန်းဧရိယာသို့ ထပ်မံသွားရောက်ခဲ့ပြီးမြေကွက်ဝယ်ယူနေထိုင်သူများကိုပြောပြခဲ့ပြီးအိမ်ရာဖျက်သိမ်းရေးကိုမကြာမီလုပ်ဆောင်မည်ဟုကြေညာခဲ့သည်။

“အန်တီအဲ့ဒီမြေဝယ်ထားတဲ့သူတွေကိုသွားတွေ့ပြီးတရားမဝင်လို့ ဖျက်သိမ်းရမယ်လို့ ရှင်းပြတော့ သူတို့ကသူတို့လည်းပိုက်ဆံပေးဝယ်ထားရတာမို့ နစ်နာတယ်။အစိုးရဘက်ကတစ်ခုခုလုပ်ပေးဖို့ တောင်းဆိုကြတယ်”ဟုဝန်ကြီးချုပ်ကပြောသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်နေရာချထားရေးကော်မတီဖွဲ့ကာအိမ်ဖျက်သိမ်းခံရသူများကိုနေရာပြန်လည်ချထားပေးမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်းဒေါ်နန်းခင်ထွေးမြင့်ကရှင်းပြသည်။

“အန်တီတို့ကတော့ သင့်တော်တဲ့နေရာပြန်ပေးမယ်၊ ဒါပေမဲ့ မြေယာငှားရမ်းခအဖိုးအခတစ်ခုကိုတော့ သတ်မှတ်ထားတာရှိမယ်။ အဲ့တာတော့ နိုင်ငံတော်ကိုပြန်သွင်းပေးရမယ်လို့ ပြန်ပြောခဲ့တယ်”ဟုဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

အိမ်ယာအတွင်းနေထိုင်သူများကအစိုးရကိုအခွန်ပေးရန် မူလက ငြင်းဆန်ခဲ့ပြီးနောက် တရားဝင်ပိုင်ဆိုင်မှု ပြေစာရမည်ဆိုသဖြင့် ပြန်လည်လက်ခံခဲ့ကြောင်း ၎င်းကပြောသည်။

“သူတို့ကပိုက်ဆံတစ်ခါပေးပြီးပြီဆိုတော့ ထပ်မပေးချင်တော့ဘူးလေ။ ဒါပေမဲ့ ဒါက နိုင်ငံတော်ပိုင်မြေဆိုတော့ နိုင်ငံတော်ကိုအခွန်ပေးရမှာလုပ်ထုံးလုပ်စဉ်ပဲ။ ပြီးတော့ အလွန်သက်သာတဲ့ အဖိုးအခဖြစ်မှာကြောင့် အဆင်ပြေမှာပါ”ဟုဒေါ်နန်းခင်ထွေးမြင့်ကရှင်းပြသည်။

ရွှေမြစန္ဒီအိမ်ရာရှိ နေအိမ်တစ်လုံး။ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရွှေမြစန္ဒီအိမ်ရာရှိ နေအိမ်တစ်လုံး။ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အိမ်ယာစီမံကိန်းနှင့်ပတ်သတ်ပြီးဒီကေဘီအေတပ်ဖွဲ့ဝင် ခေါင်းဆောင်ပိုင်းများကိုလာရောက်တွေ့ဆုံဖြေရှင်းရန် စီမံကိန်းအကောင်အထည်ဖော်စဉ်ကတည်းကစာပို့ခဲ့သော်လည်းမည်သို့မှ ပြန်လည်တုံ့ပြန်မှု မရခဲ့ကြောင်းကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်ကရှင်းပြသည်။

“စောညီညီကိုမထိန်းသိမ်းခင်ကတည်းကဒီကေဘီအေကခေါင်းဆောင်ပိုင်းတွေကိုလာရှင်းပြပေးဖို့ ခေါ်ခဲ့သေးတယ်။ စောမိုရှေး၊ စောစတီး၊ စောညီညီသုံးယောက်ပေါ့။ တစ်ယောက်မှ မလာကြတော့ နောက်ပိုင်းအိမ်ရာနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးသူကိုပဲအရေးယူခဲ့ရတယ်”ဟုဗိုလ်မှူးကြီးမျိုးမင်းနောင်ကရှင်းပြသည်။

တပ်ခွဲမှူးစောညီညီကိုဖမ်းဆီးထိန်းသိမ်းပြီးနောက် ဒီကေဘီအေအဖွဲ့ဘက်ကလည်းမတ်လ ၅ရက်တွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းသည် ဒီကေဘီအေတပ်ဖွဲ့ကိုကိုယ်စားပြုကာအကောင်အထည်ဖော် လုပ်ဆောင်နေခြင်းမဟုတ်ဘဲတပ်ခွဲမှူးစောညီညီကသာ ၎င်း၏ သဘောထားဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်ထုတ်ခဲ့သည်။

ဒီကေဘီအေတပ်ဖွဲ့အနေနှင့် အိမ်ရာကိစ္စကိုကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုအတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့ကဦးဆောင်ကာလွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာလူကြီးများ၊ ရပ်မိရပ်ဖများပါဝင်သည့် ပြန်လည်နေရာချထားပေးရေးကော်မတီကိုမတ်လ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

nswks-28.jpg

 title=

title=

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar