ကျော်ရဲလင်း ရေးသားသည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုကြီးအပြီးတွင် ပျက်စီးခဲ့သည့် အဆောက်အအုံများအတွက် လျော်ကြေးပေးရန် ကမ်းလှမ်းမှုများကို ကြိုဆိုသော်လည်း ပစ်မှတ်လွဲသွားသည့် ကျည်ဖူးများအားလုံး ပြန်လည် မတွေ့တော့ရှိမည်နှင့် မပေါက်ကွဲအောင် မပြုလုပ်နိုင်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ယခုလအစောပိုင်းက ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးကို ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက် ကမ်းရိုးတန်းအနီး ပြုလုပ်ခဲ့ပြီးနောက် ပစ်မှတ်လွဲသွားပြီး မပေါက်ကွဲသေးသည့် အမြောက်ဆန်များ၊ ဗုံးများကြောင့် ထိုကမ်းရိုးတန်းပေါ်ရှိ ရွာများတွင် နေထိုင်သူများက စိုးရိမ်လျက်ရှိကြသည်။
ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်နေ့အတွင်းက ငွေသောင်ယံကမ်းခြေ၏ မြောက်ဖက် ကီလိုမီတာအနည်းငယ်ခန့်အကွာတွင် ပြုလုပ်ခဲ့သည် စစ်ရေးလေ့ကျင့်မှုသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း တပ်မတော်က ပြုလုပ်သည့် အကြီးမားဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ၁၇၆၃ မှ ၁၇၇၆ ခုနှစ်များအတွင်း တရုတ်၊ ထိုင်းတို့နှင့် တိုက်ခိုက်ခဲ့သည့် စစ်ပွဲများကို အနိုင်ရရှိခဲ့သည့် ကုန်းဘောင်မင်းဆက် တစ်ဦးဖြစ်သူ ဆင်ဖြူရှင်ကို အစွဲပြုပြီး စစ်ရေးလေ့ကျင့်မှုကို “ဆင်ဖြူရှင်” ဟု တပ်မတော်က အမည်ပေးခဲ့သည်။
စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၈,၀၀၀ ပါဝင်သည်ဟု သိရပြီး စစ်သင်္ဘောများမှ ဒုံးကျည်များဖြင့် ပစ်မှတ်များသို့ ပစ်ခတ်သည့် လေ့ကျင့်ခန်းများ၊ ထို့နောက် ယင်းပစ်မှတ်များကိုပင် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များက တိုက်ခိုက်ပြီးနောက် ကမ်းခြေသို့ တက်ရောက်ကာ ခြေလျင်တပ်များက သိမ်းပိုက်သည့် လေ့ကျင့်ခန်းများ ပါဝင်ခဲ့သည်။ လေ့ကျင့်သည့် တပ်ဖွဲ့ဝင်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးခဲ့ပြီး အောင်မြင်မှုရှိသည့် လေ့ကျင့်မှုအဖြစ် ပြောကြားခဲ့သည်။
သို့သော်လည်း လေ့ကျင့်မှုအတွင်း ပစ်မှတ်လွဲချော်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ်က ရေးသားဖော်ပြထားသည်။ နည်းပညာအမှား၊ သို့မဟုတ် လူအမှားကြောင့် ပစ်မှတ်များ လွဲချော်သည်ကို တပ်မတော်က သိရှိရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
ထို့ကြောင့် ပိုမိုလေ့ကျင့်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောကြားခဲ့သလို တိုက်ခိုက်ရေးစွမ်းရည်ကို ပိုပြီးမြင့်မားရန် လေ့ကျင့်မှုအား ပြန်လည်သုံးသပ်ရန် လိုအပ်သည့်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
လေ့ကျင့်မှုအတွင်း ပစ်မှတ်လွဲချော်မှု များစွာရှိခဲ့သည်မှာ သိသာထင်ရှားကြောင်း လေ့ကျင့်မှုကို သတင်းရယူခဲ့သည့် သတင်းသမားတစ်ဦးက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် Frontier သို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ “လွဲချော်မှုတွေကို ကျွန်တော်တို့အားလုံး သတိပြုမိပေမယ့် စစ်ဘက်အရာရှိတစ်ဦးက အစပိုင်းမှာတော့ ငြင်းပါတယ်” ဟုအမည်မဖော်လိုသည့် ၎င်းသတင်းထောက်က ပြောသည်။
အစိုးရပိုင် သစ်တောကြိုးဝိုင်း၏ စုစုပေါင်းဧက ၅၀၀,၀၀၀ ကို စစ်ရေးလေ့ကျင့်မှုအတွက် သတ်မှတ်ခဲ့သည်ဟု သတင်းများတွင် ရေးသားထားသည်။ သို့သော် ရွှေသောင်ယံကမ်းခြေမြောက်ဘက် ကျွန်းဆွယ်တစ်ခုပေါ်ရှိ ကရင်တိုင်းရင်းသားအများစု နေထိုင်သော ဝက်သေးရွာတွင် တင့်ကားအစီး ၂၀ ကို လေ့ကျင့်မှုအတွင်း ထားရှိခဲ့သည်။ ၎င်းရွာသည် သစ်တောကြိုးဝိုင်းအတွင်း ပါဝင်ခြင်းမရှိဟု ရွာသားများက ပြောကြားကြသည်။ သားစဉ်မြေးဆက် ဒေသခံများကသာ ပိုင်ဆိုင်သည်ဟုလည်း ၎င်းတို့ကဆိုသည်။
လေ့ကျင့်မှုအတွင်း ပစ်မှတ်လေ့ကျင့်ရန် ကျေးရွာသားအချို့ပိုင်ဆိုင်သည့် မြေကို အသုံးပြုခဲ့ပြီး အနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် ပစ်မှတ်လွဲချော်ခဲ့သော ဗုံးတစ်လုံးကြောင့် ရွာမှ အိမ်တစ်လုံး ပျက်စီးသွားခဲ့သည်ဟု ဝက်သေး ပါဝင်သည့် သဲကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး စောဟယ်ထူးက ပြောကြားသည်။
“အိမ်ကိုပြန်ဆောက်ပေးမယ်လို့ တပ်မတော်က ကတိပြုခဲ့ပါတယ်။ လျော်ကြေးပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး နောက်ထပ် ဘာမှမကြားရသေးပေမယ့် ကျွန်တော်တို့ကတော့ ဒီအိမ်ကို ပြင်နေပါတယ်” ဟု ဟယ်ထူးက ပြောသည်။ အိမ်မှာ ပုသိမ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။
ပစ်မှတ်လေ့ကျင့်ရန်အတွက် အသုံးပြုသည့် တောင်ကုန်းသည် ၁ ဒသမ ၂ ဧကခန့် ကျယ်ဝန်းပြီး ၎င်းကို နော်အယ်လ်ဇေးတဆိုသူ အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟု ဟယ်ထူးက ပြောကြားသည်။ ပစ်မှတ်ဧရိယာ နောက်တစ်ခုကို ကလဲကိုးဆိုသူ အမျိုးသားတစ်ဦးက ပိုင်ဆိုင်သည်။ အဆိုပါ နေရာနှစ်ခုလုံးမှာ ကြိုဝိုင်းသစ်တောတွင် ပါဝင်နေခြင်း မရှိပေ။ လေ့ကျင့်မှုအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အိမ်ယာအဆောက်အဦများကို ၎င်းကစာရင်း ပြုစုထားသည်။
“ပျက်စီးမှုအားလုံး မှတ်တမ်းတင်ထားဖို့ ကျွန်တော်ကို ခိုင်းခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော် ကောင်းကောင်းသိတယ်။ သာဓကအနေနဲ့ နော်အယ်ဇေးတားရဲ့ မြေပေါ်က အုန်းပင်တစ်ပင်နဲ့ ရာဘာပင်၂၀၀ လောက် ပျက်စီးသွားတယ်လို့ စာရင်းမှတ်ထားခိုင်းတာပါ” ဟု ဟယ်ထူးက ဆိုသည်။ စာရင်းကို ရွှေသောင်ယံမြို့နယ်ခွဲ အုပ်ချုပ်ရေးရုံးနှင့် ကျွန်းဆွယ်တွင် အခြေစိုက်သော အမှတ် ၃၆ ခြေမြန်တပ်ရင်းသို့ ပေးပို့ခဲ့သည်။.
စာရင်းကို အခြေခံ၍ ရွာသားများကို တပ်မတော်က လျော်ကြေးပေးမည်ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အမှတ် ၃၆ တပ်ရင်းမှ အရာရှိများက ပြောကြားခဲ့ကြသော်လည်း သတင်းမကြားရသေးကြောင်း ဟယ်ထူးက ပြောကြားသည်။ “ပျက်စီးတာတွေ ကာမိစေဖို့ ရွာသားတွေ လျော်ကြေးရလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ၎င်းက ပြောသည်။
ယခုနေရာတွင် ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုမျိုးကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်က နောက်ဆုံးပြုလုပ်ခဲ့ဖူးကြောင်း ရွာသားအချို့က ပြန်ပြောင်း ပြောပြသည်။ ထိုစဉ်က ၎င်းတို့ကို အန္တရာယ်ကင်းစေရေး ကြိုတင်သတိပေးမှုအဖြစ် အခြားရွာများသို့ ရွှေ့ပြောင်းနေကြရန် ဖိအားပေးခံခဲ့ရသည်ဟု ၎င်းတို့က ပြောကြားသည်။ ထိုစဉ်က အာဏာရ စစ်အစိုးရသည် စစ်ရေးလေ့ကျင့်မှုကြောင့် ဒေသခံများအတွက် ထိခိုက်နစ်နာမှုများအပေါ် စိုးရိမ်မှုအနည်းငယ်ပင် မပြသခဲ့ဟု ဒေသခံများက ပြောသည်။
“အဲဒီတုံးက ခွေးတွေ၊ နွားတွေအပါအဝင် ပိုင်ဆိုင်တာတွေအားလုံးယူပြီး ကျွန်တော်တို့ အုန္နဲချောင်းရွာကို ရွှေ့ခဲ့ရတယ်။ အဲဒီမှာ ၁၀ ရက်လောက်အထိ နေခဲ့ရတာ”ဟု ကျူတောရွာရှိ အသက် ၅၂ နှစ်အရွယ် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ ၎င်းရွာသည် ဝက်သေး၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ “ဝက်သေးရွာသားတွေလည်း အုန္နဲချောင်းကို ရွှေ့ရတာပဲ” ဟု ၎င်းက Frontier ကို ဖေဖော်ဝါရီ ၈ ရက်နေ့က တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။ “အဲဒီလေ့ကျင့်မှုတုန်းက ကျွန်တော်တို့အိမ်က တချို့ပစ္စည်းတွေ အခိုးခံခဲ့ရတယ်” ဟု ၎င်းကဆိုသည်။
ယခုအကြိမ်တွင်မူ တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောကြားမှုများ တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဆင်ဖြူရှင်လေ့ကျင့်မှုအတွင်း ကျူတောရွာအနေဖြင့် တခြားနေရာသို့ ပြောင်းရွှေ့ရန် မလိုအပ်ခဲ့ပေ။ သို့သော် ဝက်သေးရွာသူ ရွာသားများမှာမူ ဒီဇင်ဘာလကတည်းက နေ့လည်ခင်းအချိန်များတွင် လေ့ကျင့်ရာဒေသ၏ အပြင်ဘက်သို့ ၁၄ ကြိမ် ရွှေ့ပေးရသည်။
“ကျွန်တော်တို့ မနက်စောစော ရွာကထွက်ပေးရတယ်။ ညနေစောင်းမှ ပြန်လာရတယ်” ဟု ဝက်သေးရွာမှ နှစ်ချင်းခရစ်ယာန် ဘုန်းတော်ကြီး စောကေရေရှိုးက ပြောသည်။ “အဲဒီရက်တွေက ကျွန်တော်တို့ ပြောင်းဖို့ ရွှေ့ဖို့ စစ်ကားတွေ စီစဉ်ပေးတယ်။ ရိက္ခာခြောက်တွေလည်း ပေးပါတယ်”ဟု ၎င်းကပြောသည်။ ၎င်းတို့မရှိချိန်များတွင် ၎င်းတို့ ကျေးရွာနှင့် နေအိမ်များအား စစ်ရဲများက စောင့်ရှောက်ပေးသည်ဟုလည်း ၎င်းကဆိုသည်။
“တပ်မတော်က ပြည်သူတွေအပေါ် သဘောထား ပြောင်းလာတယ် ထင်တယ်။ ကျွန်တော်တို့ကို ကောင်းကောင်း ဆက်ဆံတယ်”ဟုလည်း ၎င်းကပြောသည်။ သို့သော်လည်း မပေါက်ကွဲသေးသည့် လက်နက်များနှင့် ပတ်သက်၍ ရွာသားများက စိုးရိမ်နေကြဆဲဖြစ်သည်။ အနီးရှိသစ်တောထဲမှ မပေါက်ကွဲသေးသည့် ဗုံးနှင့် အမြောက်ဆန် ၁၁ ခုခန့် တွေ့ရှိပြီးနောက် ရွာသားများက တပ်မတော်ထံ သတင်းပို့ခဲ့ကြရာ ယင်းလက်နက်များကို အန္တရာယ်မဖြစ်အောင် ပြုလုပ်ခဲ့ရသည်ဟု အမည်မဖော်လိုသည့် ဝက်သေးရွားသားတစ်ဦးက ပြောသည်။
“သတင်းထဲမှာတော့ ကျွန်တော်နာမည်ကို မထည့်ပါနဲ့ဗျာ။ တပ်မတော်အရာရှိတွေက ကျွန်တော်ကို မုန်းမှာစိုးရိမ်လို့ပါ” ဟု ၎င်းက Frontier ကို တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။ “ဒါပေမယ့် ခင်ဗျားကိုတော့ ကျွန်တော် ပြောပြမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိုးရိမ်သောကတွေကို သူတို့ နားလည်စေချင်တယ်” ဟု ၎င်းကပြောသည်။ ထို့အပြင် နောက်ထပ်မပေါက်ကွဲသည့် လက်နက်ခဲယမ်းများ တွေ့ရှိမည်ကို ရွာသားများက စိုးရိမ်လျက်ရှိသည်ဟု ဆိုသည်။
တောနက်ထဲတွင် မပေါက်ကွဲသေးသည့် ဗုံးဆံများအား မြင်တွေ့ရရန်မှာ အလွန်ခဲယဉ်းသည်ဟုလည်း ၎င်းကဆိုသည်။ “တပ်မတော်က ဒါတွေကို ရှင်းပေးရင် သိပ်ကောင်းမှာပဲ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ညီညီထွန်းကမူ မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်စရာမလိုဟု ပြောကြားသည်။
“လေ့ကျင့်ရာမှာ ကျည်တွေဘယ်လောက်သုံးပြီး မပေါက်ကွဲတာ ဘယ်လောက်ရှိတယ်ဆိုတာ မှတ်တမ်းတင်ထားပါတယ်” ဟု ၎င်းက Frontier ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က တယ်လီဖုန်းဖြင့် ပြောကြားသည်။ သို့သော်လည်း လေ့ကျင့်မှုအတွင်း ပစ်မှတ်လွဲချော်ခဲ့သည့် ကျည်ဖူးအရေအတွက်နှင့် ပတ်သက်၍ ပြောကြားခြင်းမရှိပေ။
“လေ့ကျင့်မှုအပြီး မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေအားလုံးကို ရှာဖွေ၊ ဖယ်ရှား၊ ဖျက်ဆီးပစ်မှာပါ” ဟု ၎င်းက ပြောသည်။ “ရွာသားတွေ အကောင်းဆုံး လုပ်နိုင်တာကတော့ လက်နက်၊ ဒါမှမဟုတ် အမြောက်ဆန်၊ ဗုံးတို့နဲ့ တူတဲ့အရာတွေ့ရင် ဒေသခံ စစ်စခန်းကို သတင်းပို့ပေးဖို့ပါ” ဟုလည်း ၎င်းကပြောကြားသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။