ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရန်နှင့် စီးပွးရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က ဆက်လက်ကူညီသွားမည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ အက်ဇဲလ်ဗန်ထရော့စင်းဘာ့ဂ်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ အက်ဇဲလ်ဗန်ထရော့စင်းဘာ့ဂ်တို့ တွေ့ဆုံကြစဉ်။ ဓာတ်ပုံ- NLD Chairperson Facebook
နေပြည်တော်သို့ ရောက်ရှိနေသည့် ၎င်းသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံအား လက်ရှိပေးနေသော အကူအညီများအပြင် ဆက်လက်ပေးအပ်သွားမည့် အကူအညီများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှုကြောင့် သိသာထင်ရှားတဲ့ စီးပွားရေး တိုးတက်မှုတွေ မြင်ခဲ့ရပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်နှစ်ကို ပျမ်းမ ျှ ခုနစ်ရာခိုင်နှုန်းလောက် တိုးတက်ခဲ့ပါတယ်။ ဒါဟာ အရှေ့အာရှရဲ့ အမြန်ဆုံးစာရင်းဝင်ပါပဲ” ဟု ဗန်ထရော့စင်းဘာ့ဂ်က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
နေရာဒေသအနှံ့အပြားရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဝင်ငွေအနည်းအများ ကွဲပြားမှု အမျိုးမျိုးရှိနေသော ပြည်သူအများအပြားအတွက် အကျိုးရှိစေမည့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများဆီ တက်လှမ်းရန် အခွင့်အလမ်း ရှိနေပြီဖြစ်ကာ ကမ္ဘာ့ဘဏ်အနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဟု ၎င်းကပြောကြားသည်။
၎င်းနှင့် မြန်မာခေါင်းဆောင်များသည် စီးပွားရေး မူဝါဒများကို အဓိက ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်၏ မူဝါဒရေးရာ အကြံပြုချက် စာတမ်းများကိုလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်သည်။
သတင်း- Frontier