နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Uber က ၎င်း၏ အရှေ့တောင်အာရှလုပ်ငန်းကို ပြိုင်ဘက်ဖြစ်သည့် Grab ထံ ရောင်းချရန် ဆုံးဖြတ်လိုက်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
စင်ကာပူအခြေစိုက် Grab က အမေရိကန်အခြေစိုက် Uber ၏ ဒေသတွင်း လုပ်ငန်းများကို လွှဲပြောင်း ရယူသွားမည်ဖြစ်သည်။ သို့သော် Uber က အဆိုပါလုပ်ငန်း၏ ရှယ်ယာ ၂၇ ဒသမ ၅ ရာခိုင်နှုန်းကို ဆက်လက် ရရှိထားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းနှစ်ခုလုံးသည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ကြသည်။ အရှေ့တောင်အာရှဒေသတွင် ဈေးကွက်အခိုင်အမာ ရရှိထားသည့် Grab က ရန်ကုန်မြို့တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက စတင်ကာ တရားဝင်ပြေးဆွဲခဲ့သည်။ သို့သော် Uber က ၎င်းမတိုင်မီ ဧပြီလကတည်းက ရန်ကုန်တွင် စတင်လုပ်ကိုင်ခဲ့သည်။
“ယနေ့မှာ ဈေးကွက်ရယူလိုက်မှုဟာ ခေတ်သစ်တစ်ခုရဲ့ အစဖြစ်ပါတယ်” ဟု Grab ၏ အမှုဆောင်အရာရှိချုပ် အန်တိုနိတန်က ပြောကြားသည်။ နည်းပညာအခြေပြု အငှားယာဉ်လုပ်ငန်း ပလက်ဖောင်းနှင့် ကုန်ကျစရိတ်သက်သာမှုတို့အတွက် ယခုကဲ့သို့ ပေါင်းစည်းလိုက်သည့်လုပ်ငန်းက ဦးဆောင်သူဖြစ်လာလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၂ ခုနှစ်က လုပ်ငန်းစတင်ခဲ့သည့် Grab သည် လူဦးရေ သန်း ၆၅၀ ရှိသည့် အရှေ့တောင်အာရှ ဒေသတွင် လုပ်ငန်းချဲ့ထွင်ရန်အတွက် ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံနေသည်။ လက်ရှိအချိန်တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများ၌ ယာဉ်မောင်း ၂ ဒသမ ၁ သန်းကျော်နှင့် ချိတ်ဆက်လုပ်ကိုင်နေသည်။
မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို အခြေပြုသည့် အငှားယာဉ်ဝန်ဆောင်မှုများလုပ်ငန်းများအကြား ပြိုင်ဆိုင်မှုသည် အရှေ့တောင်အာရှဒေသတွင် ပြင်းထန်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သည် လက်ရှိထက် ငါးဆတိုးလာပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလျံတန်ဖိုးရှိလာမည်ဟု စင်ကာပူနိုင်ငံမှ Temasek က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။